၂၀၁၈ ခုနှစ် နိုဝင်ဘာအထိ ၁၁ လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ် ၁၅၃၆၅ စီးရောင်းချနို်င်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရောင်းအား ရာခိုင်နှုန်း ၁၁၀ ကျော် မြင့်တက်

၂၀၁၈ ခုနှစ် နိုဝင်ဘာအထိ ၁၁ လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ် ၁၅၃၆၅ စီးရောင်းချနို်င်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရောင်းအား ရာခိုင်နှုန်း ၁၁၀ ကျော် မြင့်တက်
ရန်ကုန်မြို့ရှိ ကားပြပွဲတစ်ခုတွင် ပါဝင်ခဲ့သည့် Mazda ကား အချို့ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ကားပြပွဲတစ်ခုတွင် ပါဝင်ခဲ့သည့် Mazda ကား အချို့ကို တွေ့ရစဉ်
Published 19 January 2019
စည်သူအောင်

၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ ၁၁ လ အတွင်း မြန်မာနိုင်ငံတွင် Brand New ကား သစ်စီးရေ ၁၅၃၆၅ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရာခိုင်နှုန်း ၁၁၀ ကျော် များပြားခဲ့ကာ အာဆီယံနိုင်ငံများအနက် တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်နေကြောင်း ASEAN Automotie Federation မှ ထုတ်ပြန်သော ဒေသတွင်း ကားသစ်ရောင်းချမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အစီရင်ခံစာအရ သိရသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်အထိ အာဆီယံနိုင်ငံများအလိုက် ကားသစ်ရောင်းချမှု ပမာဏမှာ အင်ဒိုနီးရှားတွင် ၁၀၆၃၄၆၄ စီး၊ ထိုင်းတွင် ၉၂၈၁၅၈ စီး၊ မလေးရှားတွင် ၅၅၀၅၂၆ စီး၊ ဖိလစ်ပိုင်တွင် ၃၂၅၄၆၅ စီး၊ ဗီယက်နမ်တွင် ၂၅၃၉၅၆ စီး၊ စင်ကာပူတွင် ၈၆၉၉၇ စီး၊ မြန်မာတွင် ၁၅၃၆၅ စီး၊ ဘရူနိုင်းတွင် ၁၀၂၇၁ စီးဖြစ်ပြီး စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် ယခင်နှစ်ကထက် ရောင်းအားကျဆင်းခဲ့ပြီး ကျန်နိုင်ငံများတွင် ရောင်းအား အနည်းအများအလိုက် တိုးတက်ခဲ့သည်။ အာဆီယစျေးကွက် တစ်ခုလုံး အနေဖြင့် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ကားသစ်ရောင်းချမှု ပမာဏ ၇ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး မြန်မာနိုင်ငံက ရာခိုင်နှုန်း ၁၁၀ ကျော်ဖြင့် တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၂၂၅ စီး ရောင်းချနိုင်ခဲ့ရာ ၂၀၁၆ ခုနှစ်ကထက် ၉၇ ရာခိုင်နှုန်းကျော် များပြားခဲ့ပြီး လက်ရှိ ၂၀၁၈ ခုနှစ်တွင်လည်း ၂၀၁၇ ခုနှစ်ကာလတူထက်  ပိုမိုရောင်းချခဲ့ရသည်။ ၂၀၁၈ ဇန်နဝါရီတွင် ၈၉၁ စီး၊ ဖေဖော်ဝါရီတွင် ၁၀၇၉ စီး၊ မတ် တွင် ၂၉၆၂ စီး၊ ဧပြီတွင် ၃၇၁၅ စီး၊ မေတွင် ၁၅၃၈ စီး၊ ဇွန်တွင် ၁၅၈၈ စီး၊ ဇူလိုင်တွင် ၁၅၀၀ စီး၊ သြဂုတ်တွင် ၁၅၈၉ စီး၊ စက်တင် ဘာတွင် ၁၈၈၅ စီး၊ အောက်တိုဘာတွင် ၁၅၇၃ စီး၊ နိုဝင်ဘာတွင် ၁၉၇၇ စီးရောင်းချ နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၇၃၀၃  စီး ပိုမိုရောင်းနိုင်ခဲ့ကာ တိုးတက်မှုနှုန်း ၁၁၀ ဒသမ ၄ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄၁၆၈ စီးရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ်အတွင်း မြန်မာအစိုးရ၏ကား တင်သွင်းမှုဆိုင်ရာမူဝါဒ အပြောင်းအလဲကြောင့် ကားသစ်စီးရေ ၈၂၀၀ ကျော်အထိ ရောင်းချခဲ့ရခြင်းဖြစ်သည်။ ကားသစ်များ ရောင်းချမှုနှင့် ထုတ်လုပ်မှုများအတွက် မြန် မာစျေးကွက်သည် ထွန်းသစ်စ စျေးကွက်တစ်ခု ဖြစ်လာပြီး နှစ်အလိုက် တိုးတက်မှုနှုန်း ဆက်လက်မြင့်မားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ကားသစ်ရောင်းချမှုပမာဏ တိုးတက်မှုနည်းတူ မြန်မာနိုင်ငံတွင် ကားသစ်ထုတ်လုပ်မှု ပမာဏ တိုးတက်မှုလည်း အာဆီယံနိုင်ငံများအနက် အမြင့်ဆုံးဖြစ်နေသည်။ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံခြောက်နိုင်ငံတွင် ကားသစ်တပ်ဆင် ထုတ်လုပ်မှုများ ပြုလုပ်နေပြီး အာဆီယံဒေသတစ်ခုလုံး အနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်းသာ တိုးတက်မှုရှိသော်လည်း မြန် မာနိုင်ငံက ရာခိုင်နှုန်း ၃၂၀ ကျော် တိုးတက် ခဲ့သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်အထိ အာဆီယံနိုင်ငံများအလိုက် ကားတပ်ဆင် ထုတ်လုပ်မှုပမာဏမှာ ထိုင်းက ၁၉၉၈၃၃၉ စီး၊ အင်ဒိုနီးရှားက ၁၂၄၂၅၂၃ စီး၊ မလေးရှား က ၅၂၂၅၇၁ စီး၊ ဗီယက်နမ်က ၁၈၄၀၅၁ စီး၊ ဖိလစ်ပိုင်က ၇၄၉၄၈ စီး၊ မြန်မာက ၁၀၈၆၃ စီးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံများတွင် ထုတ်လုပ်မှု ပမာဏ တိုးတက်ခဲ့သည်။ အာဆီယံစျေးကွက်တစ်ခုလုံးအနေဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ ကားသစ်တပ်ဆင် ထုတ်လုပ်မှုပမာဏ ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မြန်မာနိုင်ငံက တိုးတက်မှုနှုန်း ရာခိုင်နှုန်း ၁၃၀ ကျော်ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တပ်ဆင်ထုတ်လုပ်သည့် ကားသစ်စီးရေမှာ ၄၉၃၀ စီးဖြစ်ပြီး ၂၀၁၆ ခုနှစ်ကထက် ၃၇၇၈ စီးပိုမိုခဲ့ကာ တိုးတက်မှုပမာဏ ၃၂၈ ရာခိုင် နှုန်းရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ဇန်န ၀ါရီ တွင် ၆၁၀ စီး၊ ဖေဖော်ဝါရီတွင် ၇၇၇ စီး၊ မတ်တွင် ၆၆၅ စီး၊ ဧပြီတွင် ၆၁၈ စီး၊ မေတွင် ၉၈၂ စီး၊ ဇွန်တွင် ၁၀၃၁ စီး၊  ဇူလိုင်တွင် ၁၀၀၀ စီး၊ သြဂုတ်တွင် ၁၂၆၃ စီး၊ စက်တင်ဘာတွင် ၁၀၆၈ စီး၊ အောက်တိုဘာတွင် ၁၄၂၇ စီး၊ နို ဝင်ဘာတွင် ၁၄၂၂ စီးတပ်ဆင် ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၄၆၄၀ စီးပိုမိုခဲ့ကာ တိုးတက်မှုနှုန်း ၁၃၄ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

 

Most Read

Most Recent