ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍ၌လုပ်ကိုင်ရန် အလားအလာများစွာ ရှိနေသော်လည်း လက်ရှိအချိန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံးဝမရှိသေးကြောင်းနှင့် ဟိုတယ်ကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတစ်ခုသာရှိ

ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍ၌လုပ်ကိုင်ရန် အလားအလာများစွာ ရှိနေသော်လည်း လက်ရှိအချိန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံးဝမရှိသေးကြောင်းနှင့် ဟိုတယ်ကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတစ်ခုသာရှိ
ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြုလုပ်ခဲ့သည့် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြုလုပ်ခဲ့သည့် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Published 19 February 2019
နီလာ

ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အလားအလာကောင်းသော ကဏ္ဍများဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်လျက်ရှိသော်လည်း လက်ရှိအချိန်အထိ ချင်းပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံးဝမရှိသေးကြောင်းနှင့် ဟိုတယ်ကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ရှိသေးကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဖေဖော်ဝါရီ ၁၉ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ချင်းပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံးဝမရှိသေးပါးဘူး။ ပြည်တွင်းလုပ်ငန်းရှင်တွေက ဟိုတယ်ကဏ္ဍမှာ မြှုပ်နှံတဲ့တစ်ခုပဲ ရှိပါသေးတယ်။ တကယ်တော့ ချင်းပြည်နယ်မှာဆိုရင် အလားအလာအကောင်းဆုံး ကဏ္ဍတွေအများကြီးရှိပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။

ချင်းပြည်နယ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍသည် အလားအလာအကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖြစ်ကြောင်း၊ သို့သော်လည်း အခြားတစ်ဖက်တွင် ချင်းပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိနေကြောင်းလည်း သိရသည်။

ချင်းပြည်နယ်သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမရှိသေးသော ပြည်နယ်တစ်ခု (Zero Investment) အဖြစ် တည်ရှိဆဲဖြစ်သဖြင့် ၂၀၁၉ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံသူများရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းပြည်နယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးကိုယ်စား အေးချမ်းမြန်မာအင်စတီကျူမှ မူဝါဒရေးရာအကြံပေး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားခဲ့သည်။

သို့သော်လည်း ချင်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုထားသည့်  ဟိုတယ်လုပ်ငန်းတစ်ခု ရှိလာပြီဖြစ်ကြောင်း၊  ကျပ်သန်း ၈၀၀ ကျော်ဖြင့် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန် ပြည်တွင်းကုမ္ပဏီတစ်ခုအား ခွင့်ပြုပေးထားကြောင်း ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် Zero ကွဲပြီးသား ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက မရှိဘူးမဟုတ်ဘူး။ ရှိပါတယ်ဗျ။ တောင်ပိုင်းမှာလည်း ကန်ပက်လက်၊ မင်းတပ်မှာ ဟိုတယ်တော်တော်များများရှိ  ပါတယ်။ ဒီဟိုတယ်လုပ်ငန်းရှင်တွေကို ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့သွားပြီး ဖိတ်ခေါ်ခဲ့တယ်” ဟု ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု  ဥပဒေအရ အခွန်ကင်းလွတ်ခွင့်ခုနစ်နှစ်ရရှိသည့် ဇုန်(က)စာရင်းတွင် ချင်းပြည်နယ်ပါ ဝင်ကြောင်းနှင့် ဥပဒေအရ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား အကာအကွယ်ပေးထားကြောင်း သိရသည်။

အစိုးရသစ်လက်ထက်တွင် ချင်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးဆောင်၍ ချင်းပြည်နယ်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရန်မူဘောင (Framework to Attract Investment to Chin State) မူကြမ်းကို စတင်ရေးဆွဲခဲ့ပြီး ဦစားပေးနယ်ပယ်များအဖြစ် ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းကဏ္ဍနှင့် မြို့ပြဖွံ့ဖြိုးရေးကဏ္ဍတို့ကို လျာထားပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း ချင်းပြည်နယ်ရှိ ဒေသန္တရစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Most Read

Most Recent