၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၂၀၄ သန်းကျော်ရရှိထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန်နှစ်သိန်းကျော်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀၄ သန်းကျော် ပိုမိုရရှိထားပြီး ယခင်နှစ်ထက် ပဲတင်ပို့မှု ပိုကောင်းနေဟုဆို

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၂၀၄ သန်းကျော်ရရှိထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန်နှစ်သိန်းကျော်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀၄ သန်းကျော် ပိုမိုရရှိထားပြီး ယခင်နှစ်ထက် ပဲတင်ပို့မှု ပိုကောင်းနေဟုဆို
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အတွင်းရှိ ပဲစိုက်ခင်းများကို ယခုနှစ် ဇန်နဝါရီလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အတွင်းရှိ ပဲစိုက်ခင်းများကို ယခုနှစ် ဇန်နဝါရီလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
Published 17 January 2019
နီလာ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ ပြည်ပသို့  ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၂၀၄ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန် အားဖြင့် နှစ်သိန်းကျော်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀၄ သန်းကျော် ပိုမိုရရှိထားပြီး ယခင်နှစ်ထက် ပဲတင်ပို့မှု ပိုကောင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“ပြည်ပကို ပဲမျိုးစုံတင်ပို့မှုအနေနဲ့ အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာအထိ တန်ချိန် ၃၉၀၀၀၀ ကျော် တင်ပို့ခဲ့တယ်။ ပြီးခဲ့တဲ့ ကာလတူက ၁၈၀၀၀၀ ပဲပို့ထားတာ။ ဆိုတော့ တန်ချိန်နှစ်သိန်းကျော်အထိ ပဲကလည်း ပိုပြီးတင်ပို့ထားတဲ့ အနေအထားရှိတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“တန်ဖိုးအားဖြင့်ကတော့  ဒီနှစ်မှာ တန်ချိန် ၃၉၀၀၀၀ ကျော်တင်ပို့မှုက ဒေါ်လာ ၂၀၄ ဒသမ ၈၃၁ သန်း ရရှိထားတယ်။ ယခင်နှစ်ကာလတူက  ဒေါ်လာ ၁၀၀ ဒသမ ၅၁ သန်းရရှိထားတာဆိုတော့ ဒေါ်လာ ၁၀၄ ဒသမ ၉၁၈ သန်း ပိုမိုရရှိထားပါတယ်” ဟု ဦးခင်မောင်လွင်က ဆက်လက်ပြောကြားသည်။

“၂၀၁၇ သြဂုတ်လလောက်မှာ အိန္ဒိယဘက်က ပစ္စည်းကို သူတို့ပြည်တွင်းမှာ တောင်သူကို အကျိုးစီးပွား ကာကွယ်တဲ့အနေနဲ့ Import တွေကို Quota သတ်မှတ်ပြီး ဝယ်ယူမှုလုပ်ခဲ့တယ်။ လုပ်ခဲ့တဲ့နောက်ပိုင်းမှာ ပဲစျေးဆက်တိုက်ကျခဲ့တာ ပြောရရင် ၂၀၁၈ ခုနှစ် တကယ်တမ်းပဲပေါ်တဲ့ ကာလမှာ တောင်သူတွေ တော်တော်များများ ထိခိုက်သွားတယ်။ ထိခိုက်တယ် ဆိုတာက အဓိကက အိန္ဒိယနိုင်ငံကို တင်ပို့တဲ့ မတ်ပဲရယ်၊ ပဲစင်းငုံရယ်က အဓိက ထိခိုက်တာ၊ မတ်ပဲဆိုရင် တစ်တန်ကို လေးသိန်းနဲ့ လေးသိန်းအောက်လောက်အထိ ကျသွားတယ်။ ထိုနည်းလည်းကောင်းပဲ ပဲစင်းငုံ ဆိုရင်လည်း တစ်တန်ကို ၃၅၀၀၀၀ နဲ့ ၃၈၀၀၀၀ လောက်အထိ ကျသွားတယ်။ ဒီစျေးတွေက ပြောရရင် မဖြစ်သင့်တဲ့ စျေးတွေပါ။ တောင်သူတွေ ဘယ်လိုမှ စိုက်ပျိုးလို့ မရနိုင်သလို တောင်သူလက်ထဲက ရောင်းတဲ့အချိန်မှာ တောင်သူတွေ ရှုံးတယ်။ ကုန်သည်  လက်ဝယ်မှာရှိတဲ့ ပစ္စည်းကို ထုတ်ရောင်းတဲ့ အခါမှာလည်း ကုန်သည်က ရှုံးတယ်။ အဲဒီ အကျိုးမရှိဖြစ်ခဲ့တာက ၂၀၁၈ သြဂုတ်လ လောက်အထိ ဖြစ်သွားတယ်။ အိန္ဒိယဘက်က ဇွန်၊ ဇူလိုင်၊ သြဂုတ် သုံးလလောက်ကိုတော့ မတ်ပဲကို တန်ချိန် တစ်သိန်းခွဲ၊ ပဲစင်းငုံက တန်ချိန်နှစ်သိန်း၊ ပဲတီစိမ်းကို တန်ချိန် တစ်သိန်းခွဲ ဝယ်မယ်ဆိုပြီး Quota ကို ထပ်သတ်မှတ်တဲ့ အခါကျတော့ အဲဒီမှာလည်း ပဲစျေးထပ်ပြီး တက်လာတာမရှိဘူး။ မတ်ပဲနဲ့ ပဲစင်းငုံက တစ်တန်ကို လေးသိန်းကျော် လောက်ပဲရှိတယ်။ တကယ်တမ်း ၉၊ ၁၀၊ ၁၁ လပိုင်းမှာတော့ အိန္ဒိယဘက်က မတ်ပဲလိုအပ်ချက် များလာတဲ့ အခါကျတော့ တောက်လျှောက်ပြန်ပြီး အိန္ဒိယ အစိုးရရဲ့မူဝါဒကို  ပြည်နယ်အစိုးရရဲ့ ခွင့်ပြုမိန့်နဲ့ ပြန်ပြီး ပဲဝယ်ယူမှုက ဘယ်လောက်အထိ များလာလဲဆိုရင် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ သုံးလအတွင်းမှာ မတ်ပဲက တန်ချိန်သုံးသိန်းနီးပါး အိန္ဒိယကို တင်ပို့သွားတာ တွေ့ရတယ်။ ဒါကြောင့် ပြည်တွင်းစျေးက အထိုက်အလျောက် ပြန်တက်လာတယ်။ အမြင့်ဆုံးမတ်ပဲက တစ်တန်ကို ဆယ်သိန်းလောက်အထိ ပြန်တက်လာတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားထားသည်။

သို့သော်လည်း ဇန်နဝါရီလဆန်းပိုင်းအတွင်း အိန္ဒိယဘက်မှ ပဲဝယ်ယူမှု လျော့ကျခဲ့သဖြင့် ပြည်တွင်းပဲစျေးကွက် အတွင်း၌လည်း ပဲစျေးအေးလာပြီး မတ်ပဲ FAQ တစ်တန်လျှင် ၆၉၉၀၀၀ ကျပ်၊ မတ်ပဲ SQ တစ်တန်လျှင် ၈၆၉၀၀၀ ကျပ်အထိ စျေးကျလျက်ရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။  

 

Most Read

Most Recent