JAM IT! သို့မဟုတ် ဂီတကို ရူးသွပ်သူတွေရဲ့နေရာ

JAM IT! သို့မဟုတ် ဂီတကို ရူးသွပ်သူတွေရဲ့နေရာ
Published 23 November 2017

Jam It ကို ၂၀၁၂ ခုနှစ်လောက်က စတင်ပြီးတော့ မြန်မာနိုင်ငံ ပန့်ခ်ဂီတရဲ့ သက်တမ်းရင့် တီးဝိုင်းတစ်ခုဖြစ်တဲ့ No U Turn က ပင်တိုင်အဆိုတော် ရဲငွေစိုးနဲ့ Eaid Dhi တို့က စတင်သန္ဓေတည် မွေးဖွားပေးခဲ့ပါတယ်။

Jam It ပွဲတွေပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ဂီတကိုရူးသွပ်တဲ့ လူငယ်တွေအတွက် ရှိုးတွေသီဆိုနိုင်ဖို့ နေရာတစ်ခု ဖန်တီးပေးဖို့လည်း ဖြစ်ပါတယ်။ Jam It မရှိခင်ကာလတွေက မျိုးဆက်သစ် ဂီတလူငယ်တွေအတွက် ရှိုးဆိုဖို့နေရာတွေ အလွန်ရှားခဲ့ပါတယ်။ ဒီလိုရှိုးဆိုဖို့ နေရာမရှိတဲ့အတွက် သီချင်းအသစ်တွေ မဖန်တီးဖြစ်တော့ဘူးလို့ ကိုရဲငွေစိုးက ပြောခဲ့ပါတယ်။

ရှိုးတွေဆိုတာကလည်း နေရာငှားခတွေ၊ လိုအပ်တဲ့ စက်ငှားခ စရိတ်စကတွေက အလွန်များပြားတဲ့အတွက် မျိုးဆက်သစ်တီးဝိုင်းတွေဟာ သူတို့ရဲ့ ဖန်တီးမှုအသစ်တွေကိုချပြဖို့ ကြီးမားတဲ့ ပိတ်ဆို့မှုကြီးတစ်ရပ်အဖြစ် ရှိနေခဲ့ပါတယ်။ ကိုယ့်စရိတ်ကိုယ်စိုက်ပြီး သီချင်းအသစ်တစ်ပုဒ်အတွက် ရုန်းကန်နေရတဲ့ လူငယ်တွေအတွက် ရှိုးဆိုတာ ကိုယ်တိုင်ပြုလုပ်ဖို့ မဖြစ်နိုင်သလို ထုတ်လုပ်သူတွေကလည်း တက်သစ်စတွေကို နေရာပေးဖျော်ဖြေခွင့်ပေးဖို့ဆိုတာ အတော်ကို ရှားပါးတဲ့ အခွင့်အရေးပေးမှုတစ်ခုပါပဲ။

အဲဒီလို အခက်အခဲဖြစ်နေတဲ့ လူငယ်တွေအတွက် မျှော်လင့်ချက်လမ်းစတစ်ခုကို ရဲငွေစိုးနဲ့ Eaid Dhi တို့က Jam It အဖြစ် ၂၀၁၂ ခုနှစ်မှာ စတင်အသက်သွင်းခဲ့ပြီး ဂီတကိုဖန်တီးချင်တဲ့ လူငယ်တိုင်း ငွေကြေးမလို၊ နေရာမလို ကြိုက်တဲ့နေရာမှ ကိုယ့်ရဲ့ရူးသွပ်မှုကို ဖန်တီးနိုင်ရမယ်ဆိုပြီး Jam It ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

