မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တုနှင့် သင်္ဘောကွေ့ ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူများ တွေ့ရှိကြောင်း တပ်မတော် သတင်းထုတ်ပြန်

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တုနှင့် သင်္ဘောကွေ့ ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူများ တွေ့ရှိကြောင်း တပ်မတော် သတင်းထုတ်ပြန်
Published 7 November 2017

တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည့် လိုဏ်ဂူများတွေ့ရှိခဲ့သည့် နေရာပြမြေပုံ (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တုနှင့် သင်္ဘောကွေ့ ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူများ တွေ့ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တုနှင့် သင်္ဘောကွေ့ ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူများ တွေ့ရှိကြောင်း သတင်းအရ နိုဝင်ဘာ ၅ ရက် နံနက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ကျေးရွာများသို့ သွားရောက် ရှာဖွေရာ ကျောက်ပန္တုကျေးရွာ အလယ်ရှိ တောင်ကုန်းငယ်၌ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ငါးပေရှိ သစ်လုံးများ မိုးထားပြီး ပျဉ်ခင်းထားသော လူလုပ်လိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့ကာ စစ်ဆေးချက်များအရ ယခင်က အကြမ်းဖက်သမားများ၏ ရိက္ခာနှင့် ဆေးဝါးများ သိုလှောင်ခဲ့သည့် ခြေရာလက်ရာများကို ရှာဖွေ့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ပန္တုတွင် တွေ့ရှိခဲ့သည့် လိုဏ်ဂူကိုတွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဆက်လက်ပြီး သင်္ဘောကွေ့ကျေးရွာသို့ ထပ်မံသွားရောက် ရှာဖွေခဲ့ရာ ကျေးရွာ၏ အရှေ့ဘက်တောင်ကုန်း၌ အမြင့် လေးပေ၊ အနံ သုံးပေရှိပြီး ကျောက်သားအား ထွင်းထားသော လိုက်ဂူတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါ လိုဏ်ဂူသည် အပေါက်ဝမှ ပေ ၃၀ ခန့် ဝင်ရောက်သွားပါက လမ်းခွဲ နှစ်ခုရှိကာ ယာဘက်လမ်းခွဲ၏ အရှည်သည် ပေ ၄၀ ခန့်ရှိပြီး ဘေးဝဲယာနံရံများ၌ နှစ်ပေခန့်ရှိ လူနေထိုင် အိပ်စက်နိုင်ရန် နေရာများနှင့် အဆုံး၌ ငါးပေပတ်လည် အကျယ်ရှိ မြေလွတ်တစ်ခုတို့ကို ပြုလုပ်ထားကြောင်း၊ ဝဲဘက် လမ်းခွဲ၏ အရှည်သည်လည်း ပေ ၄၀ ခန့် ရှည်လျားပြီး ဘေးဝဲယာနံရံများ၌ နှစ်ပေခန့်ရှိ လူနေထိုင် အိပ်စက်ရန် နေရာများနှင့် လမ်းအဆုံး၌ ထွက်ပေါက် တစ်ခုတို့ကို ပြုလုပ်ထားကြောင်း၊ ၎င်းလိုဏ်ဂူသည် ယခင်က အကြမ်းဖက်သမား အင်အား ၂၀ မှ ၂၅ ဦးခန့် နေထိုင်ခဲ့ကြောင်းတို့အား စစ်ဆေးတွေ့ရှိရပြီး လိုဏ်ဂူအတွင်းမှ ဆန်အိတ်ပိုင်း ငါးပိုင်း၊ ဆီပုံးခွံ တစ်ခု၊ သင်္ဘောကွေ့ကျေးရွာနေ မာမတ်တူဆောင်း (ဘ) မိုဟာမတ်ကာလာမျာနှင့် ကျောက်ပန္တုကျေးရွာနေ အဒူဟာလိပ် (ဘ)အာဘူဟာရှိန်းတို့၏ အမည်များပါရှိသည့် ကျောင်းသားကတ် နှစ်ခု၊ ကိုရမ်ကျမ်းစာအုပ် သုံးအုပ်နှင့် ဟောင်းနွမ်းနေသည့် အင်္ကျီသုံးထည်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လိုဏ်ဂူများ တွေ့ရှိခဲ့သည့် ကျေးရွာများနှင့် အနီးတစ်ဝိုက်တို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ် စစ်ဆေးရှာဖွေလျက်ရှိကြောင်း တပ်မတောာ်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။


ကျောက်ပန္တုနှင့် သင်္ဘောကွေ့ ကျေးရွာများတွင် တွေ့ရှိခဲ့သည့် လိုဏ်ဂူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဇူလိုင် ၃၀ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာမှ ခရုရှာသွားရင်း မေယုတောင်တွင် ပျောက်ဆုံးနေသူအား ရွာသားများနှင့် လုံခြုံရေးတပ်ဖွဲ့များက ရှာဖွေရာ ပျောက်ဆုံးနေသူ၏ အသုံးအဆောင် ပစ္စည်းအချို့နှင့် ဘင်္ဂါလီ အကြမ်းဖက်သမားများ ဆောက်လုပ်ထားသည်ဟု ယူဆရသော ဆောက်လုပ်ဆဲ တဲများကို နေရာသုံးခုတွင် ထပ်မံတွေ့ရှိခဲ့ရကြောင်း၊ အဆိုပါတဲများတွင် တွေ့ရှိခဲ့ရသည့် ရိက္ခာနှင့် အခြားပစ္စည်းများမှာ WFP မှ ထောက်ပံ့သည့် High Energy Biscuits မုန့်ထုပ်များ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပြည်သူကို ထောက်ပံ့ထားသည့် ပစ္စည်းများ ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

ထို့ပြင် ဇွန် ၂၀ ရက်ကလည်း ဘူးသီးတောင်၊ မောင်တောဒေသ မေယုတောင်ကြောပေါ်တွင် လိုဏ်ခေါင်း၊ သေနတ်များ၊ လူနေတဲ၊ ဂိုဒေါင်များ၊ စားနပ်ရိက္ခာများ၊ အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ရန်ပြုသူအား အသေဖမ်းဆီးခဲ့ကြောင်းနှင့် အမျိုးသား အမျိုးသမီး အဝတ်များ၊ မျက်နှာဖုံးစွပ်များ၊ ယမ်းမှုန့်များ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇွန် ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထက်ပါ လှိုဏ်ခေါင်းအား ဝင်ရောက်ရှင်းလင်းရာ အနက်ရောင် မျက်နှာဖုံးစွပ်ထားသည့် အကြမ်းဖက်သမား နှစ်ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent