ဒေါ်လာစျေး အကျပိုင်းရောက်နေသော်လည်း ကမ္ဘာ့ရေနံစျေးဆက်မြင့်လာသောကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်း တစ်လအတွင်း တစ်လီတာ ကျပ် ၈၀ အထိ ဆက်လက်မြင့်တက်

ဒေါ်လာစျေး အကျပိုင်းရောက်နေသော်လည်း ကမ္ဘာ့ရေနံစျေးဆက်မြင့်လာသောကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်း တစ်လအတွင်း တစ်လီတာ ကျပ် ၈၀ အထိ ဆက်လက်မြင့်တက်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 12 March 2019
စည်သူအောင်

ဒေါ်လာစျေး အကျပိုင်းရောက်နေသော်လည်း ကမ္ဘာ့ရေနံစျေးဆက်လက်မြင့်လာသောကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ဖေဖော်ဝါရီ ၁၂ ရက်ထက် တစ်လီတာ ကျပ် ၈၀ မြင့်တက်လာကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

မတ် ၁၂  ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင်အများစုတွင် ရောင်းချနေသောစျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၉၆၅ ကျပ် (တစ်ဂါလန် ၄၃၈၁ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ၉၇၅ ကျပ် (တစ်ဂါလန် ၄၄၂၆ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၇၇၅ ကျပ် (တစ်ဂါလန် ၃၅၁၈ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈ရဝကျပ် (တစ်ဂါလန် ၃၉၅၀ ကျပ်) ဖြစ်သည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ၈၈၅ ကျပ် (တစ်ဂါလန် ၄၀၁၈ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ၉၇၅ ကျပ် (တစ်ဂါလန် ၄၀၆၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၉၅ ကျပ် (တစ်ဂါလန် ၃၁၅၅ ကျပ်) အောက်တိန်း 92 Ron တစ်လီတာ ၇၉၀ ကျပ် (တစ်ဂါလန် ၃၅၈၇ ကျပ်) ဖြစ်ပြီး မတ် ၁၂ ရက်စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်လီတာ ကျပ် ၈၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံစျေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံစျေးနှုန်းသည် တဖြည်းဖြည်း ဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိကျဆင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်တွင် ၄၅ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်း ကျင်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၅၂ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၇ ဒေါ်လာဝန်း ကျင်အထိပြန်တက်ခဲ့ကာ မတ် ၁၂ ရက်တွင် ၅၇ ဒေါ်လာခန့်ရှိနေသည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ မြင့်တက်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်စျေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဒေါ်လာစျေးကျဆင်းခဲ့သော်လည်း ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်ခဲ့သောကြောင့် ပြည်တွင်းစက်သုံးဆီစျေးကွက်တွင် ဇန်နဝါရီလအတွင်း တစ်လီတာလျှင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ စျေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း တစ်လီတာလျှင် ကျပ် ၄၀ အထိ စျေးနှုန်းများဆက်တက်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ  ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 92 Ron  တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်စျေးနှုန်းနှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော်အတွင်း ဒီဇယ် ၁၁၉  ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင်နှုန်း၊ 92 Ron ၉၄ ရာခိုင်နှုန်း၊ 95 Ron ၇၂ ရာခိုင်နှုန်း စျေးနှုန်းမြင့်တက်ခဲ့သည်။    

Most Read

Most Recent