“အခွေဆိုတာကလည်း သိတဲ့အတိုင်း တစ်နှစ်တစ်ခွေဆိုတာက လွယ်တာမဟုတ်ဘူး။ ဒီမှာက ဈေးကွက်က မကောင်းဘူး။ ဖြန့်ချိရေးနဲ့ကလည်း အဆင်မပြေဘူး။ အဆင်မပြေတာကလည်း သူတို့ရဲ့ အမှားတော့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စနစ်ကြီးကိုက အခွေကရောင်းတဲ့ဆိုင်တွေမှာ နှစ်ပတ်လောက် ရောက်ပြီးသွားရင် ကိုယ့်အခွေက အဲဒီရောင်းတဲ့နေရာတွေမှာ မရတော့ဘူး။ အခွေထွက်တယ်ဆိုတာ သိန်း ၂၀ လောက်ရင်းပြီး နှစ်ပတ်လောက်ပဲ  ရောင်းရသလို ဖြစ်နေတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဂီတကိုလုပ်တယ်ဆိုတာ ဘယ်သူ့ကိုစောင့်နေတယ်။ ပိုက်ဆံကို စောင့်နေတယ်။ ဒါမှမဟုတ် ခင်ဗျားတို့ အခွင့်အရေးတစ်ခုကို စောင့်နေတယ်ဆိုတာ အရမ်းမှားသွားလိမ့်မယ်။ ဘာကိုမှ စောင့်နေစရာမလိုဘူး။ ကိုယ်လုပ်ချင်တဲ့ဂီတကို ကြိုက်တဲ့နေရာမှာ လုပ်ပိုင်ခွင့်ရှိတယ်။ အဲဒါက ကျွန်တော်တို့နှစ်ယောက်ရဲ့ အဓိကရည်ရွယ်ချက်ပါ” ဟု ရဲငွေစိုးက Jam It ကို ဖန်တီးရတဲ့အကြောင်းကို ပြောခဲ့ပါတယ်။

Jam It ရဲ့ ကနဦးကာလတွေမှာ မျိုးဆက်သစ် ဂီတလူငယ်တွေအတွက် အခက်အခဲတွေက အတော်ကို များပြားခဲ့တာဖြစ်သကဲ့သို့ ပွဲတွေဆိုဖို့အတွက်လည်း နီးစပ်ရာကို အကူအညီတောင်းခဲ့ရတာပဲ ဖြစ်ပါတယ်။

“လူငယ်တွေက ပွဲရှိရင်ပြောပါ အစ်ကိုတို့။  ဒီမို(အခွေကြမ်း) လေး လုပ်ထားတယ်တို့၊ အဲဒီလို အကြောင်းအရာတွေကိုပဲ ကျွန်တော့်ပတ်ဝန်းကျင်မှာ ကြားနေခဲ့ရပါတယ်”ဟု ရဲငွေစိုးက ပြောခဲ့ပါတယ်။

Jam It ကို အများပြည်သူပိုင်နေရာတွေမှာ ဟော်လိုဂစ်တာတွေနဲ့ တီးခတ်သီဆိုကာ အစပြုခဲ့ပြီး ဂီတလမ်းကြောင်းမှာ လျှောက်နေကျပုံစံမျိုးနဲ့ လျှောက်လှမ်းတဲ့အခါ အဆင်မပြေတော့တာကို သတိပြုမိတဲ့အတွက် မတူညီတဲ့ပုံစံနဲ့ လျှောက်လှမ်းမှုအသစ်အဖြစ် Jam It ကို စတင်ခဲ့ပြီး ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို ခံနိုင်ဖို့အတွက်လည်း ပြင်ဆင်ခဲ့ကြပါတယ်။

“ဟော်လိုဂစ်တာနဲ့ တီးတယ်ဆိုတာက ဟိုးအရင် အစဉ်အဆက်ကတည်းကပါ” ဟု Eaid Dhi က ပြောခဲ့ပြီး “သိပ်ပြီးတော့ မျှော်လင့်ချက်တွေအများကြီး ထားလို့မရတော့ဘူး။ လျှောက်နေကျ လမ်းအတိုင်း လျှောက်လို့မရတော့ဘူး။ မတူတဲ့အရာတွေကို လုပ်ရတော့မယ်။ အဲဒီအတွက် ပတ်ဝန်းကျင်ကနေ ပြောတာတွေရှိမယ်။ အဲဒါတွေကိုသည်းခံပြီး လုပ်ရမယ်” ဟု ရဲငွေစိုးက ပြောခဲ့ပါတယ်။ Jam It ရဲ့ ကနဦး ကာလတွေမှာဆိုရင်တော့ ပါဝင်တဲ့တီးဝိုင်းအဖွဲ့တွေက မျှော်စင်ကျွန်းရဲ့ နေရာလေးတစ်ခုမှာ တီးဝိုင်းအဖွဲ့ လိုက်ကိုယ်စီကိုယ်စီ တေးသီချင်းတွေကို သီဆိုပြရင်း၊ မျှဝေရင်း စတင်သိရှိလာကြပြီး တဖြည်းဖြည်းနဲ့ ဂီတအသိုင်းအဝိုင်း မိသားစုတစ်ခုအသွင် ဖြစ်လာခဲ့ပါတယ်။

