နံနက်စောစော လက်ဖက်ရည်ဆိုင်ရောက်တော့ ကျွန်တော် ပထမဆုံးဖတ်မိသည့် သတင်းက ဓားထိုးမှုသတင်း ဖြစ်နေသည်။
အကျႌငှားဝတ်သည်ကို ပြန်တောင်းရာမှ အမျိုးသားနှစ်ဦး စကားများကာ ဓားဖြင့် ထိုးသတ်သည့်အဆင့်အထိ ရောက်သွားရသည်။ ဓားထိုးခံရသူသည် ဆေးရုံမှာပင် သေဆုံးသွားရသည်။ ဘာမျှကြီးကျယ်လှသည့် ကိစ္စမဟုတ်ပါဘဲ လူ့အသက်တစ်ချောင်း ဆုံးရှုံးရသည်အထိ ဖြစ်သွားရပုံကို စဉ်းစားကြည့်သည့်အခါ အကျႌတန်ဖိုးက လူ့အသက်ထက်များ ပိုတန်ဖိုးကြီးနေလေရော့သလားဟု တွေးစရာဖြစ်မိသည်။ ကျွန်တော်တို့သည် ဘာကြောင့်များ တန်ဖိုးကြီးလှသည့် လူ့အသက်တွေကို အကြောင်းမဲ့ ဖြုန်းတီးနေကြပါသနည်းဟု မေး ခွန်းထုတ်ချင်လာမိသည်။
ကျွန်တော်သည် ထိုဓားထိုးမှုသတင်းကို လက်ဖက်ရည်ဝိုင်းမှာ ပြောပြမိသည်။ ထိုအခါ ကျွန်တော်နှင့် အတူတူထိုင်နေသည့် မိတ်ဆွေ နှစ်ယောက်က ညတုန်းက အသုဘဖဲဝိုင်းမှာရန်ဖြစ်သည့်အကြောင်း ပြန်ပြောပြလေသည်။ ဖဲဝိုင်းတ်ု့ိ၏ ထုံးစံအတိုင်း ရန်ဖြစ်ကြသည်မှာ မထူးဆန်းလှဟုဆိုသော်လည်း ဖဲလာရိုက်သူ တစ်ယောက်က ဓားပါလာသည်ဟု ပြောပါသည်။ ထိုအခါ ဓားပါလာသူနှင့် စကားများသူက အိမ်ပြန်ကာ ဓားသွားယူသည်။ အဆိုပါ ရန်ပွဲသည် ရဲတွေရောက်လာမှ ပြီးဆုံးသွားသည်ဟု ဆိုလေသည်။ ကျွန်တော်တို့၏ လက်ရှိခေတ်သည် တစ်ယောက်ကဓားဆွဲလျှင် တစ်ယောက်ကဓားထုတ်ဖို့ ဝန်မလေးသည့်ခေတ်။ သူက အသေလုပ်လျှင် ငါလည်းအသေပြန်လုပ်မည့်ခေတ် ဖြစ်နေလေသည်။
ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုလျှင် လူသတ်ရလောက်အောင် ရန်ဖြစ်ကြသည်မျိုး သိပ်မရှိလှသေးပါ။ အလွန်ဆုံးရှိလှမှ ထိပ်ပေါက်ခေါင်းကွဲပင်။ လူငယ်အချင်းချင်း ချောင်းရိုက်ကြသည်မျိုးရှိသော်လည်း အသေတော့ မလုပ်ကြပါ။ ဓားထိုးမှုသတင်းမျိုးကို ရံဖန်ရံခါမှသာ ကြားရတတ်သည်။ အခုတော့ ထိုကဲ့သို့ မဟုတ်တော့ချေ။ မဖြစ်စလောက် ပြဿနာအသေးအမွှားလေးမှာပင် အသေအကျေလုပ်ကြသည့်အဆင့်သို့ ရောက်နေလေပြီ။ ကျွန်တော်တို့သည် လူ့အသက်တွေကို ဖောဖောသီသီ ဖြုန်းတီးနေကြသည် နှင့် တူသည်။ လူ့အသက်သည် အကျႌတစ်ထည်လောက်မျှ တန်ဖိုးမရှိတော့ပြီလော။ မဖြစ်စလောက် ရုပ်ဝတ္ထုပစ္စည်းများကို