တောင်ကိုရီးယားအခြေစိုက် Lotte က မြန်မာနိုင်ငံမှ Good Morning ပေါင်မုန့်ဖြင့် လူသိများသော L & M Mayson ၏ အစုရှယ်ယာ ရာခိုင်နှုန်း ၈၀ ကို ဒေါ်လာ ၆၉ သန်းကျော်ဖြင့် ဝယ်ယူ

တောင်ကိုရီးယားအခြေစိုက် Lotte က မြန်မာနိုင်ငံမှ Good Morning ပေါင်မုန့်ဖြင့် လူသိများသော L & M Mayson ၏ အစုရှယ်ယာ ရာခိုင်နှုန်း ၈၀ ကို ဒေါ်လာ ၆၉ သန်းကျော်ဖြင့် ဝယ်ယူ
Published 1 February 2019
စည်သူအောင်

တောင်ကိုရီးယားအခြေစိုက် Lotte က မြန်မာနိုင်ငံမှ Good Morning  ပေါင်မုန့်ဖြင့် လူသိများသော L & M Mayson ၏ အစုရှယ်ယာ ရာခိုင်နှုန်း ၈၀ ကို ဒေါ်လာ ၆၉ သန်းကျော်ဖြင့် ဝယ်ယူခဲ့ပြီး အဆိုပါ ရှယ်ယာ လွှဲပြောင်း ဝယ်ယူမှုဆိုင်ရာ အောင်မြင်မှုအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်မြို့ ရှိ Lotte Hotel ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Lotte Confectionery အနေဖြင့် မြန်မာနိုင်ငံရှိ စျေးကွက်ဝေစု အများဆုံးရရှိထားသော မုန့်လုပ်ငန်းဖြစ်သည့် L & M Mayson ၏ အစုရှယ်ယာအများစုကို ရယူလိုက်ခြင်းဖြင့် အလားအလာကောင်းများ ရှိနေသည့် မြန်မာစျေးကွက်အတွင်း စားသောက်ကုန် ထုတ်လုပ်ရောင်းချမှု လုပ်ငန်းသို့ ခြေလှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား၏ အထင်ကရ စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုအနေဖြင့် မြန်မာနိုင်ငံရှိ ပေါင်မုန့်နှင့် ဘီစကွတ်များ အဓိကထုတ်လုပ်နေသည့် L & M Mayson ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ဝမ် ၇၇ ဘီလျံ (ဒေါ်လာ ၆၉ ဒသမ ၂ သန်း) ဖြင့်  ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

L & M Mayson ကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပေါင်မုန့်၊ ကိတ်မုန့်နှင့် ဘီစကွတ်များကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လုပ်ငန်းတွင် စက်ရုံ သုံးရုံ၊ ရုံးခွဲ ၁၂ ခု၊ ဖြန့်ချိရေးဌာန ၁၀ ခုနှင့် အရောင်းကွန်ရက် များစွာရှိကြောင်း ထုတ်ပြန်ထားသည်။

Lotte Confectionery  ၏ မြန်မာနိုင်ငံရှိ လုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး စားသောက်ကုန်လုပ်ငန်းများ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက် ရှိသည်။

Lotte Confectionery  သည် တောင်ကိုရီးယားအခြေစိုက် အများပိုင်လုပ်ငန်း တစ်ခုဖြစ်သော Lotte Conglomerate ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်ပြီး ဘယ်လ်ဂျီယံ အခြေစိုက် ချော့ကလက်လုပ်ငန်း တစ်ခုသော Guylian ၊ အိန္ဒိယ အခြေစိုက် ရေခဲမုန့်လုပ်ငန်း တစ်ခုဖြစ်သော Havmor တို့အပါအဝင် နိုင်ငံတကာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

Good Morning ပိုင်ရှင်သည် ဦးကြည်စိုး (ခ) တော်ကြူးကျိန် ဖြစ်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းတွင် ထင်ရှားသူဖြစ်ကာ လုပ်ငန်းများစွာ၌ အစုရှယ်ယာများ ပါဝင်ထားသည်။L & M Mayson မှ ထုတ်လုပ်သော အဓိက အမှတ်တံဆိပ်မှာ Good Morning  ဖြစ်ပြီး အခြား အမှတ်တံဆိပ်များမှာ Garden ၊ Morning Sun၊ Smile ၊ Monte ၊ Amico ၊ Fresko ၊ Voila ၊ Bonjour စသည်တို့ ဖြစ်သည်။                    

 

Most Read

Most Recent