“အကုန်လုံးက တီးဝိုင်းတွေရှိတယ်။ သူတို့တီးဝိုင်းက သီချင်းတွေ ရှိတယ်။ သူတို့ဘန်ရဲ့ သီချင်းတွေကို သူတို့ဆိုသလို အပြန်အလှန်နားထောင်တယ်။ အဲဒီလို ပုံစံလေးကို သဘောကျတယ်။ ကိုယ်က ကိုယ့်သူငယ်ချင်းတွေ ဒီထက်ပိုများလာမယ်။ ကိုယ့်ရဲ့ ပရိသတ်တွေလည်းရှိမယ်။ သူတို့လည်း ရှိမယ်။ သူတို့လည်း ပါလာမယ်ဆိုလျှင် ဘာမှလည်း မလိုဘူး။ ကိုယ့်စီမှာရှိတဲ့ ပစ္စည်းတွေနဲ့ ကိုယ်တတ်နိုင်သလောက်နဲ့ ကိုယ့်ဟာကိုလုပ်တယ်။ အကုန်လုံးကတီးမယ်။ ဆိုမယ်။ ဘယ်သူကမှ ဒါကိုတားလို့မရသလို၊ ဘယ်သူကိုမှလည်း ငွေကြေးပေးစရာ မလိုဘူးလေ” ဟု ကို Eaid Dhi က ဆိုပါတယ်။

Jam It ပွဲတွေမှာ ပါဝင်ပူးပေါင်းတဲ့အဖွဲ့ တွေက မိမိတို့ ရူးသွပ်မြတ်နိုး တန်ဖိုးထားတဲ့ ဂီတသက်သက်ကိုသာ လုပ်ဆောင်ဖို့ စိတ်ဝင်းစားတဲ့သူတွေ ဖြစ်လာခဲ့ပြီး၊ သမားရိုးကျ နည်းလမ်းတွေကို ငြီးငွေ့နေတဲ့ သူတွေလည်း ဖြစ်ပါတယ်။

Jam It တည်ထောင်သူ ရဲငွေစိုးက ၂၀၁၂  ခုနှစ်ကာလက ဂီတလောကအကြောင်းကိုတော့ “နိုင်ငံခြားရုပ်ရှင်တစ်ကားမှာ ပေါ့ဗျာ။ အဲဒီထဲမှာ သူတို့တွေက ကားကြီးတစ်စင်းကို ပြင်ပြီးတော့သွားတယ်။ မသေချာဘူး။ ဒီမြို့ရောက်တဲ့အခါ ပွဲရှိ မရှိဆိုတာ။ အဲဒီမြို့ရောက်မှပဲ ဆက်သွယ်ကြတာ။ ကျွန်တော်တို့ သုံးရက်ကြာရင် ဆိုမယ်ပေါ့ဗျာ။ ဘယ်လိုမှ မသေချာတဲ့ ကိစ္စကိုလုပ်တာ။ စားဖို့သောက်ဖို့ အဆင်မပြေလို့ သူတို့တွေ ခရမ်းချဉ်သီးတွေ လားစားတဲ့ အခန်းတစ်ခန်းပါသေးတယ်ဗျ။ အဲဒီလိုပေါ့ဗျာ။ ဂီတအတွက် ဖြစ်သလိုလုပ်ကြတာပေါ့။ ဒီက Music Life က သိတဲ့အတိုင်း ဂီတပုံစံတွေက အများကြီးပဲ၊ တကယ်တမ်းကျတော့ ဒီလိုတော့ မလုပ်ပါနဲ့၊ ဟိုလိုမျိုးခွေထုတ်ပါလား၊ အဲဒီလိုတွေပဲ ပြောကြတာများတယ်” ဟု ရဲငွေစိုးက ပြောကြားတယ်။

Jam It ကို စတင်ပြုလုပ်တဲ့အချိန်က ရဲငွေစိုးနဲ့ အယ်ဒီတို့ဟာ သူတို့ရဲ့ နီးစပ်ရာ ဂီတလူငယ် သူငယ်ချင်းတွေကို ဆက်သွယခေါ်ယူပြီး ဖျော်ဖြေစေခဲ့ပြီး Jam It ကို ကျယ်ပြန့်လာစေဖို့ စိတ်ကူးခဲ့ကြပါတယ်။

