ခွဲထားခံရသော မိသားစုများကို ပြန်လည်ပေါင်းစည်းပေးရန် အမေရိကန်တရားသူကြီးက အမိန့်ချမှတ်

ခွဲထားခံရသော မိသားစုများကို ပြန်လည်ပေါင်းစည်းပေးရန် အမေရိကန်တရားသူကြီးက အမိန့်ချမှတ်
Published 28 June 2018

အမေရိကန် နယ်စပ်ကင်းလှည့် တာဝန်ရှိသူများထံ အဖမ်းခံခဲ့သော ဟွန်ဒူးရပ်စ်မှ အမျိုးသမီးနှင့် ကလေးများအား ဇွန် ၂၅ ရက်က တွေ့ရစဉ် (Photo: AP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ “လုံး၀ သည်းညည်းမခံ” သည့် မူဝါဒကြောင့် မက္ကဆီကိုနှင့် ထိစပ်နေသည့် အမေရိကန် နယ်စပ်၌ ခွဲခံထားရသော ရွှေ့ပြောင်းအခြေချမိသားစုများကို ရက် ၃၀ အတွင်း ပြန်လည်ပေါင်းစည်းပေးရန် အမေရိကန် တရားသူကြီးတစ်ဦးက အမိန့်ချလိုက်သည်။

အသက် ၅ နှစ်အောက်ကလေးများကိုမူ ယခုအမိန့်ချသည့် ဇွန် ၂၆ ရက်မှစ၍ သီတင်းနှစ်ပတ်အတွင်း ပြန်လည်ပေါင်းစည်းပေးရမည်ဟု သိရသည်။ ထိုအမိန့်ကို ဆန်တီယာဂိုရှိ အမေရိကန်ခရိုင်တရားသူကြီး ဒါနာဆီဘရောက ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကွန်ဂိုနိုင်ငံသားမိခင်နှင့် ကွဲကွာခဲ့ရသည့် အသက်ခုနစ်အရွယ် မိန်းကလေး၊ ဘရာဇီးနိုင်ငံသားမိခင်နှင့် ကွဲခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် ယောကျာ်းလေးတို့၏ ကိုယ်စား အမေရိကန် အရပ်ဘက် လေဘာတီသမဂ္ဂက ဖွင့်ခဲ့သည့်အမှုအတွက် တရားသူကြီး ဆီဘရောက တင်းမာသော စကားလုံးများပါဝင်သည့် ယခုဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မည်သည့်မိသားစုကိုမှ ထပ်မံခွဲထားခြင်းမပြုရန်လည်း တရားရုံးက အမိန့်စာတစ်ခု ထုတ်ပြန်ခဲ့သေးသည်။ မိသားစုများကို ခွဲထားရေးလုပ်ထုံးသည် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်လာသည့် မည်သူ့ကို မဆိုထိန်းသိမ်းပြီးနောက် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုရန် လွှဲပြောင်းရမည့်မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

နယ်စပ်ကို စာရွက်စာတမ်းမပါဘဲ ဖြတ်ကျော်ကာ နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းသည့် မိဘများထံမှ ကလေးများကို ခေါ်သွားကြသည့် ၎င်းအစိုးရ၏ လုပ်ထုံးအားရပ်တန့်လိုက်ရန် အမိန့်ကြေညာချက်တစ်ခုကို ထရန့်က ပြီးခဲ့သောသီတင်းပတ်တွင် လက်မှတ်ရေးထိုးပေးခဲ့သည်။ ထိုသို့တရားမဝင် ဖြတ်ကျော်သူများထဲမှ အများအပြားမှာ ဗဟိုအမေရိကမှ အကြမ်းဖက်မှုများ၊ ကသောင်းကနင်းဖြစ်စဉ်များမှ ခိုကိုးရာမဲ့ဖြစ်ကာ ထွက်ပြေးလာရသူများဖြစ်သည်။

ရွှေ့ပြောင်းအခြေချမှုကို (တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ) တိုက်ဖျက်နေသည့် ထရန့်အတွက် ယင်းဖြစ်စဉ်သည် ရှားရှားပါးပါး နောက်ဆုတ်ပေးမှုတစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း ထရန့်၏ အမိန့်စာတွင် ၎င်းအစိုးရ၏ မူဝါဒကြောင့် ကွဲခဲ့ရသည့် မိသားစုများအတွက် မည်သို့ပြန်လည် လုပ်ဆောင်ပေးမည်ကို သတ်သတ်မှတ်မှတ် မဖော်ပြခဲ့ပေ။ ထရန့်အစိုးရ၏ အဆိုပါမူဝါဒသည် အမေရိကတွင်သာမက ကမ္ဘာတစ်ဝန်းတွင်ပါ ဝေဖန်ပြစ်တင်မှုများကို ထွက်ပေါ်လာစေပြီး ကလေးသူငယ် အကြမ်းဖက်မှုတစ်ခုဟုပင် ခေါ်ဆိုခဲ့ကြသည်။

လက်ရှိအချိန်အထိ ဖက်ဒရယ်အာဏာပိုင်များအောက်တွင် မိသားစုများနှင့် ခွဲခံထားရသော ကလေး ၂၀၀၀ ကျော်ရှိနေပြီး ယင်းတို့၌ မွေးကင်းစများ၊ လေးဖက်ထောက်သွားသည့် အရွယ်များပင် ပါဝင်သည်ဟု သိရသည်။ တရားသူကြီး ဆီဘရောရေးသားခဲ့သည့် စာမျက်နှာ ၂၄ မျက်နှာပါ ဆုံးဖြတ်ချက်ထဲတွင် ‘အစိုးရကိုယ်တိုင်က လုပ်ဆောင်သော ကသောင်းကနင်းဖြစ်စဉ်ကို ဖြေရှင်းရန်’ ဟု ရေးသားထားခဲ့ကြောင်း သိရသည်။

အဆိုပါ မိသားစုခွဲခြားရေးမူဝါဒနှင့် ပတ်သက်၍ပင် ဒီမိုကရက်တစ်ပြည်နယ် ၁၈ ခုမှ ရှေ့နေချုပ်များသည်လည်း ထရန့်၏ မိသားစုကို ဇွန် ၂၆ ရက်က အမှုဖွင့်ခဲ့ကြသည်။

Ref: AFP

Most Read

Most Recent