ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် ဂျပန် ODALoan အစီအစဉ်အရ အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် ဂျပန် ODALoan အစီအစဉ်အရ အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေဖြင့် ရောင်းချမည်
ကျန်စစ်မင်းအိမ်ရာ တိုက်ခန်းများ ရောင်းချနေမှုကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန)
ကျန်စစ်မင်းအိမ်ရာ တိုက်ခန်းများ ရောင်းချနေမှုကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန)
Published 13 February 2019
နီလာ

ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရေးအတွက် အိမ်ရာများကို ဂျပန်နိုင်ငံ ODALoan အစီအစဉ်အရ အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းကဲ့သို့ရောင်းချမည့် အိမ်ရာစီမံကိန်းများမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများဖြစ်သော ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း ၁၊၂  နှင့် ကနောင်အိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ အပိုင်း ၂၊ ၃ နှင့် တန်ဖိုး သင့်အိမ်ရာစီမံကိန်းများဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းတို့ ဖြစ်သည်။

ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHID) တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူများအနက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ  ၃၁ ရက်အထိ အိမ်ရာစုဆောင်းငွေပြည့်မီသူများသည် အထက်ပါအိမ်ရာ စီမံကိန်းရှိအခန်းများကို လျှောက်ထားဝယ်ယူနိုင်ပြီး အိမ်ရာစု ဆောင်းငွေပြည့်မီသူများ၏ အမည်စာရင်းနှင့် ရောင်းချမည့်အစီအစဉ်များကို ရန်ကုန်မြို့၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ အသိပေးကြေညာခဲ့ကြောင်း သိရသည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအနက် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာ အပိုင်း (၂) တွင် ရှစ်ခန်းတွဲလေးထပ်၊ ရွှေလင်ပန်းအပိုင်း (၃) တွင် ခြောက်ခန်းတွဲလေးထပ်၊  ဒဂုံမြိ့နယ်(ဆိပ်ကမ်း)မြို့နယ် ယုဇနအိမ်ရာ အပိုင်း (၁) တွင် ရှစ်ခန်းတွဲလေးထပ်၊ ခြောက်ခန်းတွဲလေးထပ်၊ အပိုင်း (၂) ရှစ်ခန်းတွဲလေးထပ်၊ ခြောက်ခန်းတွဲလေးထပ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ကနောင်အိမ်ရာတွင် ရှစ်ခန်းတွဲလေးထပ်၊ ခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံများဖြစ်ကြကြောင်း သိရသည်။ တန်ဖိုးသင့်အိမ်ရာစီမံကိန်းတွင် လှိုင်သာယာမြို့နယ် ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းဖြစ်ပြီး လေးခန်းတွဲငါးထပ်အဆောက်အအုံ ဖြစ်သည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှ ပေးပို့လာသည့် ၂၀၁၉ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ စုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် အိမ်ရာစုဆောင်းငွေပြည့်မီသူစာရင်း ၃၃၅၇ ဦး ရှိပြီး အဆိုပါစုဆောင်းငွေပြည့်မီသူများ သည် အထက်တွင်ဖော်ပြထားသည့် အိမ်ရာစီမံကိန်း များရှိ အခန်းများကို အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

ရွှေလင်ပန်းအိမ်ရာအပိုင်း (၂) မှ အခန်းပေါင်း ၂၈၁ ခန်း၊ ရွှေလင်ပန်းအိမ်ရာအပိုင်း (၃)မှ အခန်းပေါင်း ၁၇၄ ခန်း၊ယုဇနအိမ်ရာအပိုင်း(၁)မှ အခန်းပေါင်း ၁၇၅ ခန်း၊ ယုဇနအိမ်ရာအပိုင်း (၂) မှ အခန်းပေါင်း ၆၃၉ ခန်း၊ ကနောင်အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၂၄၃ ခန်း၊ စုစုပေါင်းတန်ဖိုးနည်း အခန်းပေါင်း ၁၅၁၂ခန်းနှင့် ထီးလှိုင်ရှင်အိမ်ရာ စီမံကိန်းမှ တန်ဖိုးသင့်အိမ်ရာအခန်း ၁ဝခန်းကို ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

Most Read

Most Recent