အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့် တန်ဖိုးရှိ ဖမ်းဆီးရမိသည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို မီးရှို့ဖျက်ဆီး

အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့် တန်ဖိုးရှိ ဖမ်းဆီးရမိသည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို မီးရှို့ဖျက်ဆီး
Published 5 October 2018

ဖမ်းဆီးရမိသည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို နေပြည်တော်တွင် မီးရှို့ဖျက်ဆီးစဉ်

အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့် တန်ဖိုးရှိသည့် ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် အောက်တိုဘာ ၄ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီးရာတွင် ဆင်စွယ်စုစုပေါင်း ၂၇၇ ချောင်း၊ ဆင်အရိုး ငါးချောင်း၊ ကျားနှင့် တောကြောင်အရိုးမျိုးစုံ ၂၂၂ ချောင်း၊ သားရေမျိုးစုံ ၄၅ ချပ်၊ ဦးချိုမျိုးစုံ ၁၅၄၄ ချောင်း၊ သင်းခွေချပ် အကြေးခွံ ၄၅ ဒသမ ၅ ကီလိုဂရမ်နှင့် အခြားအစိတ်အပိုင်းများ (လိပ်ခွံနှင့် သည်းခြေမျိုးစုံ) ၅၅ ကီလိုဂရမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းသို့ မီးရှို့ဖျက်ဆီးခြင်းမှာ မြန်မာနိုင်ငံ အနေဖြင့် CITES ဟုခေါ်သည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေပြီး အဆိုပါကွန်ဗင်းရှင်းအရ တရားမဝင် သတ်ဖြတ်ထားသည့် တိရစ္ဆာန်အစိတ်အပိုင်းများကို ဖျက်ဆီးရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဖမ်းဆီးရမိသည့်ပစ္စည်းများကို နိုင်ငံတကာ ကတိကဝတ်အရ ရောင်းချကိုင်ဆောင် သုံးစွဲမရသည့်အတွက် မီးရှို့ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောကြားသည်။

“ကျွန်တော်တို့ CITES လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းမှာ မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ ဒီကွန်ဗင်းရှင်းမှာ လိုက်နာရမယ့်ကျင့်ဝတ်တွေ ရှိပါတယ်။ အဲဒါကတော့ တရားမဝင် သတ်ဖြတ်ထားတဲ့ တိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေဆိုရင် ဖျက်ဆီးပစ်ရပါတယ်။ မဟုတ်လို့ရှိရင် ဒီပစ္စည်းတွေကို တစ်နေရာရာမှာ သိမ်းမယ်။ ဒါမှမဟုတ်လည်း ပြန်လည်ရောင်းချမယ်ဆိုရင် ဒါတွေက ကျွန်တော်တို့က ဈေးကွက်ဖြစ်လာနိုင်ပါတယ်။ ဝယ်လိုအားတွေ ဖြစ်လာနိုင်တယ်။ ဒီပစ္စည်းတွေရဲ့ ဝယ်လိုအားတွေရှိတဲ့အတွက် ထပ်မံသတ်ဖြတ်ခြင်း ခံရနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ဖမ်းဆီးရမိတဲ့ ဆင်စွယ်တွေ အပါအဝင်၊ တောကောင်တွေရဲ့ အစိတ်အပိုင်းတွေကို မီးရှို့ဖျက်ဆီးရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဖမ်းဆီးရမိသည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို နေပြည်တော်တွင် မီးရှို့ဖျက်ဆီးစဉ်

လက်ရှိတွင် တောဆင်ရိုင်းအပါအဝင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် သတ်ဖြတ်ခြင်းခံနေရသည့်အတွက် အစိုးရအနေဖြင့် ကြိုးစားတားဆီးကာကွယ်နေရပြီး တောရိုင်းတိရစ္ဆာန်များသည် ဇီဝမျိုးစုံမျိုးကွဲများထဲတွင် အဖိုးတန်သယံဇာတများဖြစ်သည့်အတွက် ရေရှည်ထိန်းသိမ်းရန် လိုအပ်ကြောင်း ဒေါက်တာညီညီကျော်က ဆိုသည်။

“ဒီလိုဖျက်ဆီး မီးရှို့ခြင်းအားဖြင့် ဒါ ပြည်သူတွေကလည်းပဲ ဒီတိရစ္ဆာန်တွေဟာ တရားမဝင် သတ်ဖြတ်ခြင်းခံနေရတယ်။ ဒီပစ္စည်းတွေကလည်း တရားမဝင်ပစ္စည်းတွေ ဖြစ်တယ်။ ဒီပစ္စည်းတွေကို သုံးစွဲလို့ မသင့်တော်ဘူး။ မသုံးစွဲဘဲနဲ့ ဒါတွေကို ကျွန်တော်တို့က အသုံးအဆောင်အဖြစ် မသုံးစွဲဘူး။ အစားအသောက်တွေအဖြစ် မစားသောက်ဘူးဆိုရင် တိရစ္ဆာန်တွေကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ ကာကွယ်ရာလည်း ရောက်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

သယံဇာတနှင့် သဘာဝတ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝအရ သေသွားသည့် တောဆင်ရိုင်းများနှင့် အိမ်မွေးဆင်များ၏ အစိတ်အပိုင်းများအား ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်ခြင်း မရှိဘဲ ပြည်တွင်းရှိ ပြတိုက်များနှင့် အထိမ်းအမှတ် အသုံးအဆောင် ပစ္စည်းနေရာများတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆိုသည်။

အရှေ့တောင်အာရှဒေသများထဲတွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံပြီးနောက် ဒုတိယအများဆုံးအဖြစ် တောဆင်ရိုင်းကောင်ရေနှင့် အိမ်မွေးတိရစ္ဆာန်ကောင်ရေအဖြစ် အများဆုံး ပိုင်ဆိုင်ထားသော်လည်း တရားမဝင် သတ်ဖြတ်မှုများလာသည့်အတွက် တောဆင်ရိုင်းကောင်ရေ ၂၅၀၀ ခန့်ရှိပြီး မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင် ပိုင်ဆင် ၅၀၀၀ ခန့်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

CITES ကွန်ဗင်းရှင်းသည် မျိုးဆက်သုဉ်းလုဆဲ တောဆင်ရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များအား မူလနေရင်းဒေသများထဲမှ ထုတ်ယူခြင်း၊ ဖမ်းဆီးခြင်း၊ စုဆောင်းခြင်းများ ပြုလုပ်ကာ ကုန်သွယ်ကူးသန်းရောင်းဝယ်မှုကို အားပေးခြင်းမရှိဘဲ တားမြစ်ကန့်သတ်ထားခြင်းကို အဖွဲ့ဝင်နိုင်ငံ ၁၉၀ ကျော်က တညီတညွတ် လက်ခံသဘောတူထားပြီး စည်းမျဉ်းကန့်သတ်ချက်များကို နိုင်ငံအလိုက် တည်ဆဲဥပဒေများ၌ ထည့်သွင်းရေးဆွဲကြရန် ဥပဒေကြောင်းအရ ကတိကဝတ်ပြုထားသည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတစ်ခုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent