ရေနက်ပိုင်းကမ်းလွန်လုပ်ကွက် A-6 ရှိ အကဲဖြတ်တွင်း ပြည်သစ် (၁) တွင် သဘာဝဓာတ်ငွေ့ တွေ့ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်

ရေနက်ပိုင်းကမ်းလွန်လုပ်ကွက် A-6 ရှိ အကဲဖြတ်တွင်း ပြည်သစ် (၁) တွင် သဘာဝဓာတ်ငွေ့ တွေ့ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်
Published 8 August 2017

မြန်မာနိုင်ငံအနောက်ဘက်ကမ်းလွန်ရှိ ရေနက်ပိုင်းကမ်းလွန် လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သော အကဲဖြတ်တွင်း ပြည်သစ် (၁) တွင် သဘာဝဓာတ်ငွေ့ တွေ့ရှိကြောင်း နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် သြဂုတ် ၇ ရက်က သတင်းထုတ်ပြန်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (PSC) ချုပ်ဆို၍ အကျိုးတူလုပ်ကိုင်နေသော MPRLE & P Pte.Ltd နှင့် အခြားအစုရှယ်ယာရှင်များဖြစ်သော WoodSide Energy (Myanmar) Pte.Ltd နှင့် Total E&P Myanmar တို့သည် အကဲဖြတ်တွင်း ပြည်သစ် (၁) ကို ၂၀၁၇ ဇွန်တွင် စတင်တူးဖော်ခဲ့ပြီး ဇူလိုင် ၁၅ ရက်တွင် ရည်မှန်းအနက် မီတာ ၄၅၇၀ အထိ တူးဖော်နိုင်ခဲ့ကြောင်း သိရသည်။

တွင်းတူးဖော်စဉ် Wire Line Logging တိုင်းတာရရှိသော အချက်အလက်များအရ အနက် ၃၅၄၂ မီတာတွင် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် အသားတင် ထုတ်ယူရမည့် သဲကြောအထူ ၃၅ မီတာခန့်ကို တွေ့ရှိခဲ့ရကြောင်း၊ ယင်းသဲကြောအား သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စမ်းသပ်ခြင်း (Drill Stem Test) ကို ဆောင်ရွက်ခဲ့ရာ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင်ပျမ်းမျှ ၅၀ ကုဗပေသန်းနှုန်း ထုတ်ယူရရှိခဲ့သည်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သည့် ပြည်သာ(၁)တွင်းတွင် ပထမဆုံး သဘာဝဓာတ်ငွေ့ တွေ့ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် တူးဖော်သည့် ဒုတိယတွင်း ရွှေရည်ထွန်း (၁) တွင်လည်း သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောကို တွေ့ရှိခဲ့ကြောင်း၊ ယခုပြည်သစ် (၁) တွင်းသည် တတိယအကြိမ်မြောက် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ နည်းနေချိန်တွင် ယခုကဲ့သို့ သဘာဝဓာတ်ငွေ့ တွေ့ရှိသည့်သတင်းသည် စီးပွားရေးအရ အလွန်အရေးကြီးကြောင်း၊ ယခုလုပ်ကွက်မှ ရေရှည်စီးပွားဖြစ် ထုတ်ယူနိုင်သည့် အလားအလာရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က သုံးသပ်ပြောကြားသည်။

“အခုလို ကြေညာလိုက်တဲ့ ကမ်းလွန်လုပ်ကွက် A-6 မှာရှိတဲ့ပြည်သစ် (၁) နဲ့ ပတ်သက်ပြီးတော့ ရရှိမှုတွေက ဘူမိဗေဒသဘောတရား အရရော၊ ရေနံအင်ဂျင်နီယာဘာသာရပ်အရရော အခြေအနေကောင်းတယ်။ အလားအလာကောင်းတယ်။ ရေရှည်ထုတ်ယူနိုင်တဲ့ အလားအလာရှိတဲ့တွင်းလို့ ယေဘုယျအားဖြင့် သုံးသပ်လို့ရပါတယ်။ ယေဘုယျလို့ဘာလို့ သုံးသပ်ရသလဲဆိုတော့ နောက်ထပ်တွင်းတွေ ထပ်တူးဖို့ လိုပါသေးတယ်။ ဒီဧရိယာမှာတူးတဲ့ သုံးတွင်းစလုံးက အောင်မြင်တယ်။ ရေနံလောကမှာ သုံးတွင်းတူးရင် သုံးတွင်းအောင်မြင်ဖို့က တော်တော်လေးရှားပါတယ်။ သုံးတွင်းတူးတာ သုံးတွင်းစလုံး အောင်တယ်ဆိုတာ ဒီဧရိယာမှာ ဓာတ်ငွေ့အလားအလာ တော်တော်လေးကောင်းတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

လုပ်ကွက်အမှတ် A-6 တွင် ဆက်လက်ပြီး ရှာဖွေရေးတွင်း ပြည်သာယာ (၁) ကို သြဂုတ်လအတွင်း ဆက်လက် တူးဖော်မည်ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ ခိုအောင်းမှုပမာဏသည် စီးပွားဖြစ် ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိပါက ဖွံ့ဖြိုးရေးတွင်းများ ဆက်လက်တူးဖော်သွားမည် ဖြစ်ကြောင်းလည်း MPRLE & P Pte.Ltd ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါလုပ်ကွက်မှ စီးပွားဖြစ် ထုတ်လုပ် ရောင်းချရန်အတွက် ရှာဖွေရေးတူးဖော်ရေး အဆင့်များစွာ ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း၊ စီးပွားဖြစ် ထုတ်လုပ်နိုင်ရန်အတွက် တတိယ အဖွဲ့အစည်းတစ်ခုမှ အတည်ပြု သတ်မှတ်ပေးရဦးမည်ဖြစ်ကြောင်း၊ စီးပွားဖြစ်ထုတ်ယူနိုင်ပါက ပြည်တွင်းကို ဦးစားပေးရောင်းချပြီး ပိုလျှံသော ဓာတ်ငွေ့များကို ပြည်ပသို့ ရောင်းချနိုင်ရန် နိုင်ငံတော်နှင့် အကျိုးတူကုမ္ပဏီများက စဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။

“အကဲဖြတ်တွင်းတွေ။ ရှာဖွေရေးတွင်းတွေ ဆက်တူးရပါမယ်။ သဘာဝဓာတ်ငွေ့သိုက် ပမာဏကို Third Party က Certify လုပ်ပေးရပါတယ်။ ဒီသဘာဝဓာတ်ငွေ့သိုက်သည် စီးပွားဖြစ်ထုတ်လို့ရတဲ့ ပမာဏရှိပါပြီဆိုတဲ့ Certificate ရတော့မှ Development လုပ်ငန်းတွေလုပ်ပြီး ပိုက်ဆွဲမလား၊ ဘယ်ကိုရောင်းမလဲဆိုတာ ပေါ်ပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ပြောကြားသည်။

Writer : နေရိုင်း၊ ကျော်မျိုး

Most Read

Most Recent