Jam It ကို ၂၀၁၂ ခုနှစ်တွင်  No U Turn ၊ Fever 109 Band ၊ Abnormal December Band ၊ General Tiger Gun Band စတဲ့ တီးဝိုင်းအဖွဲ့တွေက ကန်တော်ကြီးမျှော်စင်ကျွန်းရဲ့ ခုံလေးတွေမှာ ဟော်လိုဂီတာတွေနဲ့ သူတို့ဖန်တီးရေးစပ်ထားတဲ့ တေးသီချင်းတွေကို ဖျော်ဖြေရင်းအစပြုခဲ့ကြပါတယ်။

ပွဲတွေမှာ ပါဝင်ဖျော်ဖြေတဲ့ အဖွဲ့တွေဟာ ပန့်ခ်ရော့ခ်အဖွဲ့တွေ အပါအဝင် ONE WAY အဖွဲ့လိုမျိုး ဟစ်ဟော့ပ်ဂီတကို ရူးသွပ်မြတ်နိုးတဲ့ လူငယ်အဖွဲ့တွေအပါအဝင် ဂီတပုံစံအမျိုးမျိုးကို မြတ်နိုးရူးသွပ်ကြတဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး ဂီတကို ရူးသွပ်ခံစားသူ လူငယ်တွေနဲ့အတူ ကန်တော်ကြီးမျှော်စင်ကျွန်းရဲ့ ခုံလေးတွေမှာ ပရိသတ်မရှိသလောက်နဲ့ အစပြုခဲ့တဲ့ Jam It ပွဲတွေဟာ တဖြည်းဖြည်းနဲ့ မျိုးဆက်သစ် ဂီတအဖွဲ့တွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့သလို ၂၀၁၇ ခုနှစ်မှာတော့ ငါးနှစ်ပြည့်မြောက်ခဲ့ပြီး ငါးနှစ်ပြည့်ပွဲကိုတော့ NOUTURN Fever 109 General Tiger Gun စတဲ့ တီးဝိုင်းတွေနဲ့အတူ ဟစ်ဟော့ပ် ဂီတကိုမြတ်နိုးတဲ့ လူငယ်တွေဖွဲ့စည်းထားတဲ့ ONE WAY အဖွဲ့တွေအပါအဝင်The Myth Band ၊ Never Reverse Band ၊ Kultureshock Band စတဲ့ အဖွဲ့တွေစုစည်းပြီး ပြည်သူ့ရင်ပြင်မှာ ဖျော်ဖြေခဲ့ကာ အားပေးတဲ့ပရိတ်သတ် အတော်များပြားလားခဲ့ပြီ ဖြစ်ပါတယ်။

ဂီတကို ရူးသွပ်တဲ့ လူငယ်တွေအတွက် ဖန်တီးထွက်ပေါ်လာတဲ့ Jam It ဖျော်ဖြေပွဲတွေမှာ မျိုးဆက်သစ်ဂီတသမားတိုင်းဟာ ငွေကြေးလိုအပ်မှုတွေ၊ တေးစီးရီးခွေ ထုတ်နိုင်မထုတ် နိုင်တွေကိုမေ့ထားပြီး လာရောက်ဖျော်ဖြေကြပါတယ်။ ဒီဖျော်ဖြေပွဲတွေကို ပြည်သူလုထု ပရိသတ်တွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အားပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်လျင် ရွက်ပုန်းသီးဂီတလူငယ်တွေ အများအပြား ထွက်ပေါ်လာဖို့ ရှိပါတယ်။

Jam It ဖြစ်တည်လာပြီးနောက်ပိုင်း မျိုးဆက်သစ်ဂီတအဖွဲ့တွေအတွက် မိမိတို့ရဲ့ ဖန်တီးမှုတွေကို ပြသဖို့အတွက် နေရာတစ်ခု ရှာတွေ့လာနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးမျိုးဆက် သစ်ဂီတသမားတွေကို အခွင့်အရေးတွေ ရှာပေးနိုင်တဲ့ ပွဲတွေပေါ်ပေါက်လာခြင်းက မိမိတို့နိုင်ငံရဲ့ ဂီတလောက အဆင့်မြင့်တိုးတက် စေဖို့အကြောင်းတရား ဖြစ်တဲ့အတွက် ပြည်သူလူထု ပရိသတ်တွေက ဝိုင်းဝန်းအားပေးကူညီကြဖို့လိုပြီး Jam It ဆိုတာ ငါးနှစ်တာ ကာလအတွင်း ဂီတကိုရူးသွပ်တဲ့ လူငယ်တွေရဲ့ နေရာတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့တာပဲ ဖြစ်ပါတော့တယ်။

Most Read

Most Recent