ကမ္ဘောဒီးယား အစိုးရက အဓိက အတိုက်အခံ ပါတီကို ဖျက်သိမ်းပေးရန် တရားရုံးချုပ်သို့ လျှောက်ထား

ကမ္ဘောဒီးယား အစိုးရက အဓိက အတိုက်အခံ ပါတီကို ဖျက်သိမ်းပေးရန် တရားရုံးချုပ်သို့ လျှောက်ထား
Published 8 October 2017

အောက်တိုဘာ ၆ ရက်က ဖနွမ်းပင်ရှိ အတိုက်အခံပါတီ CNRP ရုံးချုပ်ရှေ့မှ ဖြတ်သန်းသွားသည့် ဆိုင်ကယ်များ (Photo: AFP)

ကမ္ဘောဒီးယား အစိုးရက အဓိကနိုင်ငံရေး အတိုက်အခံ ပါတီကို ဖျက်သိမ်းပေးရန် တရားရုံးချုပ်သို့ အောက်တိုဘာ ၆ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။ လက်ရှိတွင်လည်း ထိုအတိုက်အခံပါတီ၏ ခေါင်းဆောင်သည် နိုင်ငံတော် သစ္စာဖောက်မှု စွဲချက်ဖြင့် ဖမ်းဆီးခံထားရပြီး အတိုက်အခံလွှတ်တော် အမတ်များစွာသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ၎င်း၏ ၃၂ နှစ်ကြာ အာဏာသက်တမ်းကို စမ်းသပ်လာနိုင်သော ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ပြိုင်ဘက်များကို ရှင်းလင်းနေသည်။ ထို့သို့ အစိုးရ၏ နှိမ်နင်းမှုများကြောင့် အဓိက အတိုက်အခံ ပါတီဖြစ်သည့် ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) မှာလည်း ဖွတ်ဖွတ်ကြေနေပြီ ဖြစ်သည်။ အစိုးရသည် စွဲချက်များ၊ တရားရေး လှည့်ကွက်များစွာဖြင့် အတိုက်အခံ ခေါင်းဆောင်များအား ဘေးထွက်နေရစေရန်၊ အတိုက်အခံအမတ် ထက်ဝက်နီးပါးကို နိုင်ငံထဲမှ ထွက်ပြေးစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

CNRP ပါတီ ခေါင်းဆောင် ကင်ဆိုခကို ပြီးခဲ့သည့်လက ရုတ်တရက် ဖမ်းဆီးလိုက်ခြင်းက အတိုက်အခံအမတ် အများအပြားအား ပြည်ပသို့ ထွက်ပြေးစေရန် လှုံ့ဆော်ပေးလိုက်သည့် အကြောင်းရင်း ဖြစ်ခဲ့သည်။ ထို့ကြောင့် CNRP သည် လာမည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အပေါ် သံသယနှင့် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ထိုစဉ် ပြည်ထဲရေးဝန်ကြီးဌာနမှ ရှေ့နေများက CNRP သည် နိုင်ငံရေးပါတီများ ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲပြီး ယင်းပါတီကို ဖျက်သိမ်းပေးရန် တရားရုံးချုပ်သို့ လျှောက်ထားလိုက်သဖြင့် CNRP ပါတီ၏ ရှေ့ရေးမှာ ပို၍ပင် အန္တရာယ်များလာသည်။ “CNRP ကို တရားရုံးချုပ်က ဖျက်သိမ်းဖို့ ခိုင်မာပြီး လုံလောက်တဲ့ သက်သေတွေ ရှိပါတယ်။ CNRP ကို ဒီအတိုင်းဆက်ထားရင် နိုင်ငံပျက်သုန်းခြင်းကို ဦးတည်စေနိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ တားဆီးကာကွယ် ရပါမယ်” ဟု အစိုးရရှေ့နေ Ky Tech က တရားရုံးအပြင်ဘက်၌ သတင်းထောက်များသို့ ပြောကြားခဲ့သည်။

CNRP သည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခြင်း၊ ပြည်ပအဖွဲ့အစည်းများထံမှ အမိန့်ကိုနာခံခြင်း သို့မဟုတ် နိုင်ငံ၏ အကျိုးစီးပွားကို ဆုတ်ယုတ်စေသည့် ပုဂ္ဂိုလ်များနှင့် ပူးပေါင်း ကြံစည်ခြင်း အစရှိသည့် နိုင်ငံရေးပါတီများကို တားမြစ်ထားသည့် ဥပဒေများအား ချိုးဖောက်သည်ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် အတိုက်အခံတို့ကို အနိုင်ပိုင်းရန် ဟွန်ဆန်၏ ဗြောင်ကျသော လုပ်ရပ်ဟု အတိုက်အခံ အဖွဲ့အစည်းများက သတိပေးနေကြသော ထိုအငြင်းပွားစရာ ဥပဒေများသည် ယခုနှစ် အစောပိုင်းကပင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဟွန်ဆန်၏ ဝင်ရောက်စွက်ဖက်မှုများကြောင့် ကမ္ဘောဒီးယား တရားရေးစနစ်မှာ အမှီအခိုကင်းမှု ပျောက်ဆုံးကာ တည်ကြည်ခိုင်မာမှုမရှိ ဖြစ်နေပြီ ဖြစ်သဖြင့် တရားရုံးချုပ်က CNRP အား ဖျက်သိမ်း၊ မသိမ်းနှင့် ပတ်သက်၍ များစွာ သံသယရှိစရာလိုမည် မဟုတ်ဟု လေ့လာသူများက သုံးသပ်ကြသည်။

Ref: AFP