အသက်နှင့် လဲလှယ်နေကြပြီလော။ လူ့ဘဝကို တန်ဖိုးမဲ့အောင် ပြုလုပ်နေကြပြီလော။ လူ့အသက်ထက် အခြားသောအရာများက ပိုမိုတန်ဖိုးရှိသည်ဟု ထင်မြင်ယူဆနေကြပါသလော။ ကျွန်တော်သည် လောပေါင်းများစွာဖြင့် ရင်မောလှစွာ ပင့်သက်ရှိုက်မိပါသည်။ ကျွန်တော်တို့သည် လုံခြုံမှုမရှိသည့် အန္တရာယ်ဇုန်ထဲ ကျရောက်နေသလို လောဘ ဒေါသမောဟ ရပ်ဝန်းထဲ ပိတ်လှောင်မိနေသလို ခံစားရသည်။
ပြဿနာတစ်ခုခုဖြစ်လျှင် ခေါင်းအေးအေးနှင့် သေချာစွာ ပြန်လည်သုံးသပ် မဆင်ခြင်ဘဲ စိတ်လိုက်မာန်ပါလုပ်ဖို့ ဝန်မလေးသော ပတ်ဝန်းကျင်သည် တော်တော်ကြောက် စရာကောင်းပါသည်။ ကျွန်တော်တို့သည် ထိုကဲ့သို့သော ပတ်ဝန်းကျင်မှာ အသက်ရှင်နေထိုင်လျက် ရှိနေပါလားဟု တွေးလိုက်မိသောအခါ တော်တော်လေး တုန်လှုပ်သွားရပါသည်။ ထိုပတ်ဝန်းကျင်သည် လောဘ ဒေါသမောဟ ဖုံးလွှမ်းနေသောရပ်ဝန်း ဖြစ်သည်။ အသိဉာဏ်ပညာကင်းမဲ့နေသော ရပ်ဝန်းဖြစ်သည်။ မေတ္တာကရုဏာ မုဒိတာရှားပါးပျောက်ဆုံးနေသော ရပ်ဝန်းဖြစ်သည်။ ကျွန်တော်တို့ ရပ်ဝန်းသည် ထိုကဲ့သို့သော ရပ်ဝန်းလောဟု တွေးမိသည့်အခါ ဝမ်းနည်းစိတ်အားငယ်စိတ် ကြောက်ရွံ့စိတ်တို့ ယိုဖိတ်လာရလေသည်။ အမိမဲ့သားသည် ခိုလှုံရာရင်ခွင်တစ်ခုကိုရှာ ဖွေတောင့်တသလိုမျိုး ကျွန်တော်သည် အသိအလိမ္မာ ထွန်းကားသည့် ပညာရပ်ဝန်းကို မျှော်လင့်တောင့်တမိပါသည်။ ထိုသို့သောပညာရပ်ဝန်း အဘယ်အရပ်မှာ ထွန်းလင်းတောက်ပ နေပါသနည်း။
ထိုအခါ အိန္ဒိယစာဆိုကြီးတဂိုး၏ ‘ဒို့ အိန္ဒိယ’ ကဗျာကို ကျွန်တော် သတိရမိပါသည်။
အကြင်အရပ်၌ စိတ်ဓာတ်တို့သည် ကြောက်ခြင်းကင်း၍ ဦးခေါင်းတို့သည် မော့လျက်ရှိကြ၏။
အကြင်အရပ်၌ ပညာအရောင်သည် လွတ်လပ်စွာ ထွန်းပြောင်လျက်ရှိ၏။
အကြင်အရပ်၌ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေခြင်းသည် နတ္ထိမရှိ။
အကြင်အရပ်၌ စကားတို့သည် သစ္စာနှုတ်ဖျားမှသာ ဖွင့်ထွက်လာတတ်ကြ၏။
အကြင်အရပ်၌ မလျှော့သော လုံ့လဝီရိယသည် မွန်မြတ်ခြင်းတရားသို့ ဦးတည်လျက်ရှိ၏။ အကြင်အရပ်၌ ပညာဉာဏ်တည်း ဟူသော စမ်းရေအေးသည် ဓလေ့ဆိုး စရိုက်ဆိုးတည်းဟူသော သဲကန္တာရတွင် တသွင်သွင် စီးလျက်ရှိ၏။
အကြင်အရပ်၌ ကမ္ဘာတစ်ဝန်းလုံးအတွက် စေတနာထားရန် ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်သော အရှင်သည် ရှိ၏။
အိုဖခင် အကျွနု်ပ်၏ နိုင်ငံသည် ထိုအရပ်၌ နိုးကြားလာပါစေသား။ ။
(မြန်မာဘာသာပြန်ဆိုသူမှာ ဆရာဇော်ဂျီဖြစ်ပါသည်)
စာဆိုကြီးတဂိုး မျှော်လင့်တောင့်တသောအရာသည် ပညာရပ်ဝန်းဖြစ်သည်။ ကျွန်တော် မျှော်လင့်တောင့်တချင်သည်မှာလည်း ထိုကဲ့သို့သော ရပ်ဝန်းဖြစ်ပါသည်။ လက်ရှိအချိန်သည် ၁၀ တန်းစာမေးပွဲ ဖြေဆိုနေသော ကာလဖြစ်သည်။ ကျွန်တော်သည် လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း စာမေးပွဲဖြေရန် ကျောင်းသို့သွားနေကြသည့် အဖြူအစိမ်းဝတ် ကျောင်းသူကျောင်းသားများကို ငေးကြည့်နေမိသည်။ တိုင်းပြည်၏ အနာဂတ်သည် သူတို့လေးတွေ၏ လက်ထဲမှာရှိသည်။ တိတိကျကျပြောရလျှင် သူတို့လေးတွေ၏ ဉာဏ်ပညာ အသိအလိမ္မာပေါ်မှာ တည်ရှိနေပါသည်။ သူတို့လေးတွေသည် ထစ်ခနဲရှိ တုတ်ဆွဲ၊ ဓားဆွဲကာ စိတ်လိုက်မာန်ပါ ဖြေရှင်းတတ်သူများမဖြစ်ဖို့ လိုအပ်ပါသည်။ သူတို့လေးတွေသည် ပညာရပ်ဝန်း ထွန်းလင်းအောင် လမ်းပြရှေ့ဆောင်သူများဖြစ်ဖို့ လိုအပ်ပါသည်။ အမှားအမှန် အကောင်းအဆိုးအကျိုး အပြစ်ကို ပိုင်းခြားဝေဖန် သုံးသပ်ဆင်ခြင်နိုင်သူများဖြစ်နေဖို့ လိုအပ်ပါသည်။ လူ့အသက်ကို တန်ဖိုးထားချစ်မြတ်နိုးပြီး တိုင်းပြည်ကို အန္တရာယ်ဇုန်ထဲ မကျရောက်အောင် ကယ်တင်နိုင်သူများဖြစ်ဖို့လည်း လိုအပ်ပါသည်။
ကျွန်တော်သည် သူတို့လေးတွေကိုကြည့်ရင်း ဆော့ခရတ္တိ၏ စကားတစ်ခွန်းကို သတိရမိသည်။ ‘အတတ်ပညာတစ်ခုခုကို သိသောအသိသည် ချမ်းသာသုခအစစ်ကို မပေးနိုင်။ အမှားအမှန် အကောင်းအဆိုးကို ပိုင်းခြားနိုင်သည့် ဉာဏ်ပညာကသာ ချမ်းသာသုခအစစ်ကို ပေးနိုင်သည်’ တဲ့။ သူတို့လေးတွေသည် အင်ဂျင်နီယာအတတ်၊ ဆေးကုသည့်အတတ်ကို သိရုံမျှနှင့် မလုံလောက်သေးဘဲ ထိုအတတ်များကို တိုင်းပြည်အကျိုးအတွက် မည်သို့အသုံးပြုကြမည်နည်းဟူသည့် အချက်ကို စဉ်းစားတွေးခေါ်နိုင်သည့် ဉာဏ်ပညာပါ ပူးတွဲရှိထားဖို့ လိုအပ်လှသည် မဟုတ်ပါလား။ ထိုဉာဏ်ပညာပါ ရှိထားမှသာ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို ပညာရပ်ဝန်းဖြစ်အောင် တည်ဆောက်နိုင်ပါလိမ့်မည်။