ဒေါ်လာစျေးကျဆင်းသော်လည်း ကမ္ဘာ့ရေနံစျေးမြင့်တက်နေခြင်းကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်း ဇန်နဝါရီလဆန်းထက် တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၇၀ အထိ မြင့်တက်လာ

ဒေါ်လာစျေးကျဆင်းသော်လည်း ကမ္ဘာ့ရေနံစျေးမြင့်တက်နေခြင်းကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်း ဇန်နဝါရီလဆန်းထက် တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၇၀ အထိ မြင့်တက်လာ
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်နေရာကို တွေ့ရစဉ်
Published 18 February 2019
စည်သူအောင်

ဒေါ်လာစျေးကျဆင်းလာသော်လည်း ကမ္ဘာ့ရေနံစျေးမြင့်တက်နေခြင်းကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ဇန်နဝါရီ လဆန်းထက် တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၇၀ အထိ မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံစျေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံစျေးနှုန်းသည် တဖြည်းဖြည်း ဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်တွင် ၄၅ ဒေါ်လာဝန်း ကျင်၊ ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၅၂ ဒေါ်လာ၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ၅၆ ဒေါ်လာ ဝန်းကျင်အထိ ပြန်တက်ခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron  ၁၀၆၅ ကျပ်၊ 95 Ron  ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်စျေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron  တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron  တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါလန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဒေါ်လာစျေးကျဆင်းခဲ့သော်လည်း ကမ္ဘာ့ရေနံ စျေးနှုန်းမြင့်တက်ခဲ့သောကြောင့် ပြည်တွင်း စက်သုံးဆီစျေးကွက်တွင် ဇန်နဝါရီလအတွင်း စျေးနှုန်းအတက်အကျ တစ်လီတာလျှင် ၂၅ ကျပ်မှ-ကျပ် ၆၀ အထိဖြစ်ပေါ်ခဲ့သည်။ ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင်အများစုတွင် ရောင်းချနေသောစျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ကျပ် ၈၉၅ (တစ်ဂါလန် ၄၀၆၃ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၉၀၅ (တစ်ဂါလန် ၄၁၀၈ ကျပ်)၊ အောက်တိန်း 92 Ron  တစ်လီတာ ၇၀၅ကျပ် (တစ်ဂါလန် ၃၂၀၀ ကျပ်) အောက်တိန်း 95 Ron  တစ်လီတာ ၈၀၀ ကျပ် (တစ်ဂါလန် ၃၆၃၂ ကျပ်) ဖြစ်သည်။

 

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ဖေဖော်ဝါရီ ၁၈ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းအဖြစ် သတ်မှတ်ထားသော စက်သုံးဆီတစ်လီတာစျေးနှုန်းများမှာ 92 Ron  ၆၆၀ ကျပ်၊ 95 Ron  ၇၄၅ ကျပ်၊ ဒီဇယ် ၈၄၀ ကျပ်၊ ပရီမီယံဒီဇယ် ၈၅၀ ကျပ် ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ  ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron  တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron  တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်စျေးနှုန်းဖြင့် နှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော်အတွင်း ဒီဇယ် ၁၁၉  ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင်နှုန်း၊ 92 Ron  ၉၄ ရာခိုင်နှုန်း၊ 95 Ron  ၇၂ ရာခိုင်နှုန်း စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent