မလေးရှားဝန်ကြီးချုပ်က စင်ကာပူနှင့် ရေပြဿနာအား ပြန်လည်စတင်

မလေးရှားဝန်ကြီးချုပ်က စင်ကာပူနှင့် ရေပြဿနာအား ပြန်လည်စတင်
Published 26 June 2018

ဇွန် ၁ ရက်က ကွာလာလမ်ပူတွင် သတင်းစာရှင်းလင်းပွဲ၌ မလေးရှားဝန်ကြီးချုပ် မဟာသီယာ (ယာ)နှင့် ပြုပြင်ပြောင်းလဲရေးရှေ့ဆောင် အန်ဝါအီဘရာဟင်တို့ကို တွေ့ရစဉ် (Photo - AP)

မလေးရှားဝန်ကြီးချုပ် မဟာသီယာက  စင်ကာပူနှင့် ရရှိထားသော အဓိပ္ပာယ်မရှိသည့် ရေပံ့ပိုးရေးသဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းလိုသည်ဟု ဇွန် ၂၅ ရက်က ပြောကြားခဲ့သည်။ ယင်းသည် ပြီးခဲ့သည့်လက မဟာသီယာရွေးကောက်ပွဲနိုင်ပြီးနောက် အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေး၏ နောက်ဆုံးကတောက်ကဆ ဖြစ်လာခဲ့သည်။

မလေးရှားသည် ရင်းမြစ်နည်းပါးလှသည့် အိမ်နီးချင်းစင်ကာပူသို့ ရေဂါလံ ၁၀၀၀ လျှင် မလေးရှားငွေသုံးဆင့်တည်း (အမေရိကန်တစ်ဒေါ်လာပင်မရှိ) ဖြင့် ရောင်းချနေ သည်မှာ လုံးဝအဓိပ္ပာယ်မရှိဟု အသက် ၉၂ နှစ်အရွယ် မဟာသီယာက ပြောကြားခဲ့သည်။ “ဒီဈေးနှုန်းက ၁၉၉၀ ပြည့်လွန် ဒါမှဟုတ် ၁၉၃၀ ပြည့်လွန်လောက်က ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သုံးဆင့်တည်းနဲ့ ဘာသွားဝယ်လို့ရမလဲ။ ဘာမှမရဘူး” ဟု မဟာသီယာက စင်ကာပူရုပ်သံလိုင်း Channel News Asia နှင့် ပြုလုပ်ခဲ့သည့် မေးမြန်းခန်းတွင် ပြောခဲ့သည်။ အဆိုပါ ကာလရှည်ရေပံ့ပိုးမှု သဘောတူညီချက်အား ပြန်လည်ညှိနှိုင်းရေးအစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ မဟာသီယာက “ကျွန်တော်တို့ ဒီကိစ္စကို သင့်တော်သလို လေ့လာပြီး ပြန်လည်ရှင်းလင်းတင်ပြမှာပါ” ဟု ဆိုသည်။ စင်ကာပူအစိုးရကမူ ထိုအရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။

စင်ကာပူတွင် သုံးနေသည့် ရေအများစုသည် မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟိုမှလာခြင်း ဖြစ်သည်။ ၁၉၆၂ ခုနှစ်က ရရှိခဲ့သည့် သဘောတူညီချက်တစ်ခုအရ စင်ကာပူသည် ဂျိုဟိုမြစ်ထဲမှ တစ်နေ့လျှင် ရေဂါလံ သန်း ၂၅၀ နှင့်အထက် စုပ်ယူနိုင်သည်။ ၁၉၆၅ ခုနှစ်က လူမျိုးရေးကိစ္စများကြောင့် စင်ကာပူသည် မလေးရှားဖက်ဒရေးရှင်းမှ ထုတ်ပယ်ခဲ့ရပြီးနောက်ပိုင်း အိမ်နီးချင်းနှစ် နိုင်ငံ၏ ဆက်ဆံရေးမှာ ခက်ခဲခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း ဆယ်စုနှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေး၌ အသေးအဖွဲ ကိစ္စများနှင့်ပင် အခါအားလျော်စွာ ကတောက်ကဆများ ဖြစ်ခဲ့ကြပြီး အများစုမှာ ယခုရေပြဿနာကြောင့် ဖြစ်သည်။ သို့သော် ခြစားမှု အရှုပ်တော်ပုံများရှိခဲ့သော ယခင်မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ လက်ထက်ကမူ မလေးရှား-စင်ကာပူ ဆက်ဆံရေးမှာ များစွာပြန်လည်နွေးထွေးလာခဲ့သည်။

Ref; AFP

Most Read

Most Recent