ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းသွားလမ်း တိုးချဲ့ဖောက်လုပ်မှုအပေါ် ဒေသခံများက ကျိန်စာတိုက်ကန့်ကွက်ခဲ့ကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းသွားလမ်း တိုးချဲ့ဖောက်လုပ်မှုအပေါ် ဒေသခံများက ကျိန်စာတိုက်ကန့်ကွက်ခဲ့ကြပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွား
Published 6 October 2018

ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်းသွားလမ်း တိုးချဲ့ဖောက်လုပ်မှုအပေါ် ဒေသခံတောင်သူများ ကျိန်စာတိုက်ကန့်ကွက်နေစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီး မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း သွားရာလမ်းဖြစ်သည့် အောင်သပြေ-သရက်ကိုင်းကျေးရွာ ချင်းဆက်မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် တိုးချဲ့ဖောက်လုပ်မှုအပေါ် အောက်တိုဘာ ၅ ရက် နံနက်က ဒေသခံများက ကျိန်စာတိုက်ကန့်ကွက်ခဲ့ကြပြီး အဆိုပါလမ်းဖောက်လုပ်ရာသို့ လုံခြုံရေးလာရောက်ဆောင်ရွက်ပေးနေသည့် ရဲတပ်ဖွဲ့ဝင်အချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုးချဲ့ဖောက်လုပ်လျက်ရှိသည့် ကျေးရွာချင်းဆက်လမ်းမှာ လက်ရှိတွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းက ၎င်းတို့စက်ရုံလုပ်ငန်းများအတွက် သွားလာအသုံးပြုလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းလမ်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပုသိမ်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက အောက်တိုဘာ ၅ ရက် နံနက်မှစ၍ သတိပေးဆိုင်းဘုတ်များ စိုက်ထူ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့် တိုးချဲ့ဖောက်လုပ်မှုမှာ လက်ရှိမြေသားလမ်း အကျယ် ၁၈ ပေရှိရာမှ ပေ ၅၀ အကျယ်လမ်းအဖြစ် တိုးချဲ့ဖောက်လုပ်ခြင်းဖြစ်ကြောင်း သိရပြီး ဒေသခံများက ၎င်းတို့၏ ယာမြေများပေါ်မှ ဖြတ်သန်းဖောက်လုပ်မည်ဖြစ်သည့်အပြင် လာရောက်ညှိနှိုင်းဆွေးနွေးခြင်းမရှိ ဖြင့် လမ်းတိုးချဲ့ဖောက်လုပ်မှုကို ကန့်ကွက်ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

“ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ ယခင် ၁၈ ပေလမ်းကတည်းက ဒီလမ်းဖောက်လုပ်ရာမှာ ယာမြေတွေထဲကနေ လမ်းအတွက် ပေးထားခဲ့ပြီဖြစ်ပါတယ်။ ဒီအောင်သပြေကျေး လက်လမ်းဟာ ကျွန်တော်တို့ ဒေသခံတောင် သူတွေစုပေါင်းပြီး ကိုယ့်အားကိုယ်ကိုးပြီးတော့ ဖောက်လုပ်ထားခဲ့ကြတဲ့လမ်းလည်း ဖြစ်ပါတယ်။ အခု သူတို့ကနေပြီး ပေ ၅၀ အကျယ်လမ်းအဖြစ် တိုးပြီးဖောက်လုပ်မယ်ဆိုတော့  တောင်သူတွေရဲ့ ယာမြေတွေအပေါ်မှာ တိုးချဲ့ချင်နေတာပါ။ ဒါတွေကို ကျွန်တော်တို့ တောင်သူတွေအနေနဲ့ ကျေနပ်မှုမရှိပါဘူး။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်တို့တောင်သူတွေက ကျိန်စာတိုက်ပြီးတော့ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုလုပ်နေတာတွေက ကျွန်တော်တို့ဒေသခံတောင်သူတွေကို ဆူပူအောင် လှုံ့ဆော်ပေးနေတာလို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တောင်သူတွေက မြင့်ကုမ္ပဏီကလုပ်နေတဲ့ စက်ရုံစီမံကိန်းကို ကန့်ကွက်နေတာကြောင့် လမ်းအကြောင်းပြပြီးတော့ ဆူပူအောင်လုပ်တယ်လို့ပဲ မြင်ပါတယ်။ ဒီလို ကျေးလက်လမ်းကို တိုးချဲ့မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့တောင်သူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုမရှိပါဘူး။ တောင်သူတွေကတော့ ကိုယ့်ယာမြေအပေါ်မှာ လမ်းတိုးချဲ့ဖောက်လုပ်မယ့်အပေါ် ကျေနပ်မှုမရှိကြပါဘူး။ ကန့်ကွက်နေကြပါတယ်။ ဒါ့အပြင် စီမံကိန်းကိုလည်း ကန့်ကွက်ပါတယ်။ ဆက်ပြီးလည်း ကန့်ကွက်သွားမှာပါ”ဟု အောင်သပြေကျေးရွာမှ ဒေသခံတောင်သူ ဦးရွှေအုန်းက ပြောကြားသည်။

ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားနေစဉ်နှင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်) လမ်းဖောက်လုပ်ရန်ပြင်ဆင်နေသည့် စက်ယန္တရားတစ်စီးကို ဒေသခံများက တားဆီးနေစဉ်

အဆိုပါ ကျေးလက်လမ်းတိုးချဲ့ ဖောက်လုပ်မှုနှင့်ပတ်သက်၍ လမ်းဘေးဝဲယာရှိ ယာမြေပိုင်ဆိုင်သည့် တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ခြင်းမရှိဘဲ သက်ဆိုင်ရာက ဖွဲ့စည်းပေးထားသည့် လမ်းကော်မတီအဖွဲ့များနှင့်သာ ဆွေးနွေးခဲ့ပြီး နစ်နာမှုများဖြစ်ပေါ်နေသည့် ဒေသခံတောင်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ခြင်းမရှိကြောင်း၊ ယင်းလမ်းဖောက်လုပ်မှု ပြဿနာနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တိုင်ကြားစာပေးပို့ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန် ဒေသခံများထံ အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက် နံနက်က အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက်မြေသားလမ်း နှစ်မိုင် ခုနစ်ဖာလုံကို ကွန်ကရစ် လမ်းခင်းခြင်း၊ နှစ်မိုင် တစ်ဖာလုံကို ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စတင်ဆောင်ရွက်ရာတွင် ရဲအင်အားအလုံး အရင်းဖြင့် လုံခြုံရေးရယူဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထိုသို့ ကျေးလက်လမ်းတိုးချဲ့ ဖောက်လုပ်ရာတွင် ဒေသခံများက ၎င်းတို့၏ ယာမြေများပေါ်မှ ဖြတ်သန်းဖောက်လုပ် သွားမည့်အပေါ် ကန့်ကွက်ခဲ့ကြပြီး ကုမ္ပဏီဘက်မှ ဝန်ထမ်းနှင့် ဒေသခံများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေသခံများနှင့် ကုမ္ပဏီဘက်မှ ဝန်ထမ်းတစ်ဦးအကြား အချင်းများမှုများဖြစ်ပွားခဲ့ရာ  ရဲတပ်ဖွဲ့ဝင်အချို့က ဝင်ရောက်ထိန်းသိမ်းပေးခဲ့ရာမှ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများအကြား ရုန်းရင်းဆန်ခတ်မှု ဆက်လက်ဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျေးလက်လမ်းတိုးချဲ့ ဖောက်လုပ်မှုနှင့်ပတ်သက်၍ လမ်းတိုးချဲ့ခင်းကျင်းရာတွင် ပါဝင်ခဲ့သည့် လမ်းတံတားဦးစီးဌာနမှ  တာဝန်ရှိသူအမျိုးသမီးတစ်ဦးကို မေးမြန်းရန် ကြိုးစားရာ အဆင်ပြေသည့်အချိန်မှသာ ဖြေကြားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းကျေးလက်လမ်းတိုးချဲ့ခင်းကျင်း ဖောက်လုပ်ရာသို့ ရဲတပ်ဖွဲ့ဝင် အင်အားအလုံးအရင်းက လုံခြုံရေးရယူဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာမြို့နယ်ထွေအုပ်၊ မီးသတ်၊ မြို့နယ် စည်ပင်၊ မြို့နယ်လမ်းတံတားဌာန အစရှိသည့် ဌာနပေါင်းစုံတို့မှ ဝန်ထမ်းအင်အားအလုံးအရင်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။ ကျေးလက်လမ်း တိုးချဲ့ဖောက်လုပ်ရာတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားသဖြင့်  လုပ်ငန်းလုပ်ဆောင်မှု ခေတ္တရပ်နားခဲ့သော်လည်း လုပ်ငန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent