စက်သုံးဆီဈေးမြင့်တက်ခြင်း၊ ကုန်စည်ရှားပါးခြင်းတို့ကြောင့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေးယာဉ်အများစု ရပ်နားထားရပြီး တန်ဆာခများ ၁၀ ရာခိုင်နှုန်း တိုးမြှင့်

စက်သုံးဆီဈေးမြင့်တက်ခြင်း၊ ကုန်စည်ရှားပါးခြင်းတို့ကြောင့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေးယာဉ်အများစု ရပ်နားထားရပြီး တန်ဆာခများ ၁၀ ရာခိုင်နှုန်း တိုးမြှင့်
Published 4 October 2018

ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်းသို့ဝင်ရောက်မည့် ကုန်တင်ယာဉ်အချို့အား တွေ့ရစဉ်

 

စက်သုံးဆီဈေး မြင့်တက်ခြင်း ကုန်စည်ရှားပါးမှုတို့ကြောင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးယာဉ်များ အများစုရပ်နားထားရပြီး အထွေထွေကုန်တင်တန်ဆာခများ ၁၀ ရာခိုင်နှုန်းတိုးမြှင့်လျက်ရှိကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ကုန်စည်ပို့ဆောင်ရေးတွေက ရပ်လုနီးပါးဖြစ်နေတာ။ ရပ်လုနီးပါးဖြစ်တော့ တချို့ကုန်စည်တွေက ဈေးတွေတက်တာမဟုတ်ဘူး။ ဈေးတွေကျနေတယ်။ သွင်းတဲ့ကားတွေက ရာခိုင်နှုန်းနည်းနေတယ်။ ကားတွေ ရပ် ထားရတယ်။ လက်ရှိ စပ်ကုန်တွေဖြစ်တဲ့ လူသုံးကုန်၊ ကြာဆန်၊ ခေါက်ဆွဲ၊ ဂျုံ၊ ဘာညာတို့ က တန်ဆာခ တစ်ပိဿာ ၇၅ ကျပ်ဆိုတော့ အခု ၈၅ ကျပ်ပိုတောင်းမှ ကားတွေက သွားနိုင်မယ်။ အရင်က ရန်ကုန်-မန္တလေးကို ၇၅ ကျပ်နဲ့သွားနိုင်ပေမဲ့ အခု ၈၅ ဖြစ်မှကို သွားနိုင်တော့မယ်။ ဆန်၊ ပြောင်း၊ ပဲတို့က တန်ဆာခ တက်တာမဟုတ်ဘူး။ စပ်ကုန်တွေဖြစ်တဲ့ လူသုံးကုန်တွေပဲတက်တာ။ကားတွေအများစုက ရပ်ထားရတယ်။ ပြေးဆွဲနေသည့်ယာဉ်လိုင်း အသီးသီးကားအများစုပဲ” ဟုမြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မိုးက ပြောကြားသည်။

ကုန်မျိုးစုံတင်ဆောင်သည့် မကွေး၊ တောင်ကြီး၊ ပြည်၊ ဧရာဝတီ၊ ပုသိမ်ဂိတ်များ သည် ဆီဈေးတက်လာကာ ယခင် မကွေး-ရန် ကုန်တစ်ခေါက်လျှင် ကျပ်နှစ်သိန်းမျှရရှိပြီး  လက်ရှိအချိန်တွင် ၁၇၀၀၀၀ ခန့်သာ ရရှိကာ တွက်ခြေမကိုက်သဖြင့် ခရီးစဉ်ပြေးဆွဲမှုများ ရပ်နားထားရကြောင်း သိရသည်။ ထို့ပြင် မန္တလေး၊ မူဆယ်ဘက်သို့ သွားသည့် ၁၈ ဘီး၊ ၂၂ ဘီးကားများသည် တရုတ်မှ သကြားအဝယ် ရပ်ဆိုင်းလိုက်သဖြင့် တန်ဆာခမှာ မူ ဆယ်ဘက်သို့ ကျပ် ၈၁၀၀၀ မှ ကျပ် ၆၈၀၀၀၊ မန္တလေးသို့ ကျပ် ၃၈၀၀၀ မှ ကျပ် ၃၁၀၀၀ အထိ ထိုးကျသွားကြောင်းနှင့် မြဝတီဘက်တွင် ယာဉ်လိုင်းများကောင်းသဖြင့် ဝင်ရောက် ပြေးဆွဲရာ မြဝတီတွင်လည်း ဒေါ်လာဈေးတက်ကာ ကုန်မဝင်သဖြင့် ကားများစုပုံနေကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့  ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောကြားသည်။

“စီးလုံးယာဉ်တွေက တရုတ်က သကြား အဝယ်ရပ်လိုက်တယ်။ ရပ်လိုက်တဲ့အခါမှာ ပစ္စည်းထွက်ရှိမှုက နည်းလာတယ်။ကားတွေက ပုံ လာတယ်။ ကားတွေပုံလာတော့ တန်ဆာခကျတယ်။ မူဆယ်ဘက်ကို အရင်ကတန်ဆာခ ၈၁၀၀၀ ကနေ အခု ၆၈၀၀၀ ကျသွားတယ်။ ကုန်မထွက်တော့ ကားတွေ ပုံလာရင် တန်ဆာခ ကျလာတယ်” ဥက္ကဋ္ဌဦးကိုကိုနိုင်က ပြောကြားသည်။

အမေရိကန်ဒေါ်လာဈေးမှာ ကျပ် ၁၅၅၀ ဝန်းကျင် ကျဆင်းသွားသော်လည်း ဆီဈေးမှာ မြင့်တက်လျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် ဆီတစ်လီတာလျှင် ၅၅၇ ကျပ်သာရှိပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလပိုင်းက တစ်လီတာလျှင် ပျမ်းမျှ ၁၀၇၅ ကျပ်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်-တောင်ကြီး ခရီးစဉ်ကို ဆီဖိုး နှစ်သိန်းသုံးသောင်းသာရှိပြီး လက်ရှိတွင် လေးသိန်းခွဲအထိတက်သွားကြောင်း၊ ကားတစ်စီးလုံးတွင် ကုန်ကျစရိတ် ၈၄ ရာခိုင်နှုန်း အထိကုန်ကျပြီး ၁၅ ရာခိုင်နှုန်းသာ ကျန်ရှိ ကြောင်း သိရသည်။

Most Read

Most Recent