ကုန်ထုတ်လုပ်မှုစရိတ်စကများ လျှော့ချနိုင်ရေးအတွက် ကုန်ကြမ်းစရိတ်၊ ပို့ဆောင်ရေးစရိတ်များ ကျဆင်းလာအောင်နှင့် တစ်ဦးကျ ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးတက်လာအောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဆောင်ရွက်နေဟုဆို

ကုန်ထုတ်လုပ်မှုစရိတ်စကများ လျှော့ချနိုင်ရေးအတွက် ကုန်ကြမ်းစရိတ်၊ ပို့ဆောင်ရေးစရိတ်များ ကျဆင်းလာအောင်နှင့် တစ်ဦးကျ ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးတက်လာအောင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဆောင်ရွက်နေဟုဆို
Published 7 March 2018

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

ကုန်ထုတ်လုပ်မှု စရိတ်စကများ လျှော့ချနိုင်ရေးအတွက် ကုန်ကြမ်းစရိတ်များ၊ ပို့ဆောင်ရေးစရိတ်များ ကျဆင်းလာအောင်နှင့် တစ်ဦးကျ ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးတက်လာအောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မတ် ၆ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန် အစည်းအဝေး (ဒသမနေ့) တွင် ပြောကြားသည်။

အဆိုပါကိစ္စအား ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက အခြေခံလူတန်းစားများနှင့် ဝင်ငွေနည်းဝန်ထမ်းများ ကုန်ဈေးနှုန်းမြင့်တက်နေရခြင်းကို ရေ ရှည်ရင်ဆိုင်ရန် အခက်အခဲများစွာရှိနေနိုင် ပါသဖြင့် ထိုသူတို့၏ အခြေခံစားဝတ်နေရေး မပြေလည်ပါက မသမာမှုများ၊ ဒုစရိုက်မှုများ၊ ခိုးဆိုးလုနှိုက်မှုများ ကြီးထွားလာပါက နိုင်ငံတော်အတွက် မည်သို့မျှ မကောင်းနိုင်ကြောင်း၊ ပြည်သူလူထုအကျိုးကို အထူးဂရုပြုသည့် တာဝန်ရှိသူများ အနေဖြင့် အခြေခံကုန်ဈေးနှုန်းများ မြင့်တက်ရသည်မှာ မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်ကို ပြည်သူ့ကိုယ်စားပြု အစိုးရအနေဖြင့် ကုန်ဈေးနှုန်းလျော့ ကျရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိအောင် မည်ကဲ့သို့ စီမံဆောင်ရွက် ထားသည်ကို သိရှိလိုကြောင်း မေးမြန်းရာတွင် ၎င်းက ပြန်လည်ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ကုန်ဈေးနှုန်း မြင့်တက်နေရခြင်းကို ရင်ဆိုင်နေရတဲ့ အခြေခံစားနေဝတ်ရေး မပြေလည်မှုများ မပြေလည်ပါက မသမာမှုများ၊ ဒုစရိုက်မှုများ၊ ခိုးဆိုးလုယက်မှုများ ကြီးထွားလာခြင်းကို လွှတ်တော်ကိုယ်စားလှယ်ကြီးက ထောက်ပြထားပါတယ်။ ကုန်ဈေးနှုန်းများ အဓိကကြီးမားနေတဲ့ အကြောင်းအရာကတော့ ကုန်ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုရတဲ့ ကုန်ကြမ်းဈေးနှုန်းများ ကြီးမြင့်ခြင်း၊ သယ်ယူပို့ဆောင်ခနှင့် ဝန်ဆောင်ခများ ကြီးမားခြင်း၊ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ မရရှိခြင်း စသည်တို့ဖြစ်တဲ့ အကြောင်းကို အားလုံးလည်း သိပါတယ်။ ဒါကြောင့်မို့ ကုန်ထုတ်လုပ်မှု စရိတ်စကများ လျှော့ချနိုင်ရေးအတွက် ကုန်ကြမ်းစရိတ်များ ကျဆင်းလာရအောင်၊ ပို့ဆောင်ရေးစရိတ်များ ကျဆင်းလာအောင်၊ တစ်ဦးကျ ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးမြင့်လာဖို့အတွက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ တွန်းအားပေး ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတင်း ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် စီမံကိန်းများချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေမည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်နိုင်ရေးအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးနိုင်ရေး၊ လိုအပ်သည့်ရေများ ရရှိနိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ GDP တိုးတက်စေရန် စိုက်ပျိုးမွေးမြူရေး ကဏ္ဍများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI အနေဖြင့်လည်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေသည့် အထည်ချုပ်လုပ်ငန်းများကို ခွင့်ပြုလျက်ရှိကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ကောင်းမွန်ပြီး တစ်ဦးကျ ကုန်ထုတ်လုပ်မှုတိုးတက်ပြီး ဒေသတစ်ခုလုံး ကုန်ထုတ်လုပ်မှု တိုးတက်လာမည်ဆိုပါက ကုန်ဈေးနှုန်းများ တည်ငြိမ်ပြီး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေး ညွှန်းကိန်းများကို လေ့လာမယ်ဆိုရင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပုံမှန်ဈေးနှုန်းအရ GDP တိုးတက်မှုနှုန်းက ပြည်ထောင်စုမှာ ၇ ရာခိုင်နှုန်း ရည်မှန်းထားခဲ့ပါတယ်။ နှစ်ကုန်ခန့်မှန်းခြေ စာရင်းကဆိုရင် ၆ ဒသမ ၈ အကောင်အ ထည်ဖော်ပြီးတာကို တွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ တိုးတက်ချက်ကတော့ မူလလျာထားချက်က ၈ ဒသမ ၅ ဖြစ်ပါတယ်။ နှစ်ကုန် ယာယီခန့်မှန်းခြေ စာရင်းအရဆိုရင်တော့ ၈ ဒသမ ၆ ဖြစ်နိုင်ပါတယ်။ တိုင်းဒေသကြီး ပြည်နယ်များအားလုံးနဲ့ နှိုင်းယှဉ်လို့ရှိရင် ရန်ကုန်တိုင်းဒေသကြီးက တိုးတက်မှုအများဆုံး ဖြစ်တာကို တွေ့ရပါတယ်။ Percaptal GDP အနေနဲ့လည်း ပြည်ထောင်စုမှာ ကျပ် ၁၇ သိန်းကျော် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ကျပ် ၂၈ သိန်းကျော် ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အနေနဲ့ ကျန်အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များနဲ့ နှိုင်းယှဉ်ပါက အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းမှာ ပြည်ထောင်စုအနေနဲ့ ၂၀၁၇ ခုနှစ် ဧပြီမှာ ၆ ဒသမ ၄၁ ရာခိုင်နှုန်း ရှိပြီးတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၅ ဒသမ ၁၁ အနည်းဆုံး ဖြစ်နေတာကို တွေ့ရှိရပါတယ်” ဟု ဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။