အမြဲအရှုံးပေါ်နေသည်ဟု ဆိုသော စက်သုံးဆီဆိုင်များကို ပိတ်သိမ်းခိုင်းပြီး ပြည်တွင်းလုပ်ငန်းရှင် အသစ်များနှင့် ပြည်ပစက်သုံးဆီ ထုတ်လုပ်ရောင်းချသူများအား လုပ်ကိုင်ခွင့်ရရှိရန် ဖန်တီးပေးသင့်ဟုဆို

အမြဲအရှုံးပေါ်နေသည်ဟု ဆိုသော စက်သုံးဆီဆိုင်များကို ပိတ်သိမ်းခိုင်းပြီး ပြည်တွင်းလုပ်ငန်းရှင် အသစ်များနှင့် ပြည်ပစက်သုံးဆီ ထုတ်လုပ်ရောင်းချသူများအား လုပ်ကိုင်ခွင့်ရရှိရန် ဖန်တီးပေးသင့်ဟုဆို
Published 4 October 2018

စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်နေသည့် ယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

အမြဲတမ်းအရှုံးပေါ်နေသည့် စက်သုံးဆီဆိုင်များကို ပိတ်သိမ်းခိုင်းပြီး ပြည်တွင်း လုပ်ငန်းရှင်အသစ်များနှင့် ပြည်ပစက်သုံးဆီ ထုတ်လုပ်ရောင်းချသူများကို လုပ်ကိုင်ခွင့်ရရှိရန် ဖန်တီးပေးသင့်ကြောင်း အောက်တိုဘာ ၃ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

“သက်ဆိုင်ရာကနေ အရှုံးပေါ်နေတဲ့ စက်သုံးဆီဆိုင်တွေကို ပိတ်သိမ်းခိုင်းပြီးပြည်တွင်း လုပ်ငန်းရှင်အသစ်များနဲ့ ပြည်ပစက်သုံး ဆီထုတ်လုပ်ရောင်းချသူများကို လာရောက် ဖွင့်လှစ်လုပ်ကိုင်ခွင့်ရရှိစေဖို့ ဖန်တီးပေးရန်အတွက် တိုက်တွန်းလိုပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

နိုင်ငံတော်၏ စက်သုံးဆီဆိုင်များ၊ မြေများကိုလည်း စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချနေသူများက မည်သည့်ဈေးနှုန်းများဖြင့် ရယူထားကြသည်ကို သိရှိလိုကြောင်း၊ ခေတ်ကာလ ဈေးအတိုင်းရရှိရန် လိုအပ်ကြောင်း၊ စက်သုံးဆီလုပ်ငန်းရှင်များသည် အမြဲတမ်း အရှုံးပေါ်နေသည်ကို ကြားသိနေရကြောင်း၊ တိုင်းပြည်တွင် အမြဲတမ်းအရှုံးပေါ်နေသည့် လုပ်ငန်းရှိနေပါက တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဂုဏ်အင်္ဂါရပ်ကို ထိခိုက်စေကြောင်း ဦးလှဌေးက ပြောကြားသည်။

စက်သုံးဆီဈေးနှုန်းများ လေးလဝန်းကျင်ကာလအတွင်း ၁၇ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းသည် ဒေါ်လာဈေးနှင့်နိုင်ငံခြား ဆီဈေးနှုန်းများအပေါ်မူတည်၍ တွက် ချက်နေရခြင်းကြောင့်ဖြစ်ပြီး စက်သုံးဆီလုပ်ငန်းနေများအနေဖြင့် ဈေးကွက်အတွင်း အပြိုင်အဆိုင်ဈေးနှုန်းများ လျော့ချရောင်းချနေခြင်းကြောင့် တစ်နှစ်တာတွင် ရှုံးသည့်ရက် ပိုများနေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ ဖြန့်ဖြူးရောင်းချသည့်အသင်းက စက်တင်ဘာ ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

စက်တင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံ စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းက သတ်မှတ်သည့် လက်လီစက်သုံးဆီရောင်း ချသည့် ဈေးနှုန်းသည် ၁၀၇၀ ဒသမ ၆၃ ကျပ် ရှိသော်လည်း ဈေးကွက်အတွင်း အနိမ့်ဆုံး ဈေးနှုန်း ၁၀၁၅ကျပ်နှင့် အမြင့်ဆုံးဈေးနှုန်း ၁၀၄၀ ကျပ်ရှိခဲ့ကြောင်း၊ ယင်းအခြေအနေတွင် အရင်းအောက်လျှော့ရောင်းနေသည့် ပုံစံဖြစ်ပြီး တစ်နှစ်တာအတွင်း ထိုကဲ့သို့ ရက်များစွာရှိနေသဖြင့် ဈေးကွက်အတွင်း အပြိုင်အဆိုင် လျှော့ချရောင်းချနေခြင်းများကြောင့် ဆီလုပ်ငန်းရှင်များအနေဖြင့် တစ်နှစ်တာအတွင်း ရှုံးသည့်ရက် ပိုများနေကြောင်းသတင်းစာ ရှင်းလင်းပွဲတွင် လုပ်ငန်းရှင်များက ပြော ကြားသည်။

Most Read

Most Recent