ယခုနှစ် ငါးလကျော်တွင် ပြည်ပသို့ CMP ချုပ်ပြီး အထည်တင်ပို့မှုမှ ဒေါ်လာနှစ်ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၈၀ ခန့်ပိုမိုရရှိကာ အများဆုံးတင်ပို့ထားသည့် ပို့ကုန်အဖြစ် ရပ်တည်နေ

ယခုနှစ် ငါးလကျော်တွင် ပြည်ပသို့ CMP ချုပ်ပြီး အထည်တင်ပို့မှုမှ ဒေါ်လာနှစ်ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၈၀ ခန့်ပိုမိုရရှိကာ အများဆုံးတင်ပို့ထားသည့် ပို့ကုန်အဖြစ် ရပ်တည်နေ
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တစ်ခုကို တွေ့ ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တစ်ခုကို တွေ့ ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 14 March 2019
ဇေယျာငြိမ်း

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ်လ ၁ ရက်အထိ ပြည်ပသို့ CMP ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာနှစ်ဘီလျံနီးပါးရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၈၀ ခန့် ပိုမိုရရှိထားကာ ယခုနှစ် ပို့ကုန်ကဏ္ဍတွင် အများဆုံးတင်ပို့ထားသည့် ပို့ကုန်အဖြစ် ရပ်တည်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ဒီဘဏ္ဍာနှစ် မတ်လ ၁ ရက်အထိပေါ့။ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကနေ ဒေါ်လာ ၁ ဒသမ ၉၃၂ ဘီလျံရရှိထားတယ်။ ယခင်နှစ်ကာတူနဲ့နှိုင်းယှဉ်ရင် ဒေါ်လာ ၈၇၈ သန်း ပိုမိုတင်ပို့ထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခအနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာရရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေနဲ့ရတာ။ ဒါက ပျှမ်းမျှအနေနဲ့ပြောတာပါ။ တချို့ဆို ရှစ်ရာခိုင်နှုန်း လောက်ပဲရတဲ့သူတွေ ရှိတယ်။ တချို့ဆို ၁၂ အထိရတဲ့သူတွေ ရှိတယ်။ High Value Price ဆို နည်းနည်းပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက်ရတယ်။ အရမ်းပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီး အပ်ပြီး ချုပ်ခအရမ်းနဲတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲရတယ်။ ဒါကြောင့်မို့ ပျှမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ ပြောတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

လက်ရှိတွင် CMP လက်ခစားလုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၃၀၀ ခန့် သာရှိသော်လည်း အဆိုပါလုပ်ငန်းများကို FOB  စနစ် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေါ်လာသုံးဘီလျံအထိ  နိုင်ငံ့ဝင်ငွေရရှိလာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“CMP ကနေ FOB ပြောင်းမယ်ဆိုရင် အကောက်ခွန်ပေါ့။ ပစ္စည်းသွင်းလာတဲ့အခါမှာ သွင်းလာတဲ့ပစ္စည်းက Re – export  ပြန် လုပ်တဲ့အတွက် အကောက်ခွန်ပေးစရာမလိုဘူး။  ဒါပေမဲ့လည်း FOB လုပ်တယ်ဆိုရင် သွင်းလာတဲ့အချိန်မှာ အကောက်ခွန် အရင်ပေးရမယ်၊ ပြီးရင်ထုတ်လုပ်မယ်၊ ပြီးလို့ရှိရင် Export လုပ်တဲ့အခါမှာ ဒါကိုပြန်လျှောက်ပြီး ပြန်ပြီးတော့ အကောက်ခွန်ပြန်ရမှာပါ။ အဲဒီ လိုလုပ်ငန်းစဉ်ကိုဖြစ်နိုင်ရင် ပိုလွယ်ကူအောင် ဘယ်လိုနည်းရှိလဲဆိုတာ စဉ်းစားစေချင်တယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ CMP လုပ်ငန်းက အထည်ချုပ်ရှိတယ်။ ဖိနပ်၊ ဆံပင်တု ရှိတယ်။  ဒါတွေအကုန်လုံးက ကျွန်မတို့နိုင်ငံရဲ့  အလုပ်အကိုင်ဖန်တီးမှုက အားလုံးဆိုရင် ခြောက်သိန်းကျော်လောက်ရှိတယ်။ နိုင်ငံ့ဝင် ငွေဆိုလည်း  စုစုပေါင်းဒေါ်လာ သုံးဘီလျံ လောက်ရှိတယ်။ ဒါပေမဲ့ ဒါတွေဟာ ကျွန်မတို့ရဲ့  ဝင်ငွေ မဟုတ်ဘူး။ ကျွန်မတို့က ဒီဟာရဲ့  ၁၀ ရာခိုင်နှုန်းလောက်ပဲ  ဝင်ငွေရတယ်။ တကယ်လို့များ ကျွန်မတို့ဟာ FOB ပြောင်းနိုင်ခဲ့ရင်  ဒေါ်လာသုံးဘီလျံက ကျွန်မတို့ နိုင်ငံရဲ့ ဝင်ငွေဖြစ်သွားမှာဖြစ်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့် CMP လက်ခစားစနစ်ကို ၁၉၉၀ ခုနှစ်က အထည်ချုပ်လုပ်ငန်းနှင့် စတင်ခဲ့ပြီး လက်ရှိတွင် ဖိနပ်၊ အိတ်ချုပ်လုပ်ငန်း၊ ပလတ်စတစ်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ ဆံပင်အတုလုပ်ငန်းများအပြင် စုစုပေါင်း လုပ်ငန်းပေါင်း ၇၀ ကျော်အထိရှိကြောင်း သိရသည်။                         

Most Read

Most Recent