‘ဝ’ နှင့် မိုင်းလားဒေသသို့ ငြိမ်းချမ်းရေး ကော်မရှင်က ယခုလအတွင်း သွားရောက်ရန် စီစဉ်လျက်ရှိပြီး အစိုးရအဖွဲ့ တာဝန်ရှိသူများလည်း ပါဝင်မည်

‘ဝ’ နှင့် မိုင်းလားဒေသသို့ ငြိမ်းချမ်းရေး ကော်မရှင်က ယခုလအတွင်း သွားရောက်ရန် စီစဉ်လျက်ရှိပြီး အစိုးရအဖွဲ့ တာဝန်ရှိသူများလည်း ပါဝင်မည်
Published 7 November 2017

“ဝ” နှင့် မိုင်းလားဒေသသို့ ငြိမ်းချမ်းရေး ကော်မရှင်က ယခုလအတွင်း သွားရောက်ရန် စီစဉ်လျက်ရှိပြီး အစိုးရအဖွဲ့ တာဝန်ရှိသူများလည်း ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ “ဝ” အဖွဲ့ (UWSP/UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) အား အောက်တိုဘာလကတည်းက ငြိမ်းချမ်းရေးကော်မရှင်က သွားရောက်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း အခြားငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကြောင့် လုပ်ငန်းများ မအားလပ်သဖြင့် မသွားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီလထဲမှာသွားဖို့ စီစဉ်ထားတယ်။ အကြမ်းဖျင်းပေါ့လေ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ လူကြီးတွေလည်း နိုင်ငံခြား ခရီးစဉ် သွားနေကြသေးတယ်။ ပြီးတော့ DPN နဲ့လည်း တွေ့ဖို့ရှိသေးတော့ အဲဒါပြီးမှ သွားနိုင်မယ်။ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးကိစ္စ၊ ပြည်တွင်းရေးကိစ္စပဲ ဖြစ်မှာပေါ့ဗျာ။ အစိုးရဘက်ကလည်း ပါမယ်ထင်တယ်ဗျ။ အဲဒါ (ဖွံ့ဖြိုးရေးကိစ္စ) တွေလည်း ပါမှာပေါ့” ဟု ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက နိုဝင်ဘာ ၆ ရက်က ပြောကြားသည်။

ထိုသို့ သွားရောက်ရာတွင် အစိုးရဘက်မှ မည်သည့်ပုဂ္ဂိုလ်များ ပါဝင်မည်ကိုမူ ခရီးစဉ် သွားရောက်သည့်အခါ သိရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အောက်တိုဘာလအတွင်း ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ သတ္တမအကြိမ် တွေ့ဆုံပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

“သွားတဲ့အခါမှာ ကျွန်တော်တို့က နံပါတ်တစ်ကတော့ ဒေသဖွံ့ဖြိုးရေးဆိုင်တာ ပါမယ်။ နံပါတ်နှစ်ကတော့ နှစ်ဖက်ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဒီဘက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်နေတယ်။ ဆောင်ရွက်နေတဲ့ အချိန်မှာ အဓိက ကျွန်တော်တို့ သွားတာက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သွားတာ။ အဲဒီဘက်မှာ အခြေခံမူတွေ ထွက်သင့်သလောက်လည်း ထွက်လာတယ်။ ဆက်ပြီးတော့လည်း ထွက်ဖို့ရှိတယ်။ အဲဒီ အပေါ်မှာ ဒီအဖွဲ့တွေ မကျန်ခဲ့စေချင်ဘူး။ အဲဒီ အပေါ်မှာ သူတို့တွေ ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်နိုင်မလဲ နှစ်ဖက်ဆွေးနွေးကြမှာပါ” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် “ဝ” အဖွဲ့အနေဖြင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံသည့်အခါ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများသာ ဆွေးနွေးလိုပြီး ငြိမ်းချမ်းရေး ကိစ္စရပ်များကိုမူ “ဝ” အဖွဲ့ အပါအဝင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အနေဖြင့်သာ ဆွေးနွေးလိုကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ထို့အတူ အစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေးရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဖြင့်သာ ဆွေးနွေးရန်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် NCA စာချုပ်အား ဖြတ်ကျော်ပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရန် မူဝါဒ ချမှတ်ထားသည်။

မြောက်ပိုင်း ခုနစ်ဖွဲ့သည် လက်ရှိ NCA စာချုပ်အား လက်မခံသော်လည်း ၎င်းတို့ ရေးဆွဲထားသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်နှင့် တစ်နိုင်ငံလုံး လွှတ်တော်အဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်အား အစိုးရထံ ပေးပို့ထားသည်။

နေပြည်တော်၌ မေလက ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးသို့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အား “အထူးဧည့်သည်တော်” အဖြစ် ဖိတ်ကြားခဲ့သည်။

သို့ရာတွင် ကျန်သုံးဖွဲ့ဖြစ်သည့် ရခို လက်နက်ကိုင်အဖွဲ့ (AA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) အဖွဲ့မှာ ဖိတ်ကြားခံရခြင်း မရှိသဖြင့် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်ကိုယ်တိုင် ညီလာခံ မကျင်းပမီ နေပြည်တော်သို့ လာရောက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံကာ ကြားဝင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သဖြင့် မြောက်ပိုင်းခုနစ်ဖွဲ့စလုံး ညီလာခံသို့ တက်ရောက်ခွင့် ရရှိခဲ့သော်လည်း လေ့လာခွင့်သာ ရရှိခဲ့သည်။

အလားတူ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ ကျင်းပသည့် NCA ရေးထိုးခြင်း နှစ်နှစ်ပြည့် အခမ်းအနား တက်ရောက်ရန် အစိုးရဘက်က FPNCC ကော်မတီ အနေဖြင့် ဖိတ်ကြားခြင်းမပြုဘဲ မြောက်ပိုင်းခုနစ်ဖွဲ့အား တစ်ဖွဲ့ချင်းထံ ဖိတ်ကြားခဲ့သော်လည်း အချိန်အခက်အခဲနှင့် လမ်းခရီး လုံခြုံရေးကြောင့်ဟုဆိုကာ NCA နှစ်နှစ်ပြည့် အခမ်းအနားသို့ မြောက်ပိုင်းအဖွဲ့များ တက်ရောက်ခဲ့ခြင်း မရှိပေ။

Most Read

Most Recent