ကလေးသူငယ် အခွင့်အရေးများအား ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန် ပြင်ဆင်ရေးဆွဲနေသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို လွှတ်တော်သို့ မကြာမီတင်သွင်းမည်

ကလေးသူငယ် အခွင့်အရေးများအား ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန် ပြင်ဆင်ရေးဆွဲနေသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို လွှတ်တော်သို့ မကြာမီတင်သွင်းမည်
Published 27 September 2017

ကလေးသူငယ် အခွင့်အရေးများကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန် ခေတ်ကာလနှင့်အညီ ပြင်ဆင်ရေးဆွဲနေသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ နောက်ဆုံးအဆင့်ရောက်ရှိနေပြီး မကြာမီ လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောကြားသည်။

“ဥပဒေနဲ့ အပြစ်ပေးတာထက်စာရင် ဥပဒေနဲ့ လိုက်နာဆောင်ရွက်ရင် ပိုကောင်းတာပေါ့နော်။ အဲဒီအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြင်ဆင်ရေးဆွဲနေတာ နောက်ဆုံးအဆင့် ရောက်နေပါပြီ။ ဒီလွှတ်တော်မှာ ဥပဒေသစ် ပေါ်လာပါတော့မယ်” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောကြားသည်။

ပြင်ဆင်ရေးဆွဲနေသည့် ဥပဒေကို ကလေးသူငယ် အခွင့်အရေးလေးရပ်ဖြစ်သည့် ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့်၊ အသက်ရှင်သန်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့် စသည့်အခွင့်အရေးများ အပြည့်အ၀ အကောင်အထည်ဖော်နိုင်ရန် ပြင်ဆင်ရေးဆွဲထားကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေ ထုတ်ပြန်ခဲ့တာပေါ့နော်။ ထုတ်ပြန်ခဲ့တဲ့အပိုင်းမှာ ခေတ်အခြေအနေနဲ့ လိုအပ်ချက်ကလေးတွေ ရှိတာပေါ့။ အထူးသဖြင့် ကုလသမဂ္ဂ ကလေးသူငယ် အခွင့်ရေးဆိုင်ရာ သဘောတူစာချုပ်မှာပါတဲ့ အချက်လေးတွေ၊ တချို့ဟာတွေက ဥပဒေပြဋ္ဌာန်းတဲ့အချိန်မှာ လိုအပ်နေတာပေါ့။ ဥပမာ ကလေးမွေးစားခွင့်ပေးတာမျိုး၊ ကလေးအလုပ်သမားနဲ့ သက်ဆိုင်တဲ့ကဏ္ဍမျိုး၊ နောက်တစ်ခုက အသက်အရွယ်မပြည့်မီ စစ်မှုထမ်းဆောင်တာမျိုး၊ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်တဲ့ကလေးမျိုးတို့ အဲဒီလိုအခန်းမျိုးလေးတွေကို ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေသစ်မှာ အခန်းတွေတိုးချဲ့ပြီး ထည့်သွင်းရေးဆွဲထားပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားသည်။

“အခုဆိုရင် ကလေးသူငယ်တွေကို အလွဲသုံးစားပြုမှုတွေ၊ အိမ်တွေမှာ ခိုင်းစေတဲ့ကလေးတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ၊ ဒါတွေကို ဥပဒေနဲ့အညီ အခုဆိုရင် အရင်ဥပဒေနဲ့ အရေးယူတယ်။ နောင်အသစ်ထွက်မယ့် ဥပဒေမှာဆိုရင်လည်း ပိုပြီးတိတိကျကျနဲ့ အရေးယူနိုင်မယ့် အနေအထားမျိုးရှိတာပေါ့” ဟု ဦးအောင်ကျော်မိုးက ဆက်လက်ပြောကြားသည်။

ပြင်ဆင်ရေးဆွဲနေသည့် ယခုဥပဒေတွင် ကလေးသူငယ် အသက်အရွယ်ကို ၁၆ နှစ်အောက်မှ ၁၈ နှစ်အောက်သို့ ပြောင်းလဲထားကြောင်း သိရသည်။

ထို့ပြင် ကလေးသူငယ်ဆိုင်ရာ ပရဟိတဂေဟာများကိုလည်း စည်းကမ်းတကျ ဆောင်ရွက်ခြင်းမပြုပါက ပိတ်သိမ်းသည်အထိ အရေးယူနိုင်သည့် ပြစ်ဒဏ်များကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

Most Read

Most Recent