လက်ရှိဘဏ္ဍာနှစ် ငါးလကျော်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၆၆၀,၀၀၀ ကျော် တင်ပို့ထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန် ၃၂၀,၀၀၀ ကျော် ပိုမိုတင်ပို့ ထားသော်လည်း ပဲစျေးနှုန်း ကျဆင်းနေသဖြင့် ယခင်နှစ်များထက် ဝင်ငွေလျော့ကျ

လက်ရှိဘဏ္ဍာနှစ် ငါးလကျော်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၆၆၀,၀၀၀ ကျော် တင်ပို့ထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန် ၃၂၀,၀၀၀ ကျော် ပိုမိုတင်ပို့ ထားသော်လည်း ပဲစျေးနှုန်း ကျဆင်းနေသဖြင့် ယခင်နှစ်များထက် ဝင်ငွေလျော့ကျ
ဘုရင့်နောင်ရှိ ပဲပွဲရုံတစ်ခုတွင် ပြသထားသော ပဲအမျိုးမျိုးကို တွေ့ရစဉ် (ဓာတ်ပုံ - ရှိုင်းလင်းအောင်)
ဘုရင့်နောင်ရှိ ပဲပွဲရုံတစ်ခုတွင် ပြသထားသော ပဲအမျိုးမျိုးကို တွေ့ရစဉ် (ဓာတ်ပုံ - ရှိုင်းလင်းအောင်)
Published 10 March 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ငါးလကျော်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၆၆၀,၀၀၀ ခန့် တင်ပို့ထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန် ၃၂၀,၀၀၀ ကျော် ပိုမိုတင်ပို့ထားသော်လည်း ပဲစျေးနှုန်းကျဆင်းသဖြင့် ယခင်နှစ်များထက် ဝင်ငွေလျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁ ရက်အထိ ငါးလကျော်အတွင်း ပြည်ပသို့ ပဲမျိုးစုံ ၆၅၉,၂၉၁ တန်အထိ တင်ပို့ထားပြီး ယခင်နှစ် ကာလတူတွင်မူ တန်ချိန် ၃၃၅,၂၁၂ တန်သာ တင်ပို့ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် ငါးလကျော်တွင် ယခင်နှစ် ကာလတူထက်  ၃၂၄,၀၇၈ တန်အထိ ပိုမိုတင်သွင်းထားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ငါးလကျော်အတွင်း ပဲမျိုးစုံ ၆၅၉,၂၉၁ တန်တင်ပို့မှုမှ တန်ဖိုး ဒေါ်လာ ၃၇၄ ဒသမ၂၅၉ သန်းရရှိထားကြောင်း သိရသည်။

“ပဲမျိုးစုံက တန်ချိန် ၆၅၉၂၉၁ တန်ချိန် စံချိန်တင်ပြီးသွားပြီး ကာလ တူက ၃၃၅၂၁၂ တန်ချိန် ၃၂၄၀၇၈ ပိုတင်ပို့ထားတာပေါ့။ တန်ဖိုးက ပဲ အမျိုးမျိုးက ၃၇၄ ဒသမ၂၅၉ သန်း။ ဟိုအစောပိုင်းနှစ်ကထက် ယှဉ်ရင် တော့ ဝင်ငွေကတော့ လျော့သွားတယ်။ မတ်ပဲဆိုလည်း အရင်တုန်းက  တန်ဖိုးက အများကြီးရတာ။ စျေးနှုန်းတွေကြောင့် ရရှိတဲ့ဝင်ငွေတန်ဖိုးက ကျသွားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ဇန်နဝါရီ ၉ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၂၂၀၀၀၊  မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၈၅၀၀၀၊ ဇန်နဝါရီ ၁၀ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၀၁၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၆၄၀၀၀ နှင့် ဇန်နဝါရီ ၁၄ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၉၆၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၆၄၀၀၀ စျေးရှိခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ရရှိသော စာရင်းများအရ သိရသည်။

သို့သော် ဇန်နဝါရီ ၂၁ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၃၀၀၀၀ ၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၉၅၀၀၀ အထိ စျေးပြန်တက်ခဲ့ပြီး ဇန်နဝါရီ  ၂၂ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၁၈၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၈၈၀၀၀၊ ဇန်နဝါရီ ၂၃ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၂၂၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၈၂၀၀၀ အထိ စျေးရှိခဲ့သည်။

ဇန်နဝါရီလဆန်းပိုင်းအတွင်း အိန္ဒိယဘက်က ပဲဝယ်ယူမှု လျော့ကျခဲ့သဖြင့် ပြည်တွင်းပဲစျေးကွက်အတွင်း ပဲစျေးအေးလာပြီး မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၉၉၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၆၉၀၀၀ အထိ စျေးကျလျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ဖေဖော်ဝါရီ ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၅၇၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၂၀၀၀၀၊ ဖေဖော်ဝါရီ ၄ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၅၇၈၅၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၁၈၅၀၀ အထိပဲ စျေးကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ်  ၆၁၂၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၄၂၀၀၀၊ ဖေဖော်ဝါရီ ၈ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၁၈၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၄၈၀၀၀ အထိ စျေးရှိခဲ့သည်။

မတ် ၄ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၆၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၉၀၀၀၀ ရှိခဲ့ရာမှ မတ် ၈ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၁၅၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၉၀၀၀၀ စျေးရှိခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

 

Most Read

Most Recent