ပုရွက်ဆိတ်တစ်ကောင်ပင် ကျော်ဖြတ်ရန် မလွယ်ကူဟုဆိုသော မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်၏ လုံခြုံရေးအဖွဲ့

ပုရွက်ဆိတ်တစ်ကောင်ပင် ကျော်ဖြတ်ရန် မလွယ်ကူဟုဆိုသော မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်၏ လုံခြုံရေးအဖွဲ့
Published 27 April 2018

စစ်မဲ့ဇုန် မြောက်ဖက်ခြမ်းမှ ဝင်ရောက်လာသော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (အလယ်) ကို မြောက်ကိုရီးယား ကိုယ်ရံတော်များက ခြံရံလိုက်ပါလာစဉ် (Photo: AFP)

ဧပြီ ၂၇ ရက်နေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ကို ဆင်းလာချိန်တွင် ကြံ့ခိုင်မှု၊ အပစ်အခတ် လက်ဖြောင့်မှု၊ သိုင်းကျွမ်းကျင်မှုနှင့် ကြည့်ပျော်ရှုပျော်ရှိမှုစသော အချက်များဖြင့် ဂရုတစိုက် ရွေးချယ်ထားသော ကိုယ်ရံတော်လူစုက သူ့ကိုစောင့်ရှောက်ပေးခဲ့သည်။

သပ်သပ်ရပ်ရပ် ဝတ်စားထားသော အမျိုးသားများက ကင်ကိုဘေးမှ၍လည်းကောင်း၊ ကင်၏ရှေ့ကလည်းကောင်း ဝန်းရံပေးခဲ့ကြချိန်တွင် ကင်သည်တောင်ကိုရီးယားသမ္မတ မွန်ဂျေအွန်းကို သမိုင်းဝင်လက်ဆွဲ နှုတ်ဆက်ရန်အတွက် စစ်မဲ့ဇုန်လမ်းကြောင်းစီ ချည်းကပ်လာခဲ့သည်။

အမျိုးသားတချို့သည် အိပ်ကပ်ဖောင်းနေကြသည်။ အားလုံးသည် မြောက်ကိုရီးယား၏ အနီရောင်တံဆိပ်များနှင့်ဖြစ်ပြီး အမေရိကန်ထောက်လှမ်းရေးအဖွဲ့၏ သည်းခြေကြိုက်ဖြစ်သော နားကြပ်ကွေးကွေးများ တပ်ထားကြသည်။

ခေါင်းဆောင်သည် နံနက်ပိုင်းဆွေးနွေးပွဲ အစီအစဉ် ပြီးဆုံးပြီးနောက် ထွက်ခွာသွားသည့်အခါ ၎င်းကိုယ်ရံတော်တစ်ဒါဇင်ကို နေ့လယ်စာမစာမီ အလုပ်ပေးခဲ့ပြီး လူသားတံတိုင်းလုပ်ကာ ကင်၏တရားဝင် ကားဘေးမှလည်းကောင်း၊ ကားနောက်မှလည်းကောင်း လည်စည်းများ တဖျပ်ဖျက်လှုပ်အောင် ပြေးကြခဲ့ကြရသည်။

မြောက်ကိုရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် အတင်းကြပ်ဆုံး ထိန်းချုပ်ခံထားရသော လူ့အဖွဲ့အစည်းရှိရာ နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ၎င်း၏ခေါင်းဆောင်အတွက် လုံခြုံရေးသည်ပင် တင်းကြပ်လွန်းသည်။ ကင်တက်ရောက်မည့် အခမ်းအနား မှန်သမျှကို လာရောက်သော နိုင်ငံခြားသားများသည် အခမ်းအနား မတိုင်ခင် လုံခြုံရေးစစ်ဆေးမှုများကို နာရီပေါင်းများစွာ ဖြတ်သန်းရပြီး ဖုန်းများအပါအဝင် လျှပ်စစ်ပစ္စည်းအားလုံးကို ထားခဲ့ရသည်။

ခေါင်းဆောင်လုံခြုံမှုရိှစေရန် တာဝန်ယူထားရသော တပ်ခွဲဖြစ်သည့် အစောင့်ကွပ်ကဲရေးတပ်သည် မြောက်ကိုရီးယားခေါင်းဆောင်နှင့် အနီးဆုံးနေရာတွင်ရှိသော ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကင်၏ဖခင်နှင့် ကင်၏အဘိုးတို့ကို ဂုဏ်ပြုရန် ပြုံယမ်းတွင် နှစ်စဉ်ပြုလုပ်နေကျ ကင်ဂျုံဂျီးလီးယားနှင့် ကီမီလ်ဆန်းဂျီးယား ပန်းပွဲတော်ကို အဓိက ပြုလုပ်ပေးရသောအဖွဲ့လည်း ဖြစ်သည်။

ကင်ဂျုံအီအတွက် လုံခြုံရေးအသေးစိတ်ကို လုပ်ပေးရသူဖြစ်ပြီး မြောက်ကိုရီးယားမှ ဘက်ပြောင်းလာသူ ရီယောင်ဂွတ်က ၂၀၁၃ တွင် အမှတ်တရ စာအုပ်ကို ရေးသားခဲ့ပြီး ခေါင်းဆောင်သည်တပ်ခွဲများ၊ စက်ရုံများနှင့်
ယာခင်းများကို စစ်ဆေးရန် ကျေးလက်ခရီးထွက်သည့်အခါ ၎င်းကိုကာကွယ်ရန် မတူညီသည့် လုံခြုံရေးအလွှာ ခြောက်လွှာက တာဝန်ယူရသည်ဟု ရေးသားဖော်ပြခဲ့သည်။

“ပုရွက်ဆိတ်တစ်ကောင်တောင် ဖြတ်သွားဖို့ ခက်တဲ့ကမ္ဘာ့ အတင်းကြပ်ဆုံး လုံခြုံရေးအလွှာတွေ ဖြစ်ပါတယ်။” ဟု သူကရေးခဲ့သည်။

လက်ရှိခေါင်းဆောင်အတွက် လုံခြုံရေးစီမံမှုများသည် ပိုမိုတင်းကြပ်သည်ဟုဆိုသည်။ ဖေဖော်ဝါရီတွင် ကြည်တပ်းတည်ထောင်သည့် အနှစ် ၇၀ ပြည့် အခမ်းအနားအတွက် စစ်ရေးပြအခမ်းအနား ပြုလုပ်ခဲ့ချိန်က ကင်၏အသက်ကို အကာအကွယ်ပေးရန် လုံခြုံရေးတပ်ဖွဲ့ သုံးမျိုးသုံးစား ချီတက်ခဲ့သည်။ ပစ္စတိုချိတ်ပါသော တောင့်တောင့်ခိုင်ခိုင်၊ ယူနီဖောင်းဝတ် စစ်ဗိုလ်ချုပ်တစ်ဦးက ကင်ကိုရံပေးထားကြောင်း အကြိမ်ကြိမ် မြင်တွေ့ရသည်။

ကင်၏မိသားစုကိုပေးထားသော အကာအကွယ်သည်လည်း ထင်သာမြင်သာရှိသည်။ ပြောင်းချန်းအိုလံပစ်ပြိုင်ပွဲအတွက် ကင်၏နှမ ကင်ယိုဂျုံသည် တောင်ကိုရီးယားကို လာရောက်သောအခါ သူမကိုအရပ်ရှည်ရှည်၊ ဆံပင်တိုတို၊ နားကြပ်များတပ်ထားသော သက်တော်စောင့်မျာက ဝန်းရံပေးခဲ့သည်။

Ref: AFP

Most Read

Most Recent