ဘရူနိုင်းဘုရင်၏ နန်းမွေဆက်ခံသည့် နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနား တက်ရောက်ရန် ဘရူနိုင်းနိုင်ငံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်

ဘရူနိုင်းဘုရင်၏ နန်းမွေဆက်ခံသည့် နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနား တက်ရောက်ရန် ဘရူနိုင်းနိုင်ငံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်
Published 4 October 2017

ဘရူနိုင်းဘုရင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၇ ခုနှစ် ဧပြီလကုန်ပိုင်းက မနီလာမြို့၌ တွေ့ဆုံစဉ် (Photo – MOFA Myanmar)

ဘရူနိုင်းဘုရင်၏ နန်းမွေဆက်ခံသည့် နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနား တက်ရောက်ရန် ဘရူနိုင်းနိုင်ငံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန်ဟာဂျီဟာ ဆယ်နယ်လ်ဘိုကီးယား မူအစ်ဇာဒင်ဝါအူလာ၏ ဖိတ်ကြားချက်အရ ဘရူနိုင်းဘုရင်၏ နန်းမွေဆက်ခံသည့် နှစ် (၅၀) ပြည့် ရွှေရတုအခမ်းအနားသို့ တက်ရောက်ရန် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆာရီဘီဂါဝန်မြို့သို့ မကြာမီကာလအတွင်း သွားရောက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားပြီး မည်သည့်ရက်တွင် သွားရောက်မည်ကို မသိရှိရပေ။

အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်းသာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးဇော်ဌေးက အောက်တိုဘာ ၃ ရက်တွင် The Daily Eleven သတင်းစာ၏ သီးခြားဆက်သွယ် မေးမြန်းမှုကို ဖြေကြားသည်။

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန်ဟာဂျီဟာဆယ်နယ်လ်ဘိုကီးယား မူအစ်ဇာဒင် ဝါအူလာသည် ၁၉၆၇ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် နန်းမွေဆက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ဘရူနိုင်းနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ ခုနှစ် ဧပြီလကုန်ပိုင်းက ပြုလုပ်သည့် အကြိမ် (၃၀) မြောက် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်စဉ် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန်နှင့် မနီလာမြို့ ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၊ အရေးကြီးပုဂ္ဂိုလ် ဧည့်ခန်းမဆောင်၌ သီးခြားတွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုမြှင့်တင်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍတို့၌ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ထိုစဉ်အချိန်က နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Lubomir Zaoralek က ချက်သမ္မတနိုင်ငံသို့ အလည်အပတ် လာရောက်ရန် ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုလအတွင်း သွားရောက်ရန် စီစဉ်ထားသည်။

သို့ရာတွင် ချက်နိုင်ငံခရီးစဉ်မှာ လက်ရှိ ပြည်တွင်းရေး အခြေအနေများအရ သွားရောက်ရန် မသေချာသေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက စက်တင်ဘာ ၂၁ ရက်တွင် The Daily Eleven သတင်းစာကို ပြောကြားထားပြီး လက်ရှိတွင် ခရီးစဉ် ဖြစ် မဖြစ်အား သီးခြား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာလ အတွင်းက ကျင်းပခဲ့သည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အထွေထွေမူဝါဒ ဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြားရန် စီစဉ်ခဲ့သော်လည်း ပြည်တွင်းရေးရာ ကိစ္စများကြောင့် ညီလာခံ တက်ရောက်ရန် အစီအစဉ်အား ဖျက်သိမ်းပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုသာ တက်ရောက်စေခဲ့သည်။

Most Read

Most Recent