မလေးရှားဝန်ကြီးချုပ်ဟောင်းထံမှ သိမ်းဆည်းမိခဲ့သည့် အဖိုးတန်ပစ္စည်းများ၏ တန်ဖိုးမှာ ဒေါ်လာ ၂၇၃ သန်းထက်မနည်း ရှိနေ

မလေးရှားဝန်ကြီးချုပ်ဟောင်းထံမှ သိမ်းဆည်းမိခဲ့သည့် အဖိုးတန်ပစ္စည်းများ၏ တန်ဖိုးမှာ ဒေါ်လာ ၂၇၃ သန်းထက်မနည်း ရှိနေ
Published 28 June 2018

ဇွန် ၂၇ ရက်က ကွာလာလမ်ပူတွင် သတင်းစာရှင်းလင်းပွဲ၌ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ အကြီးအကဲ အမာဆင်း (လယ်)က ရှင်းလင်းနေစဉ် (Photo: AP)

ခြစားမှုအရှုပ်တော်ပုံ နွံနစ်နေသော မလေးရှားဝန်ကြီးချုပ်ဟောင်းနှင့် ဆက်စပ်နေသည့်နေရာများအား ဝင်ရောက်ရှာဖွေရာတွင် သိမ်းဆည်းမိသည့် ငွေသား၊ ကျောက်မျက်ရတနာနှင့် တန်ဖိုးမြင့် လက်ကိုင်အိတ်များ အပါအဝင် ပစ္စည်းအမြောက်အမြား၏ တန်ဖိုးသည် ဒေါ်လာ ၂၇၃ သန်းထက်မနည်း ရှိသည်ဟု မလေးရှားရဲများက ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဝင်စီးရှာဖွေမှုများကို အရှုပ်တော်ပုံနှင့် ကြုံနေရသည့် အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1 MDB နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုရှာဖွေမှုများအတွင်း ကျောက်မျက်ရတနာ ၁၂၀၀၀ ခု၊ မတူညီသော ငွေကြေး ၂၆ မျိုးပါပြီး ဒေါ်လာသန်း ၃၀ ဖိုးရှိသည့် ငွေသားများ ထည့်ထားသောအိတ်များ၊ ဒေါ်လာ ၁၉ ဒသမ ၃ သန်း တန်ဖိုးရှိသော လက်ပတ်နာရီ ၄၀၀ နှင့်အတူ အခြားတန်ဖိုးမြင့် ဒီဇိုင်နာလက်ရာ ပစ္စည်းများစွာကို တွေ့ရှိခဲ့ရသည်။ ပြီးခဲ့သည့်လက ကွာလာလမ်ပူ တစ်ဝန်း၌ ပြုလုပ်ခဲ့သည့် စီးနင်းရှာဖွေမှုများအတွင်း တွေ့ရှိခဲ့သော ပစ္စည်းအမြောက်အမြား၏ တန်ဖိုးကို ရေတွက်ရန်ကြီးမားသည့် တာဝန်ကို ပြီးစီးသွားပြီးနောက် စီးပွားရေးဆိုင်ရာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အကြီးအကဲရဲအရာရှိဖြစ်သူ အမာဆင်းက “ဒါဟာ မလေးရှားသမိုင်းမှာ အကြီးမားဆုံး သိမ်းဆည်းမှုကြီးတစ်ခုဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။ စုစုပေါင်း တန်ဖိုးမှာမူ ရင်းဂစ် ၉၁၀ သန်း (ဒေါ်လာ ၂၂၅ သန်း) မှ ရင်းဂစ် ၁ ဒသမ ၁ ဘီလျံ (ဒေါ်လာ ၂၇၃ သန်း) ကြားရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ နာဂျစ်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က တစ်လလျှင် လစာ ရင်းဂစ် ၂၂၈၂၇ (ဒေါ်လာ ၅၆၇၀) ရရှိခဲ့ကြောင်း သိရသည်။

ခြစားမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများသည် ပြီးခဲ့သည့်လကရွေးကောက်ပွဲတွင် နာဂျစ်ရှုံးနိမ့်ခဲ့သည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။ ရွေးကောက်ပွဲပြီးနောက်တွင်လည်း ရဲများက ရှာတွေ့ခဲ့သည့် အံ့သြတုန်လှုပ်စရာ ကောင်းလောက်အောင် များပြားသည့် ယခု တန်ဖိုးကြီးပစ္စည်းများကြောင့် နာဂျစ်နှင့်ဇနီးကို လူထုကပိုမိုဒေါသထွက်ခဲ့သည်။ ကွာလာလမ်ပူရှိ ဇိမ်ခံတိုက်ခန်းများ၊ အထက်တန်းလွှာရပ်ကွက်မှ နာဂျစ်၏ အဓိက နေအိမ်အပါအဝင် နာဂျစ်နှင့် ဆက်စပ်နေသည့် နေရာခြောက်ခုကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်းဖြစ်သည်။

များပြားလှသည့် ကျောက်မျက်ရတနာ စုဆောင်းမှုထဲတွင် လည်ဆွဲ ၁၄၀၀ နှင့်အတူ လက်စွပ် ၂၂၀၀ တို့ပါဝင်ပြီး တန်ဖိုး အမြင့်ဆုံး ပစ္စည်းမှာ ရင်းဂစ် ၆ ဒသမ ၄ သန်း (ဒေါ်လာ ၁ ဒသမ ၅ သန်း) ခန့်မှန်းခြေတန်ဖိုးရှိသော လည်ဆွဲဖြစ်သည်ဟု အမာက ပြောကြားခဲ့သည်။ သိမ်းဆည်းမိခဲ့သည့် လက်ကိုင်အိတ် ၅၆၇ လုံးထဲတွင် ၂၇၂ လုံးမှာ Hermes အိတ်များဖြစ်ပြီး ရင်းဂစ် ၅၁ ဒသမ ၃ သန်းတန်ဖိုးရှိသည်ဟု သိရကာ Hermes မဟုတ်သည့် အခြားအိတ်များ၏ တန်ဖိုးများကိုမူ တွက်ချက်နေကြဆဲဖြစ်သည်။ လက်ပတ်နာရီ ၄၂၃ လုံး၏ တန်ဖိုးမှာမူ ရင်းဂစ် ၇၈ သန်းရှိပြီး မျက်မှန်အလက်ပေါင်း ၂၃၄ ခုလည်း တွေ့ရှိခဲ့ရသည်။

Ref: AFP