ကမ္ဘောဒီးယားအစိုးရက အဓိက အတိုက်အခံခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲ

ကမ္ဘောဒီးယားအစိုးရက အဓိက အတိုက်အခံခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲ
Published 6 September 2017

စက်တင်ဘာ ၃ ရက်က ဖနွမ်းပင်ရှိနေအိမ်မှ အတိုက်အခံခေါင်းဆောင် ကမ်ဆိုခ (ဝဲ) အား ရဲတပ်ဖွဲ့က စောင့်ကြပ်ခေါ်ဆောင်နေစဉ် (Photo: AFP)

အမေရိကန်နှင့် ပူးပေါင်းပြီး အစိုးရကို ဖြုတ်ချရန် စီစဉ်နေသည်ဟု စွပ်စွဲခံထားရသော ကမ္ဘောဒီးယား အတိုက်အခံခေါင်း ဆောင်ကမ်ဆိုခသည် စက်တင်ဘာ ၅ ရက်က နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲခံခဲ့ရသည်။ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ခေါင်းဆောင် ကမ်ဆိုခသည် ယင်းစွဲချက်တွင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အနှစ် ၃၀ အထိပြစ်ဒဏ် ချမှတ်ခံရနိုင်သည်။

လာမည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲတွင် ကမ်ဆိုခသည် ၎င်း၏ CNRP ပါတီကို ဦးဆောင်လိမ့်မည်ဟု မျှော်မှန်းရပြီး ဝန်ကြီးချုပ် ဟွန်ဆန်ဦးဆောင်သည့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီအတွက် အားကောင်းသည့် စိန်ခေါ်မှုဖြစ်နေသည်။ ကမ်ဆိုခအား စွဲချက်တင်ထားသည့် နိုင်ငံတော်သစ္စာဖောက်မှုကို အတိုက်အခံ CNRP ပါတီက ငြင်းဆန်ခဲ့ပြီး ယင်းစွဲချက်သည် နိုင်ငံရေးလုပ်ကြံမှု ဖြစ်သည်ဟုဆိုသည်။

ကမ်ဆိုခသည် စက်တင်ဘာ ၃ ရက် သန်းခေါင်ကျော်အချိန်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ကမ်ဆိုခအား စစ်ဆေးခြင်း၊ သက်သေများကို စုံစမ်းခြင်းတို့အပါအဝင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီးမှ တရားစွဲခဲ့ခြင်းဖြစ်သည်ဟု ဖနွမ်းပင်မြူနီစီပယ်တရားရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် လိုင်ဆိုဖာနာက စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။ တရားရုံး၏ ထုတ်ပြန်ချက်ထဲတွင် ကမ်ဆိုခသည် မငြိမ်သက်မှုများကို ဖြစ်ပေါ်စေနိုင်ကာ လူမှုတည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်ရန်အတွက် ပြည်ပနိုင်ငံတစ်ခုနှင့် လျှို့ဝှက်ပူးပေါင်းနေသည် ဖော်ပြခဲ့သည်။

စက်တင်ဘာ ၃ ရက်က ဟွန်ဆန်သည် ကမ္ဘောဒီးယား အထည်ချုပ်စက်ရုံ အလုပ်သမား ၄၀၀၀ ကျော်ကို မိန့်ခွန်းပြောနေစဉ် ကမ်ဆိုခသည် ၎င်း၏အစိုးရအဖွဲ့ကို ဆန့်ကျင်ရန် အမေရိကန်နှင့် ပူးပေါင်းခဲ့ကြောင်း၊ အတိုက်အခံပါတီသည် ကမ်ဆိုခကို ကာကွယ်ပေးပါက ပါတီဖျက်သိမ်းခံရနိုင်ကြောင်း သတိပေးခဲ့သည်။

ကမ်ဆိုခ၏ ပြည်သူ့မိန့်ခွန်း ဗီဒီယိုတစ်ခုတွင် အမေရိကန်၏ ထောက်ပံ့မှုနှင့်အတူ ဟွန်ဆန်ကို စိန်ခေါ်နိုင်သည့်နိုင်ငံရေးဗျူဟာ တစ်ခုကိုရှင်းလင်းသွားခဲ့သည်။ အစိုးရသည် ထိုပြောကြားချက်ကို အခြေပြုပြီး ယခုစွဲချက်အား တည်ဆောက်ခြင်းဖြစ်နိုင်သည်။

၂၀၁၃ ခုနှစ်က သြစတြေးလျအခြေစိုက် ကမ္ဘောဒီးယား ရုပ်သံကွန်ရက်တွင် ဖော်ပြခဲ့သော ထိုမိန့်ခွန်းဗီဒီယိုထဲတွင် ကမ်ဆိုခက ကမ္ဘောဒီးယား ခေါင်းဆောင်ပိုင်းကို ပြောင်းလဲရန်ဗျူဟာအတွက် ၎င်းကိုအကြံပေးရန် အမေရိကန်သည် အမေရိကနှင့် ကနေဒါရှိ တက္ကသိုလ်ပါမောက္ခများ၊ ကျွမ်းကျင်သူများကို ငှားရမ်းထားသည်ဟု ပြောကြားခဲ့သည်။ ယင်းဗီဒီယိုကို အစိုးရက စက်တင်ဘာ ၃ ရက်တွင် ပြန်ထုတ်လွှင့်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဟီသာနျူအက်သည် အမေရိကန်အစိုးရအား စွဲချက်များကို ပြန်ဖြေရှင်းခြင်းမရှိသော်လည်း ကမ်ဆိုခ အဖမ်းခံရမှုအတွက် အလွန်အမင်းစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

CNRP ၏ ခေါင်းဆောင်ဟောင်း ဆမ်ရိန်ဆီသည်လည်း တရားစွဲမှုများ၏ဖိအားကြောင့် ပါတီခေါင်းဆောင်နေရာမှ နုတ်ထွက်သွားခဲ့ရသည်။