ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ်အခန်းအရေအတွက် ၅၃၃၀ ဝန်းကျင်ရှိလာပြီး ယခင်နှစ်ကာလတူထက် ၂၂ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ငှားရမ်းခ ရှစ်ရာခိုင်နှုန်းကျဆင်းကာ ပျမ်းမျှအခန်းခ ၁၀၃ ဒေါ်လာသာရှိနေ

ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ်အခန်းအရေအတွက် ၅၃၃၀ ဝန်းကျင်ရှိလာပြီး ယခင်နှစ်ကာလတူထက် ၂၂ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ငှားရမ်းခ ရှစ်ရာခိုင်နှုန်းကျဆင်းကာ ပျမ်းမျှအခန်းခ ၁၀၃ ဒေါ်လာသာရှိနေ
ရန်ကုန်မြို့လယ်ရှိ အဆင့်မြင့်နိုင်ငံတကာ ဟိုတယ်လုပ်ငန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့လယ်ရှိ အဆင့်မြင့်နိုင်ငံတကာ ဟိုတယ်လုပ်ငန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 19 February 2019
စည်သူအောင်

ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ် အခန်းအရေအတွက် ၅၃၃၀ ဝန်းကျင်ရှိလာပြီး ယခင်နှစ်ကာလတူထက် ၂၂ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း အခန်းငှားရမ်းခ ရှစ်ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ပျမ်းမျှအခန်းခ ၁၀၃ ဒေါ်လာသာရှိကြောင်း ကနေဒါ အခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုနှင့် အကြံပေးလုပ်ငန်း Colliers International (Myanmar) ၏ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်စျေးကွက် အစီရင်ခံစာအရ သိရသည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာဟိုတယ် ၃၀ ကျော်ဖွင့်လှစ်ပြီးဖြစ်ကာ တည်ဆောက်ဆဲ စီမံကိန်း ၁၀ ခုဝန်းကျင်၊ ခွင့်ပြုမိန့်ရပြီးစီမံကိန်း ၂၀ ခုဝန်းကျင်ရှိသည်။ လာမည့်သုံးနှစ်အတွင်း အဆင့်မြင့်ဟိုတယ်စီမံကိန်း ၁၀ ခု ဝန်းကျင်ပြီးစီးရန်မျှော်မှန်းထားပြီး အခန်းပေါင်း ၂၀၄၀ ထွက်ရှိမည်ဟု ခန့်မှန်းထားခြင်း ဖြစ်သည်။ ၂၀၁၉ နှစ်ကုန်တွင် ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ်အခန်းပေါင်း ၆၃၅၀ ဝန်းကျင်ရှိလာမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ကုန်ဆုံးချိန်တွင် အဆင့်မြင့်ဟိုတယ်အခန်း  ၇၀၀၀ ဝန်းကျင်ရှိလာမည်ဟု မျှော်မှန်းထားသည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်များ၏ ပျမ်းမျှအခန်းငှားရမ်းမှုနှုန်းသည် ၂၀၁၆ ခု နှစ်မှစ၍ ရာခိုင်နှုန်း ၅၀ အောက်ရောက်ပြီး ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင်လည်း ၄၃ ရာခိုင်နှုန်းသာရှိကာ ၂၀၁၈ ဒုတိယသုံး လပတ်ထက် သုံးရာခိုင်နှုန်း ဆက်လက်ကျဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် ခရီးသွားရာသီအစဖြစ်သည့် အောက်တိုဘာလမှစ၍ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံမှ သာမန်နိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်သူများကို ဗီဇာဖြေလျှော့မှုပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား သုံးသန်းခွဲ ကျော်သာဝင်ရောက်ခဲ့ပြီး ယခင်နှစ်ကထက် တိုးတက်မှုနှုန်း ၃ ဒသမ ၁၅ ရာခိုင်နှုန်းသာရှိခဲ့သည်။

ရန်ကုန်မြို့သို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုကျဆင်းလာမှုနှင့်အတူ အဆင့်မြင့်ဟိုတယ်အခန်းခများလည်း အကျဘက်ရောက်ခဲ့ရာ စီးပွားရေးကိစ္စဖြင့်လာရောက်သော ခရီးသွားတိုးတက်လာခြင်းကြောင့် စျေးကွက်ကျဆင်းမှုကို လျော့နည်းစေခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံသို့ အမေရိက၊ အနောက် ဥရောပ၊ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့်  အာဖရိကမှ ခရီးသွားဝင်ရောက်မှု သိသိသာသာလျော့ကျနေပြီး ရာခိုင်နှုန်းများစွာ ဝင်ရောက်မှုတိုးလာသော အာရှခရီးသွားများကို ဟိုတယ်စျေးကွက်က အားထားနေရခြင်း ဖြစ်သည်။

လာမည့်ဟိုတယ်သစ်များအတွက် တည်ဆောက်မှုအရည်အသွေး၊ အခန်းဖွဲ့စည်းမှု ဒီဇိုင်းအရည်အသွေး၊ ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုအရေးပါလာမည်ဖြစ်ပြီး ဟိုတယ်အဟောင်းများသည် အခြားဟိုတယ်များထက် စျေးနှုန်းကျဆင်းမှုပိုများလာမည် ဖြစ်သည်။ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ပျမ်းမျှဟိုတယ်အခန်းငှားခမှာ ၁၀၃ ဒေါ်လာဝန်းကျင် ဖြစ်သည်။

အဆင့်မြင့်ဟိုတယ်အခန်း ပျမ်းမျှငှားရမ်းမှုနှုန်းသည် ၂၀၁၇ တတိယသုံးလပတ်တွင် ၄၆ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၁၇ ပထမသုံးလပတ်တွင် ၅၂ ရာခိုင်နှုန်းရှိခဲ့ကာ ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်တွင် ၄၇ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၄၃ ရာခိုင်နှုန်းရှိခဲ့သည်။  ဖြစ်ပေါ်လာနိုင်သည့် စျေးကွက်အနေအထားများအရ ဟိုတယ်များအနေဖြင့် ထိုင်း၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား စသည့် အာရှနိုင်ငံသားခရီးသွားများ၊ စီးပွားရေးခရီးသွားများ၊ ခရီးသွားအေဂျင်စီဖြင့်လာရောက်သည့် ခရီးသွားများ၊ ငွေသုံးနိုင်သည့် တစ်ဦးချင်းခရီးသွားများကို အဓိကဦးတည်ပြီး စျေးကွက်ရှာဖွေရမည်ဖြစ်ကြောင်း Colliers က အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု အများဆုံးဒေသများ ဖြစ်သည်။ မြန် နိုင်ငံသို့နှစ်အလိုက် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဦးရေမှာ ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၆ သန်း၊ ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၉၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄၄ သန်း၊ ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅  သန်း ဖြစ်သည်။

 

Most Read

Most Recent