နှစ်လနီးပါးအတွင်း ပြည်ပသို့ လက်ခစားစနစ် CMP ချုပ်ပြီးအထည် တင်ပို့မှုမှ ဒေါ်လာ ၄၈၂ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၂၃၈ သန်းကျော် ပိုမိုရရှိ

နှစ်လနီးပါးအတွင်း ပြည်ပသို့ လက်ခစားစနစ် CMP ချုပ်ပြီးအထည် တင်ပို့မှုမှ ဒေါ်လာ ၄၈၂ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၂၃၈ သန်းကျော် ပိုမိုရရှိ
Published 10 June 2018

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

၂၀၁၈ ခုနှစ် ဧပြီမှ မေလကုန်ပိုင်းအထိ နှစ်လနီးပါးအတွင်း ပြည်ပသို့ လက်ခစားစနစ် CMP ချုပ်ပြီးအထည် တင်ပို့မှုမှ ဒေါ်လာ ၄၈၂ သန်းကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၃၈ သန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်နှင့် ဖိနပ်စက်မှုလုပ်ငန်းများမှ ငါးနှစ်အတွင်း ပို့ကုန်သုံးဆခန့်အထိ မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် Myanmar Buyer’s Forum – Stakeholders Conference တွင် ပြောကြားခဲ့သည်။

အထည်ချုပ်ကဏ္ဍ တိုးတက်လာသည်နှင့်အမျှ စက်ရုံများတွင် တာဝန်ယူမှု၊ လုံခြုံမှုနှင့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အလေ့အကျင့်များနှင့်အညီ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေကြကြောင်း၊ လွန်ခဲ့သော ငါးနှစ်အတွင်း အထည်ချုပ်နှင့် ဖိနပ်စက်ရုံများ ၂၅၀ ခန့် တည်ဆောက်နိုင်ခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ ၂၀၁၂ ခုနှစ်တွင် တင်ပို့ကုန်မှာ ဒေါ်လာတစ်သန်းခန့်သာ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ် ပို့ကုန်စာရင်းများအရ အထည်ချုပ်နှင့် ဖိနပ်စက်မှုလုပ်ငန်းမှ ဒေါ်လာသုံးသန်းကျော် တန်ဖိုးရှိ ထုတ်ကုန်များ တင်ပို့နိုင်ခဲ့ရာ ငါးနှစ်အတွင်း ပို့ကုန်သည် သုံးဆခန့် တိုးတက်မြင့်မားလာသည်ကို တွေ့ရကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ CMP လက်ခစားစနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများကို ပြည်ပနိုင်ငံများမှ အော်ဒါမှာယူမှု မြင့်တက်နေပြီး အီးယူနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“အထည်ချုပ် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဝင်လာနေတယ်။ စက်ရုံအလုပ်ရုံတွေမှာ အော်ဒါအပ်တဲ့ သူတွေကလည်း ရှိနေပါတယ်။ အော်ဒါမှာယူမှု အနေနဲ့ဆိုရင် ၂၀၁၇ မှာ ဂျပန်ကို အီးယူက အများကြီး ကျော်တက်သွားတယ်။ ဒါပေမဲ့ ဂျပန်ကလည်း လျော့မသွားဘူး။ ဂျပန်ကလည်း တက်နေတယ်။ အီးယူကတော့ ထိပ်ဆုံးက အော်ဒါမှာနေတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ အထည်ချုပ် တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၇ သန်းနီးပါး ရရှိခဲ့ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံသည် လက်ခစား CMP စနစ်ဖြင့် အထည်ချုပ် တင်ပို့ခြင်း ဖြစ်သဖြင့် ယင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းသာ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံက ချုပ်ခအနေဖြင့် ၁၀ ရာ ခိုင်နှုန်းသာ ရရှိခြင်းအပေါ် “အဲဒါက မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေနဲ့ရတာ။ ဒါက ပျမ်းမျှအနေနဲ့ ပြောတာပါ။ တချို့ဆို ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတဲ့သူတွေရှိတယ်။ တချို့ဆို ၁၂ အထိ ရတဲ့သူတွေရှိတယ်။ High Value Price ဆို နည်းနည်းပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက်ရတယ်။ အရမ်းပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီးအပ်ပြီး ချုပ်ခအရမ်းနည်းတဲ့ ဟာတွေက ၈ ရာခိုင်နှုန်းလောက်ပဲရတယ်။ ဒါကြောင့်မို့ ပျမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ ပြောတာ” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်တွင် အထည်ချုပ် တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၃၃၇ သန်း ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent