အစ္စရေး စစ်လေယာဉ်များက ဂါဇာရှိ ဟားမားစ်စစ်ဘက်ဆိုင်ရာပစ်မှတ်များအား တိုက်ခိုက်

အစ္စရေး စစ်လေယာဉ်များက ဂါဇာရှိ ဟားမားစ်စစ်ဘက်ဆိုင်ရာပစ်မှတ်များအား တိုက်ခိုက်
Published 19 June 2018

ဇွန် ၁၈ ရက်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာစီးတီး၌ ပေါက်ကွဲမှုဖြစ်ပွားနေစဉ် (Photo - AFP)

အစ္စရေးနယ်မြေထဲသို့ မီးလောင်စေသည့် စွန်များလွှတ်တင်နေမှုကို တုံ့ပြန်ရန် အစ္စရေး စစ်လေယာဉ်များက ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ ဟားမားစ်စစ်ဘက်ဆိုင်ရာ ပစ်မှတ်ကိုးခုကို ဇွန် ၁၈ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုများသည် ဟားမားစ်တို့၏ စစ်ဘက်ဆိုင်ရာနေရာနှစ်ခု၊ လက်နက်ခဲယမ်းများ ထုတ်လုပ်သည့် နေရာတစ်ခုတို့ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ထိုစီးနင်းတိုက်ခိုက်မှုများတွင် သေဆုံးဒဏ်ရာရမှုများ ရှိ၊ မရှိကို မဖော်ပြခဲ့ပေ။

မီးလောင်စေသော ပစ္စည်းများကို တပ်ဆင်ထားသည့် မီးပူဖောင်းများနှင့် စွန်များကို လွှတ်တင်မှုသည် မကြာသေးမီလများအတွင်း ပါလက်စတိုင်းများက အစ္စရေးကို နယ်စပ်၌ ဆန့်ကျင်ဆန္ဒပြမှုများ၏ သင်္ကေတဖြစ်လာခဲ့သည်။

ဇွန် ၁၆ ရက်က ဂါဇာကမ်းမြောင်တွင် နယ်စပ်မှတစ်ဆင့် အစ္စရေးထဲသို့ ထိုမီးလောင်စေတတ်သော ပူဖောင်းများလွှတ်တင်ရန် ကြိုးပမ်းနေသည့် ပါလက်စတိုင်းနှစ်ဦးသည် အစ္စရေးစစ်ဘက်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပြီးခဲ့သော မတ်လကုန်တွင် စတင်ဖြစ်ပွားခဲ့သော ပါလက်စတိုင်းများ၏ ဧရာမဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မီးလောင်မှု အကြိမ် ၃၀၀ ကျော်ကြောင့် လယ်ကွင်းများနှင့် ချုံတောဟက်တာ ထောင်ပေါင်းများစွာသည် ပျက်စီးခဲ့ကြောင်း အစ္စရေးမီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းများက လွှတ်တင်ခဲ့သည့် စွန် ၆၀၀ ခန့်အနက် ၄၀၀ ခန့်အား ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အဗစ်ဒေါလစ်ဘာမန်းက ပြောကြားခဲ့သည်။ ထိုကာလအတွင်း အစ္စရေးလုံခြုံရေးများ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ပါလက်စတိုင်း ၁၃၀ ထက်မနည်း သေဆုံးခဲ့ရသည်။

အစ္စရေးနိုင်ငံထူထောင်သည့် ကာလဝန်းကျင်ဖြစ်သည့် ၁၉၄၈ ခုနှစ်တွင် ၎င်းတို့၏ မိသားစုဝင်များ ထွက်ပြေးခဲ့ရသော သို့မဟုတ် မောင်းထုတ်ခံခဲ့ရသော ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားခွင့်ရရှိရန် ပါလက်စတိုင်းများက တောင်းဆိုနေခြင်း ဖြစ်သည်။ အစ္စရေးက ၎င်း၏ အဓိကရန် ဘက်ဟုယူဆသည့် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ဟားမားစ်က ဂါဇာကမ်းမြောင်အား ထိန်းချုပ်ထားသည်။

Ref ;AFP