ရန်ကုန်စတော့အိတ်ချိန်းစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ရန် လိုအပ်ချက်များရှိပါက တင်ပြရန်နှင့် စျေးကွက်ပြောင်းလဲမှုကို အစဉ်မပြတ် လေ့လာသုံးသပ်ရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

ရန်ကုန်စတော့အိတ်ချိန်းစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ရန် လိုအပ်ချက်များရှိပါက တင်ပြရန်နှင့် စျေးကွက်ပြောင်းလဲမှုကို အစဉ်မပြတ် လေ့လာသုံးသပ်ရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မှု အခြေအနေအား ဖော်ပြထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မှု အခြေအနေအား ဖော်ပြထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 11 October 2018
ဇေယျာငြိမ်း

ရန်ကုန်စတော့အိတ်ချိန်းစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ရန် လိုအပ်ချက်များရှိပါက တင်ပြရန်နှင့် လက်ရှိစျေးကွက်တွင် ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို အစဉ်မပြတ် လေ့လာသုံးသပ်နေရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

အောက်တိုဘာ ၈ ရက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်စတော့အိတ်ချိန်းသို့ သွားရောက်၍ ရန်ကုန်စတော့အိတ်ချိန်း၏ စတော့ရှယ်ယာ အရောင်းအဝယ် ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အများပြည်သူသို့ ရန်ကုန်စတော့အိတ်ချိန်းနှင့် ပတ်သက်သည့် ပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ First Myanmar Investment Co,Ltd.(FMI)၊ Myanmar Thilawa SEZ Holdings Public Ltd.(MTSH)၊ Myanmar Citizens Bank Ltd.(FPB)၊ TMH Telecom Public Co,Ltd.(TMH) များက စာရင်ဝင်ကုမ္ပဏီများအဖြစ် ရှယ်ယာများ ရောင်းချနေခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ စက်တင်ဘာလ အရောင်းအဝယ်ဖြစ်မှု ကျပ်သိန်း ၉၅၀၀ ကျော်သာရှိပြီး MCB ရှယ်ယာမှာ ကျပ်၂၉၇ သိန်းကျော်နှင့် TMH ရှယ်ယာမှာ ကျပ် ၃၇၇ သိန်းကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

FMI ၏ ရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် ၁၀၀ နှင့် အစုရှယ်ယာ ၂၀ လျှင် ရှယ်ယာတစ်စု Bonus Share ခွဲဝေပေးမှု၊ MTSH ရှယ်ယာတစ်စု ကျပ် ၂၃၀၊ FPB ရှယ်ယာတစ်စု ကျပ် ၂၀၀၀၀၊ MCB ရှယ်ယာတစ်စု ကျပ် ၂၀၀ နှင့် TMH ရှယ်ယာတစ်စု ကျပ် ၂၀၀ အမြတ်ခွဲဝေပေးမည်ဟု ကြေညာခဲ့မှုများကြောင့် ရန်ကုန်စတော့အိတ်ချိန်း၏ ဇူလိုင်လ အရောင်းအဝယ်ဖြစ်မှု ပြန်လည်မြင့်တက်လာပြီး ယခုနှစ်အတွင်း အများဆုံးအဖြစ် ကျပ် ၁ ဒသမ ၂၃ ဘီလျံကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီးနောက် သြဂုတ်လတွင်လည်း ဆက်လက်မြင့်တက်ခဲ့ကာ ယခုနှစ် ရှစ်လအတွင်း အများဆုံးအဖြစ် ကျပ် ၁ ဒသမ ၅ ဘီလျံကျော်ဖိုး ရောင်းချနိုင်ခဲ့ပြီးနောက် စက်တင်ဘာလတွင် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ 

တစ်ရက်လျှင် လေးကြိမ် စျေးကွက်အရောင်းအဝယ် ပြုလုပ်နေသည့် ရန်ကုန်စတော့အိတ်ချိန်း၏ စက်တင်ဘာလအတွင်း အရောင်းအဝယ် ဖြစ်ပေါ်မှုများမှာ FMI က ကျပ်သိန်း ၃၃၀၀ ကျော်၊ MTSH က ကျပ် သိန်း ၄၇၀၀ ကျော်၊ FPB က ကျပ် ၇၁၆ သိန်းကျော်၊ MCB ရှယ်ယာမှာ ကျပ်၂၉၇ သိန်းကျော်နှင့် TMH ရှယ်ယာမှာ ကျပ် ၃၇၇ သိန်းကျော် အရောင်းအဝယ် ဖြစ်ပေါ်ထားသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း$ ရှယ်ယာ စျေးနှုန်းများမှာ FMI ရှယ်ယာတစ်စုကို ကျပ် ၁၀,၅၀၀၊ MTSH ရှယ်ယာတစ်စုကို ကျပ် ၂,၉၀၀၊ MCB ရှယ်ယာတစ်စုကို ကျပ် ၇,၁၀၀၊ FPB ရှယ်ယာတစ်စုကို ကျပ် ၂၄,၅၀၀၊ TMH ရှယ်ယာတစ်စုကို ကျပ် ၂,၈၀၀ အသီးသီးရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။