အနုပညာခရီးလမ်းမှာ ကျောထောက်နောက်ခံ မရှိပေမယ့် ကိုယ်ယုံကြည်တာကိုပဲ အကောင်းဆုံး လုပ်တယ်ဆိုတဲ့ သရုပ်ဆောင် တိုင်ရွန် ပြောပြတဲ့ ငယ်စဉ်ဘဝ အမှတ်တရ ဖြတ်သန်းရာ

အနုပညာခရီးလမ်းမှာ ကျောထောက်နောက်ခံ မရှိပေမယ့် ကိုယ်ယုံကြည်တာကိုပဲ အကောင်းဆုံး လုပ်တယ်ဆိုတဲ့ သရုပ်ဆောင် တိုင်ရွန် ပြောပြတဲ့ ငယ်စဉ်ဘဝ အမှတ်တရ ဖြတ်သန်းရာ
Published 14 February 2019
လင်းလင်းခိုင်

ရာဇဝတ်မှုဖြစ်ရပ်တွေကို အမိုက်စားပုံရိပ်တွေနဲ့ တင်ဆက်ခဲ့တဲ့ ‘မနေ့ကဖြစ်သည် ၂’ ရုပ်သံဇာတ် လမ်းတွဲနဲ့အတူ ပရိသတ်အသိအမှတ်ပြုမှုကို ပိုမိုရရှိလာသူက သရုပ်ဆောင်တိုင်ရွန်ပဲဖြစ်ပါတယ်။ မော်ဒယ်လ်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုရရှိထားပြီးဖြစ်ပေမယ့် ‘မနေ့ကဖြစ်သည် ၂’ မှာတော့ အက်ရှင်ဇာတ်ရုပ်တွေမှာ အပီပြင်ဆုံး ပုံဖော်နိုင်သူ လူငယ်အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိသတ်တွေက လက်ခံခဲ့ကြပါတယ်။ ၂၀၁၉ ထဲမှာလည်း တိုင်ရွန်ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရုံတင်ပြသဖို့စီစဉ်နေသလို ထပ်မံပါဝင်ရိုက်ကူးဖို့ စီစဉ်ထားတဲ့ဇာတ်ကားတွေလည်းရှိပါတယ်။ အခုတစ်ပတ် မှာတော့ အက်ရှင်ဇာတ်ရုပ်တွေနဲ့အတွေ့ရများတဲ့ သရုပ်ဆောင်တိုင်ရွန်ရဲ့ငယ်စဉ်ဘဝ အမှတ်တရပုံရိပ်တွေကို တင်ဆက်ပေးချင်ပါတယ်။

သရုပ်ဆောင်တိုင်ရွန်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာမွေးဖွားခဲ့ပြီး မွန်ပြည်နယ် သံဖြူဇရပ် ဇာတိဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝကို ပဲခူးမြို့မှာ ကြီးပြင်းခဲ့သူဖြစ်ပြီး မွေးချင်း အစ်မနှစ်ယောက်ရှိကာ အငယ်ဆုံး သားလည်းဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာတော့ အနေအေးတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး အစ်မတွေကိုတော့ အရမ်းတွယ်တာတယ်လို့ဆိုပါတယ်။

‘‘ကျွန်တော်ငယ်ငယ်က လူကြောက်တယ်။ အိမ်ထဲကအိမ်ပြင် သိပ်မထွက်ဘူး။ အရမ်းလည်း ဆော့လေ့မရှိဘူး။ အစ်မတွေကိုပဲ ကပ်နေတာများတယ်။ အစ်မတွေ ကျောင်းသွားနေတယ်ဆိုလည်း အစ်မတွေ ကျောင်းပြန်လာမယ့်အချိန်ကို မျှော်နေတာ။ တစ်ယောက်တည်း အေးဆေးနေတဲ့ အချိန်များပါတယ်’’လို့ တိုင်ရွန်က ငယ်စဉ်ကပုံရိပ်ကို ပြောပြခဲ့ပါတယ်။

ကျောင်းပညာရေးအနေနဲ့တော့ ပဲခူး အ.ထ.က(၃) မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ တက်ရောက် ခဲ့ပါတယ်။ ကျောင်းပညာရေးမှာ ထူးချွန်တဲ့အထဲ မပါဝင်ဘဲ ၀ါသနာပါရာ ဘာသာရပ်မှာတော့ အမှတ်များလေ့ရှိတယ်လို့ ဆိုပါတယ်။ ငယ်စဉ်က ကျောင်းကပွဲတိုင်းမှာ ပါဝင်လေ့ရှိပြီး မူကြိုကနေအထက်တန်းအထိ နှစ်စဉ်ပါဝင်တတ်သူပါလို့ ပြောပြခဲ့ပါ တယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ Physics ဘာသာရပ်နဲ့ တက္ကသိုလ်ဆက် လက်တက်ရောက်ခဲ့ပြီး အနုပညာခရီး လမ်း စတင်လျှောက်လှမ်းချိန်မှာ ကျောင်း ခဏရပ်နားထားခဲ့ပါတယ်။

‘‘တက္ကသိုလ်တက်တဲ့အချိန်မှာ ကိုယ်ဝါသနာပါတာ အနုပညာအလုပ်ဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော် တို့က ပိုက်ဆံလည်း အရမ်းမရှိသလို အနုပညာမျိုးရိုး ကျောထောက်နောက်ခံလည်း မရှိဘူး။ စိန်ခေါ်မှုတွေ အခက်အခဲတွေရှိတယ်။ ဒါပေမဲ့ ရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်နဲ့ကျော်ဖြတ်ခဲ့တာပါ’’လို့ သရုပ်ဆောင်တိုင်ရွန်က အနုပညာ ခရီးလမ်းအစကို ပြောပြခဲ့ပါတယ်။

မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာခရီးလမ်းအတွင်း စတင်ရောက်ရှိလာခဲ့ပြီး မော်ဒယ်လ်ရှိုးတွေ လျှောက်နေခဲ့ရာက သရုပ်ဆောင်လမ်းကြောင်းဘက်ကိုရောက်ဖို့ ကြိုးစားခဲ့ရပါတယ်။ ပရိသတ်တွေနဲ့ အမှတ်တရဖြစ်စေခဲ့တဲ့ ဇာတ်ကားအနေနဲ့ ‘မနေ့ ကဖြစ်သည် ၂’ မှာပါဝင်ခွင့်ရခဲ့ချိန်မှာတော့ အကောင်းဆုံးကြိုးစားခဲ့တယ် လို့ဆိုပါတယ်။ ဒီဇာတ်ကားရိုက်ကူးချိန်မှာ ပင်ပန်းကြမ်းတမ်းပေမယ့် သိပ်မမှုဘဲရအောင် ကျော်ဖြတ်မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်မှာတော့ ‘ငါမုန်းတဲ့အက္ခရာ’၊ ‘ပုရိသ’၊ ‘စာအုပ်ကြီးရဲ့စီရင်ချက်’ ‘ငါတို့သည်’၊  ‘ကြောက် ကြောက် ကြောက် ၂’ ဆိုတဲ့ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးထားသလို ၂၀၁၉ မှာ ကြည့်ခွင့်ရမယ့် ဇာတ်ကားတွေပါလို့ဆိုပါတယ်။ ဒီနှစ်ထဲမှာထပ်မံပါဝင်မယ့်ဇာတ်ကားတွေလည်း လက်ခံထားသလို သေချာပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

သူ့ကိုပရိသတ်တွေက ပိုပြီးအသိအမှတ်ပြု အားပေးလာတာနဲ့ပတ်သက်လို့တော ့ ‘‘ကျွန်တော်က ပွင့်လင်းတယ်။ သရုပ်ဆောင်တစ်ယောက်အဖြစ် ကျွန်တော့်ကိုမြင်ရတာနဲ့ အပြင်ကပုံစံက အတူတူပဲ။ ကျွန်တော့်မှာ ရည်းစားရှိတယ်ဆိုလည်း ရှိတယ်ပဲ။ ဆေးလိပ်သောက်တတ်တယ်ဆိုလည်း သောက်တယ်ပဲ။ ဖုံးကွယ် ပြီးနေရတာမျိုးကို သိပ်သဘောမကျဘူး။ ပွင့်ပွင့်လင်းလင်းနေရတာကို ကြိုက်တယ်။ ပရိသတ်တွေလည်း အဲဒီလိုနေတာမျိုးနဲ့တွဲပြီး ကျွန်တော့်ကိုသိကြတယ်လို့ ထင်တယ်’’လို့တိုင်ရွန်က ဆိုပါတယ်။

သရုပ်ဆောင်တိုင်ရွန်က လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။ ချစ်သူများနေ့မှာတော့ ပရိသတ်တွေနဲ့ Surprise တွေ့ဆုံသွားမယ့် အစီအစဉ်ရှိပြီး ပရိသတ်တွေကို ပျော်ရွှင်စေချင်ပါတယ်လို့လည်း ဆိုခဲ့ပါတယ်။ သရုပ်ဆောင်မိုးဟေကိုနဲ့တွဲဖက်ပြီးတော့လည်း ကြော်ငြာ ရိုက်ကူးထားသလို တခြားကြော်ငြာတွေလည်း ရိုက်ကူးဖို့ရှိတယ်လို့ဆိုပါတယ်။

‘‘ပရိသတ်အားလုံးလည်း ကျန်းမာချမ်းသာကြပါစေ။ ပရိသတ်တွေဖြစ်စေချင်တဲ့အတိုင်း အနုပညာရှင်အကုန်လုံးက စိတ်ထဲမှာရှိကြပါတယ်။ အဲဒီအချိန်မှာ လုပ်ပိုင်ခွင့်မရသေးတဲ့ အတိုင်းအတာလေး တစ်ခုအတွင်းမှာ သည်းခံပေးကြပါ။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစား တည်ဆောက်သွားပါမယ်။ ယုံကြည်လို့ ၀ါသနာပါလို့ ရွေးချယ်ထားတဲ့ လမ်းခရီးတစ်ခုမှာ အကောင်းဆုံးကြိုးစားမယ်လို့ ပြောချင်ပါတယ်’’လို့ သရုပ်ဆောင်တိုင်ရွန်က ပရိသတ်တွေကို ဆိုခဲ့ပါတယ်။

ယုံကြည်ရာခရီးလမ်းကို ခြေတစ်လှမ်းချင်းလျှောက်လှမ်းနေသူ သရုပ်ဆောင်တိုင်ရွန်ရဲ့ ငယ်စဉ်ဘဝ အမှတ်တရတချို့နဲ့ သူကျော်ဖြတ်ခဲ့ရတဲ့စိန်ခေါ်မှု၊ အခက်အခဲတချို့ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။                                    

 

 

Most Read

Most Recent