၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ် ၁ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၂၁ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၇၃၀ ကျော် ရရှိ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ် ၁ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၂၁ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၇၃၀ ကျော် ရရှိ
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ စပါးရိတ်သိမ်းနေသည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ စပါးရိတ်သိမ်းနေသည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 18 March 2019
စည်သူအောင်

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ် ၁ ရက်အထိ ဆန်နှင့် ဆန်ကွဲပြည်ပတင်ပို့မှုတန်ချိန် ၂ ဒသမ ၂၁ သန်းကျော် (၂၂၁၆၆၁၇  ဒသမ ၁၅၂ တန်) ရှိပြီး တန်ဖိုး ဒေါ်လာသန်း ၇၃၀ ကျော် (ဒေါ်လာ ၇၃၀ ဒသမ ၄၄၀ သန်း) ရရှိခဲ့ကြောင်း  စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

၁၁ လဝန်းကျင်ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၁၁၀၉၇၂ ကျော်တင်ပို့မှုမှ ဒေါ်လာ ၃၆၁ ဒသမ ၄၂၃သန်း၊ နယ်စပ်ကုန် သွယ်မှုမှတစ်ဆင့် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၁၀၅၆၄၄ ကျော်တင်ပို့မှုမှ ဒေါ်လာ ၃၆၉ ဒသမ ၀၁၇ သန်းရရှိခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာနှစ်အလိုက် ဆန်နှင့် ဆန်ကွဲ တင်ပို့မှုအခြေအနေမှာ ၂၀၁၂-၂၀၁၃ တွင်  တန်ချိန် ၁ ဒသမ ၄၂၃ သန်း (ဒေါ်လာ ၅၅၁ သန်း)၊ ၂၀၁၃-၂၀၁၄ တွင် တန်ချိန် ၁ ဒသ မ ၂၆၂ သန်း (ဒေါ်လာ ၄၇၅ သန်း)၊ ၂၀၁၄-၂၀၁၅ တွင် တန်ချိန် ၁ ဒသမ ၈၄၀ သန်း (ဒေါ်လာ ၆၆၀ သန်း)၊ ၂၀၁၅-၂၀၁၆ တွင် တန်ချိန် ၁ ဒသမ ၄၉၃ သန်း (ဒေါ်လာ ၅၂၆ သန်း)၊ ၂၀၁၆-၂၀၁၇ တွင် တန်ချိန် ၁ ဒသမ ၇၅၀ သန်း (ဒေါ်လာ ၅၅၃ သန်း)၊ ၂၀၁၇- ၂၀၁၈ တွင် တန်ချိန် ၃ ဒသမ ၅၇၆ သန်း (ဒေါ်လာ ၁၁၃၆ သန်းကျော်)ဖြစ်ပြီး ၂၀၁၈ ဧပြီ ၁ ရက်မှ မတ် ၁ ရက်အထိ ပြည်ပသို့ ဆန် နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၂၁ သန်းကျော် တင်ပို့မှုမှ ဒေါ်လာသန်း ၇၃၀ ကျော်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဆန်ပြည်ပတင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုထက် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှုပိုမိုများပြားနေဆဲဖြစ်ပြီး အထက်ပါဘဏ္ဍာနှစ်များအလိုက် တင်ပို့ မှုများအတွင် နယ်စပ်စခန်းများမှ တင်ပို့သော ရာခိုင်နှုန်းများမှာ ၂၀၁၂-၂၀၁၃ တွင် ရာခိုင်နှုန်း ၆၀၊ ၂၀၁၃-၂၀၁၄ တွင် ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ တွင် ၇၇ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ တွင် ၈၁ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ တွင် ၇၂ ရာခိုင်နှုန်းရှိခဲ့ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၅၂ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုတွင် ယခင်နှစ်များက နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၇၀ ကျော်အထိ များပြားခဲ့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ရာခိုင်နှုန်း ၃ဝခန့်သာ တင်ပို့နိုင်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပစျေးကွက်သစ်များ တိုးချဲ့ရရှိမှုတို့ကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ ယခင်နှစ်များထက် မြင့်တက်လာပြီး စုစုပေါင်းဆန်တင်ပို့မှု၏ ၄၈ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ လက်ရှိဘဏ္ဍာနှစ်တွင်လည်း စုစုပေါင်းဆန်တင်ပို့မှု၏ ၄၉ ဒသမ ၈၈ ရာခိုင်နှုန်းကို နယ်စပ်ကုန်သွယ်မှုမှ တင်ပို့နိုင်ခဲ့ပြီး ၅၀ ဒသမ ၁၂ ရာခိုင်နှုန်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဆန်စပါးကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်မည့် ရည်မှန်းချက်အရ လာမည့်သုံးနှစ်အတွင်း ဆန်တန်ချိန် လေးသန်းအထိ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားပြီး ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိရရှိနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြည်ပသို့ ဆန်နှင့် ဆန်ကွဲပိုမိုတင်ပို့နိုင်ရန်အတွက် နိုင်ငံတကာစျေးကွက်များကို ပိုမိုရှာဖွေခဲ့ရာ  ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း ၉၀ အထိ တိုးချဲ့တင်ပို့နိုင်ခဲ့ကာ ယခင်ဘဏ္ဍာနှစ်များထက် နိုင်ငံ ပေါင်း ၃၀ ခန့် တိုးချဲ့တင်ပို့နိုင်ခဲ့သည်။ လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၁၁ လဝန်းကျင်ကာလအတွင်း နိုင်ငံပေါင်း ၇၅ နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။                                 

Most Read

Most Recent