မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတားကို မတ် ၁၉ ရက်တွင် ဖွင့်လှစ်မည်ဟုသိရ

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတားကို မတ် ၁၉ ရက်တွင် ဖွင့်လှစ်မည်ဟုသိရ
 မြန်မာ-ထိုင်း ( မြဝတီ-မဲဆောက်) အမှတ်(၂) ချစ်ကြည်ရေးတံတားကို တွေ့ရစဉ်
မြန်မာ-ထိုင်း ( မြဝတီ-မဲဆောက်) အမှတ်(၂) ချစ်ကြည်ရေးတံတားကို တွေ့ရစဉ်
Published 16 March 2019
ကိုရွှေသိန်း

မဟာမဲခေါင် ဒေသခွဲ  အရှေ့အနောက် စီးပွားရေးစင်္ကြလမ်းပိုင်းကို ချိတ်ဆက်ပေးမည့် မြန်မာ-ထိုင်း ( မြဝတီ-မဲဆောက်) အမှတ် (၂) ချစ်ကြည်ရေးတံတားအား ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတားအား မတ် ၁၉ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  ထိုင်းနိုင်ငံဘက်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ကျန်အိုရှာနှင့် နှစ်နိုင်ငံတာဝန်ရှိသူများ ဖွင့်လှစ်ကြမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့အမှတ် (၂) ချစ်ကြည်ရေးတံတား ဖွင့်လှစ်နိုင်ရေးအတွက် မတ် ၁၅ ရက်နံနက်က ချစ်ကြည်ရေးတံတား (၂) အစည်းအဝေး ရုံးခန်းမ၌ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘက်မှ တံတားဦးစီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တံတားဖွင့်လှစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရွှေလင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဘက်မှ အဝေးပြေးလမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာအဖိချိုင်းဂျွန်ထရာချာနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

တံတားဖွင့်လှစ်နိုင်ရေး ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ တာဝန်ရှိသူများက တံတားဖွင့်လှစ်ရေးအပြင် ကုန်သွယ်မှု ကုန်သွယ်မှုလွယ်ကူစေရေးအတွက် ယာဉ်သွားလာမှု အခြေအနေများ၊ အခွန်ဆိုင်ရာ ကိစ္စရပ်များအပါအဝင် အချက် ၁၀ ချက် ဆွေးနွေးခဲ့ကြသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက “ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) နဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲမှု၊ ထိန်းသိမ်းရေး အပါအဝင် အသုံးပြုဖို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ရေးထိုးဖို့အတွက် ညှိနှိုင်းတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ချစ်ကြည်ရေးတံတား ဖွင့်ဖို့ကိုလည်း မတ် ၁၉ ရက်က ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိသည်ဟုလည်း ပြောကြားထားသည်။ သွားလာရေး လွယ်ကူလာသည့်အတွက် ကုန်စည်စီးဆင်းမှုကိုုလည်း ပိုမိုမြန်ဆန်လာမည်ဟုယူပြီး နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်လာမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

အဆိုပါ အမှတ် (၂) မြန်မာ-ထိုင်း ကုန်သွယ်မှု တံတားသည် မြန်မာနိုင်ငံ မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ရေပူရပ်၊ ထိုင်းနိုင်ငံဘက်တွင် မဲဆောက်မြို့၊ ထားဆိုင်ကော့ရပ်ကွက် အမှတ် (၇) ရပ်တွင်တည်ရှိပြီး၊ လေးလမ်းသွား လမ်းဖြစ်ကာ R2 အဆင့်ရှိသော တံတားဖြစ်သည်ဟု ဆိုသည်။

မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား စီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပြီးနောက် ၂၀၁၅ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ပန္နက်ချကာ စတင်တည်ဆောက်ခဲ့သည်။ ထိုင်းဘက်ခြမ်းရှိ လမ်းအူကြောင်းအရှည် ၁၇ မီတာမှာ မြန်မာဘက်ခြမ်း လမ်းအူကြောင်း အရှည်မှာ ၄ မီတာရှိသည်။ လမ်းနှင့်တံတား၏ စုစုပေါင်းကုန်ကျစရိတ်မှာ ထိုင်းငွေ ဘတ်သန်းပေါင်း ၄၂၈၁ ရှိကြောင်း သိရသည်။

ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတားဖွင့်လှစ်ပြီးစီးပါက ကုန်သွယ်မှု ပိုမိုမြန်ဆန်လာမည်ဖြစ်ကာ ကုန်သွယ်မှုပမာဏ နှစ်ဆခန့်မြင့်တက်လာမည်ဟု ခန့်မှန်းထားကြသည်။