ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လတ်တလော ဖြစ်ပွားနေသည့် ဖြစ်စဉ်များကြောင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှု မရှိ်ကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့် ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတွင် စိတ်ဝင်စားမှု များနေဟုဆို

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လတ်တလော ဖြစ်ပွားနေသည့် ဖြစ်စဉ်များကြောင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှု မရှိ်ကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့် ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတွင် စိတ်ဝင်စားမှု များနေဟုဆို
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးခွဲရုံ တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဝင်းမောင်)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးခွဲရုံ တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဝင်းမောင်)
Published 17 January 2019
နီလာ

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လတ်တလောဖြစ်ပွားနေသည့် ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှု မရှိနိုင်ကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍ၊ အထူးသဖြင့် ပုစွန်မွေးမြူရေး လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောဒေသမှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘူးသီးတောင်၊ မောင်တောမှာ လတ်တလော အခြေအနေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်ဝင်စားမှု သိပ်မများသေးပါဘူး။ သို့သော် ကျွန်တော်တို့ အခုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှုပြပွဲက ရခိုင်ပြည်နယ်က ခုနက နှစ်မြို့နယ်မှအပ ကျန်တဲ့မြို့နယ်တွေမှာ အခြေအနေအားလုံး ငြိမ်းချမ်းတည်ငြိမ်နေတာ ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုပြပွဲအပေါ် ထိခိုက်မှုမရှိနိုင်ဘူးလို့ မြင်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ JICA နှင့် JETRO တို့ပူးပေါင်းကာ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ဖေဖော်ဝါရီ ၂၂-၂၃ ရက်များတွင် ငပလီ၌ ကျင်းပမည်ဖြစ်သည်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကျင်းပရန် မူလက ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ ပူးပေါင်းကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်အစိုးရ၏ စိတ်ဝင်စားမှုအရ JICA နှင့် JETRO တို့ကပါ ပူးပေါင်းပါဝင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျပန်လုပ်ငန်းရှင် အများစု တက်ရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်အပေါ် စီးပွားရေးနှင့် ပတ်သက်သည့် စိတ်ဝင်စားမှုအပေါ် ထိခိုက်မှု မရှိကြောင်းနှင့် လုပ်ငန်းရှင် အများစုကလည်း တက်ရောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

“အဓိကအားဖြင့် ရခိုင်ပြည်နယ်မှာ စိတ်ဝင်စားတဲ့ ကဏ္ဍတွေကလည်း ကုန်ထုတ်လုပ်မှုလုပ်ငန်း တော်တော်များများ စိတ်ဝင်စားလာတယ်။ စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့် ပုစွန်မွေးမြူရေး လုပ်ငန်းတွေမှာ စိတ်ဝင်စားမှု များတယ်။ နောက်ပြီး ခရီးသွားလုပ်ငန်းတွေမှာ စိတ်ဝင်စားမှု တော်တော်များနေတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲက အောင်အောင်မြင်မြင် ချောချောမွေ့မွေ့နဲ့ ပြီးသွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၉) ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေး အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်း ခုနစ်ခု၊ အတည်ပြုလုပ်ငန်း ၃၃ ခု ခွင့်ပြုခဲ့သည်။

ယင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ရခိုင်ပြည်နယ်အတွင်း ဟိုတယ်လုပ်ငန်း တစ်ခုနှင့် စက်မှုလုပ်ငန်းတစ်ခု လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ပြီး စက်မှုလုပ်ငန်းအတွက် ဒေါ်လာ ၀ ဒသမ ၁၆၁ သန်းအပါအဝင် ကျပ် ၆၄၂ ဒသမ ၄၀ သန်းဖြင့် လည်းကောင်း၊ ဟိုတယ်လုပ်ငန်းတစ်ခု အနေဖြင့် ကျပ်လေးဘီလျံကျော် ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent