မြန်မာနိုင်ငံ၏ ကြွေးမြီ ရာခိုင်နှုန်း ၄၀ မှာ ပြည်ပကြွေးမြီများဖြစ်ပြီး အတိုးနှုန်းကြောင့် ဆုံးရှုံးနိုင်ခြေ နည်းပါးသော်လည်း ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ချေးငွေပေးဆပ်ရာတွင် ဘတ်ဂျက် အသုံးစရိတ် မြင့်တက်စေသည့်အတွက် ဆုံးရှုံးနိုင်ခြေလျှော့ချရန် ဆောင်ရွက်နေ

မြန်မာနိုင်ငံ၏ ကြွေးမြီ ရာခိုင်နှုန်း ၄၀ မှာ ပြည်ပကြွေးမြီများဖြစ်ပြီး အတိုးနှုန်းကြောင့် ဆုံးရှုံးနိုင်ခြေ နည်းပါးသော်လည်း ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ချေးငွေပေးဆပ်ရာတွင် ဘတ်ဂျက် အသုံးစရိတ် မြင့်တက်စေသည့်အတွက် ဆုံးရှုံးနိုင်ခြေလျှော့ချရန် ဆောင်ရွက်နေ
Published 24 January 2019
စည်သူအောင်

မြန်မာနိုင်ငံ၏ ကြွေးမြီ ရာခိုင်နှုန်း ၄၀ မှာ ပြည်ပကြွေးမြီများဖြစ်ပြီး အတိုးနှုန်းကြောင့် ဆုံးရှုံးနိုင်ခြေ နည်းပါးသော်လည်း ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ချေးငွေပေးရာတွင် နိုင်ငံတော်ဘတ်ဂျက် အသုံးစရိတ် မြင့်တက်စေသည့်အတွက် ဆုံးရှုံးနိုင်ခြေလျှော့ချရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ ၂၀၁၈ ခုနှစ် ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၁/၂၀၁၉) အရ သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီပမာဏမှာ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်တွင် ဒေါ်လာ ၁၀ ဒသမ ၂၀ ဘီလျံရှိပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေ ဒေါ်လာ ၁၇၈၈ သန်း၊ နှစ်နိုင်ငံအစိုးရ ကြားချေးငွေ ဒေါ်လာ ၈၄၁၂ ဒသမ ၂ သန်း၊ ပဲရစ်ကလပ် အဖွဲ့ဝင် နိုင်ငံများမှ ချေးငွေ ဒေါ်လာ ၃၉၉၆ ဒသမ ၇ သန်း၊ ပဲရစ်ကလပ်အဖွဲ့ဝင် မဟုတ်သော နိုင်ငံများမှ ချေးငွေ ဒေါ်လာ ၄၄၁၅ ဒသမ ၅ သန်း ဖြစ်သည်။

ပြည်ပချေးငွေများ၏ ပျမ်းမျှအတိုးနှုန်းသည် ၁ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ပြီး အတိုးနှုန်းမှာ ၀ မှ ၅ ရာခိုင်နှုန်းအတွင်း ရှိသည်။ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်ရှိ ပြည်ပကြွေးမြီတွင် ငွေကြေးအမျိုးအစားအလိုက် ပါဝင်မှုနှုန်းမှာ ယူရို ၃၂ ရာခိုင်နှုန်း၊ ဂျပန်ယန်း ၂၅ ရာခိုင်နှုန်း၊ အက်စ်ဒီအာရ် ၁၆ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၁၄ ရာခိုင်နှုန်း၊ တရုတ် ယွမ် ၁၂ ရာခိုင်နှုန်း၊ အခြား ၁ ရာခိုင်နှုန်း ဖြစ်သည်။

အစိုးရ၏ ကြွေးမြီများ၏ ဆုံးရှုံးနိုင်ခြေနှင့် ကုန်ကျစရိတ်များ ထိရောက်စွာကြီးကြပ်ကွပ်ကဲရန်အတွက် နိုင်ငံခြားငွေ အမျိုးအစားကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်း၊ အတိုးနှုန်းကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း၊ ဘဏ္ဍာငွေပြန်လည် ဖြည့်ဆည်းမှု ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်း၊ ငွေဖြစ်လွယ်မှု ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းဆောင်ရွက်မှု ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

နိုင်ငံခြားငွေကြေး အမျိုးအစားကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရာတွင် စုစုပေါင်းကြွေးမြီ၏  ရာခိုင်နှုန်း ၄၀ မှာ ပြည်ပကြွေးမြီဖြစ်ပြီး နိုင်ငံခြားငွေကြေး အမျိုးအစား ၁၃ မျိုးတွင် ယူရို၊ ဂျပန်ယန်း၊ အက်စ်ဒီအာရ်နှင့် အမေရိကန် ဒေါ်လာတို့မှာ အများဆုံး ဖြစ်သည်။ လက်ရှိတွင် ပြည်ပချေးငွေအများစုမှာ သက်သာသော ချေးငွေဖြစ်သော်လည်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ချေးငွေပေးဆပ်ရာတွင် မြန်မာကျပ်ငွေ ပိုမိုသုံးစွဲရပြီး နိုင်ငံတော်ဘတ်ဂျက် အသုံးစရိတ်ကို တိုးတက်စေပြီး ယင်းဆုံးရှုံးနိုင်ခြေများကို လျှော့ချနိုင်စေရန် ဆောင်ရွက်ရမည် ဖြစ်သည်။  ဆောင်ရွက်ရန် နည်းလမ်းများမှာ ပြည်တွင်းချေးငွေစာချုပ် စျေးကွက်ဖွံ့ဖြိုး တိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သက်တမ်းရှည်သည့် အစိုးရငွေတိုက် စာချုပ်များကို ပိုမိုရင်းနှီး မြှုပ်နှံလာစေရန် ဆောင်ရွက်ခြင်း၊ ပြည်ပမှ သက်သာသော ချေးငွေများ ရယူရာတွင် ငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးနိုင်ခြေကို ထည့်သွင်းစဉ်းစားခြင်းတို့ ဖြစ်သည်။

အတိုးနှုန်းကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရာတွင် ပြည်တွင်းချေးငွေတွင် ပုံသေအတိုးနှုန်းနှင့် နှုန်းရှင် အတိုးနှုန်းတို့ ပါဝင်ပြီး ပျမ်းမျှအတိုးနှုန်းမှာ ခြောက်ရာခိုင်နှုန်းဖြစ်ပြီး ပြည်ပချေးငွေ၏ ၉၇ ရာခိုင်နှုန်းခန့်မှာ ပုံသေ အတိုးနှုန်းဖြစ်ကာ ပျမ်းမျှ အတိုးနှုန်းမှာ ၁ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သည်။ ပြည်ပချေးငွေတွင် နိုင်ငံခြားငွေကြေး အမျိုးအစားကြောင့် ဆုံးရှုံးနိုင်ခြေ ရှိသော်လည်း အတိုးနှုန်းကြောင့် ဆုံးရှုံးနိုင်ခြေ နည်းပါးကြောင်း သုံးသပ်ထားသည်။

ဘဏ္ဍာငွေ ပြည်လည်ဖြည့်ဆည်းမှု ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရာတွင် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်ရှိ စုစုပေါင်းချေးငွေနှင့် ဂျီဒီပီအချိုး ၃၈ ဒသမ ၃ ရာခိုင်နှုန်း ရှိရာတွင် ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၁၅ ဒသမ ၄ ရာခိုင်နှုန်းသာရှိခြင်း၊ ပြည်ပချေးငွေများ၏ ပျမ်းမျှသက်တမ်း ၁၆ နှစ်ခန့် ရှိခြင်းတို့ကြောင့် ပြန်လည် ပေးဆပ်ရမည့် ကာလရှည်ကြာသည့်အတွက် ဘဏ္ဍာငွေပြန်လည် ဖြည့်ဆည်းရသည့် ဆုံးရှုံးနိုင်ခြေ နည်းပါးကြောင်း သဘောထားမှတ်ချက် ပြုထားသည်။

ငွေဖြစ်လွယ်မှု ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရာတွင် အစိုးရ၏ ကာလတို ငွေကြေးအရင်းအမြစ်များမှ ရရှိရန်ဆောင်ရွက်ခြင်း၊ အစိုးရငွေသား စီးဆင်းမှုကို ကြိုတင်ခန့်မှန်းခြင်းနှင့် အမှန်ငွေသား စီးဆင်းမှုအား စဉ်ဆက်မပြတ် စောင့်ကြပ် ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ထို့အတူ လုပ်ငန်းဆောင်ရွက်မှု ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရာတွင် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုစနစ်အတွက် ကြွေးမြီမှတ်တမ်းတင်မှုကို နိုင်ငံတကာအဆင့်မီ CS-DRMS Software စနစ်ပြောင်းလဲ အသုံးပြုရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                         

Most Read

Most Recent