ပါကစ္စတန်အတွက် သူလျှိုလုပ်ပေးမှုဖြင့် သံတမန်ဟောင်းတစ်ဦးကို အိန္ဒိယတရားရုံးက ထောင်ဒဏ်ချမှတ်

ပါကစ္စတန်အတွက် သူလျှိုလုပ်ပေးမှုဖြင့် သံတမန်ဟောင်းတစ်ဦးကို အိန္ဒိယတရားရုံးက ထောင်ဒဏ်ချမှတ်
Published 21 May 2018

အိန္ဒိယသံဝန်ထမ်း ဂူပတာ (ယာ) ကို မေ ၁ ရက်က နယူးဒေလီရှိ တရားရုံးသို့ လာရောက်စဉ်က တွေ့ရစဉ် (Photo: AFP)

ပါကစ္စတန် ထောက်လှမ်းရေးဌာနသို့ နိုင်ငံတော်လျှို့ဝှက်ချက်များအား လွှဲပြောင်းပေးမှုဖြင့် ပြစ်မှုထင်ရှားသည့် အိန္ဒိယသံတမန်တစ်ဦးကို ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်သည်ဟု ၎င်း၏ရှေ့နေက မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

မက်ဟူရီဂူပတာ အမည်ရှိ ထိုသံတမန်အမျိုးသမီးသည် အစ္စလာမ္မာဘတ်ရှိ အိန္ဒိယသံရုံး၌ တာဝန်ကျစဉ်က သူလျှိုလုပ်မှု၊ အချက်အလက်များနှင့် ပတ်သက်၍ တရားမဝင်ဆက်သွယ်မှုတို့ဖြင့် ပြစ်မှုထင်ရှားကြောင်း မေ ၁၈ ရက်က နယူးဒေလီတရားရုံးတွင် စီရင်ချက်ချခံခဲ့ရသည်။

အိန္ဒိယ၏ ခါးသီးသော ပြိုင်ဘက်နိုင်ငံ ပါကစ္စတန်မှ ထောက်လှမ်းရေးဌာန (ISI) သို့ အချက်အလက်များ တရားမဝင်လွှဲပြောင်းပေးမှုဖြင့် အသက် ၆၁ နှစ်အရွယ် ဂူပတာသည် ၂၀၁၀ ပြည့်နှစ်ကတည်းက ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် ဂူပတာသည် နိုင်ငံတော်လျှို့ဝှက်ချက်ဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်မှုစွဲချက်ဖြင့် ထိန်းသိမ်းခံခဲ့ရကာ နှစ်နှစ်ကျော်ကြာ အချုပ်ခံရပြီးနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ရာထူးနိမ့် သံတမန်တစ်ဦးဖြစ်သော ဂူပတာသည် ယခုပြစ်ဒဏ်နှင့်ပတ်သက်၍ အယူခံဝင်သွားမည်ဟု ၎င်း၏ရှေ့နေဖြစ်သူ ဂျိုဂျင်ဒါဒါဟီယာက ပြောကြားခဲ့သည်။ “သူဟာ ၂၁ လကြာအောင် အချုပ်ခံခဲ့ရတာပါ။ အဲဒီအချိန်တွေကိုပါ ထည့်တွက်မယ်ဆိုရင် သူ့ကိုလွှတ်တောင် လွှတ်ပေးသင့်ပါတယ်” ဟု ရှေ့နေက ပြောကြားခဲ့သည်။

၂၀၀၉ -၂၀၁၀ အတွင်းက ပါကစ္စတန်ဘက်သို့ ဂူပတာက လွှဲပြောင်းပေးခဲ့သည့် အချက်အလက်များသည် စစ်ရေးနှင့်မဆက်နွှယ်သဖြင့် ဂူပတာအနေနှင့် ပြင်းထန်သည့်ပြစ်ဒဏ်များ မချခံရခြင်းဖြစ်သည်ဟု Press Trust of India တွင် ဖော်ပြခဲ့သည်။

အစ္စလာမ္မာဘတ်မြို့တော်တွင် ရှိသည့် အလွန်အမင်းထိရှလွယ်သော အိန္ဒိယသံရုံးတွင် ဂူပတာ၏ ဒုတိယအတွင်းဝန်ရာထူးမှာ အနိမ့်ဆုံး သံရုံးရာထူးများထဲတွင် ပါဝင်သည်။

ဂူပတာကမူ ယခုစွဲချက်များအားလုံးကို ငြင်းဆိုထားကာ ၎င်းသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများနှင့် ဆက်ဆံရေးမသင့်မြတ်သောကြောင့် သံရုံးက အမှုဆင်ခဲ့jခင်းဖြစ်သည်ဟု ပြောကြားထားသည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သော အိန္ဒိယနှင့် ပါကစ္စတန်တို့သည် သူလျှိုများစေလွှတ်သည်ဟု အပြန်အလှန်စွပ်စွဲကြသည်မှာ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သည်။

Most Read

Most Recent