ကမ္ဘာ့ရေနံစျေး မြင့်တက်ခဲ့ခြင်းကြောင့် ဇန်နဝါရီလအတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း တစ်လီတာ ၂၅ ကျပ်မှ ကျပ် ၆၀ အထိ ပြန်လည်မြင့်တက်

ကမ္ဘာ့ရေနံစျေး မြင့်တက်ခဲ့ခြင်းကြောင့် ဇန်နဝါရီလအတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း တစ်လီတာ ၂၅ ကျပ်မှ ကျပ် ၆၀ အထိ ပြန်လည်မြင့်တက်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 29 January 2019
စည်သူအောင်

ကမ္ဘာ့ရေနံစျေးသည် ဒီဇင်ဘာလထက် မြင့်တက်ခဲ့ခြင်းကြောင့် ဇန်နဝါရီလအတွင်း ပြည်တွင်းစက်သုံးဆီစျေးကွက် စျေးနှုန်းအနည်းငယ်ပြန်တက်ခဲ့ပြီး တစ်လီတာလျှင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိမြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ကမ္ဘာ့ရေနံစျေးနှုန်း အမြင့်ပိုင်းတွင် ဖြစ်ပေါ်နေချိန် ဒေါ်လာစျေးလည်းမြင့် တက်ခြင်းကြောင့် စက်သုံးဆီစျေး ဆက်တိုက်မြင့်ခဲ့ရာ ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန်တင်စျေးနှုန်းများအနေဖြင့် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံစျေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံစျေးနှုန်းသည် တဖြည်းဖြည်း ဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိကျဆင်းခဲ့ကာ ဇန်နဝါရီ ၂၁ ရက်တွင် ၅၄ ဒေါ်လာဝန်းကျင်၊ ဇန်နဝါရီ ၂၉ ရက်တွင် ၅၂ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်စျေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်တွင် ဖြစ်ပေါ်သော အမြင့်ဆုံးစံချိန်တင်စျေးနှုန်းများနှင့် နှိုင်းယှဉ်ပါက နှစ်လကျော်အတွင်း ဒီဇယ် ၂၂ ရာခိုင်နှုန်းဝန်းကျင်၊ ပရီမီယံဒီဇယ် ၂၃ ရာခိုင်နှုန်းဝန်းကျင်၊ 92 Ron ၃၆ ရာခိုင် နှုန်းဝန်းကျင်၊ 95 Ron ၃၃ ရာခိုင်နှုန်းဝန်းကျင် စျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဒေါ်လာစျေးကျဆင်းခဲ့သော်လည်း ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်ခဲ့သောကြောင့် ပြည်တွင်းစက်သုံးဆီစျေးကွက်တွင် ဇန်နဝါရီလအတွင်း စျေးနှုန်းအတက်အကျ တစ်လီတာလျှင် ၂၅ ကျပ်မှ-ကျပ် ၆၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ဇန်နဝါရီ ၂၉ ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင်အများစုတွင် ရောင်းချနေသောစျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ကျပ် ၈၈၅ (တစ်ဂါလန် ၄၀၁၇ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၈၉၅ (တစ်ဂါလန် ၄၀၆၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၉၅ကျပ် (တစ်ဂါလန် ၃၁၅၅ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၉၀ ကျပ် (တစ်ဂါလန် ၃၅၈၆ ကျပ်) ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံ ဒီဇယ်တစ်လီတာ  ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်စျေးနှုန်းနှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော်အတွင်း ဒီဇယ် ၁၁၉  ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင်နှုန်း၊ 92 Ron ၉၄ ရာခိုင်နှုန်း၊ 95 Ron ၇၂ ရာခိုင်နှုန်း စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent