အပြုံးချိုချို ချစ်စဖွယ်ဟန်ပန်များဖြင့် ပရိသတ်ချစ်ခင်အားပေးမှု ပိုမိုရရှိလာသူ ရှမ်းဓနုတိုင်းရင်းသူသရုပ်ဆောင် နန်းစန္ဒာလှထွန်း၏ ငယ်ဘဝဖြတ်သန်းရာ

အပြုံးချိုချို ချစ်စဖွယ်ဟန်ပန်များဖြင့် ပရိသတ်ချစ်ခင်အားပေးမှု ပိုမိုရရှိလာသူ ရှမ်းဓနုတိုင်းရင်းသူသရုပ်ဆောင် နန်းစန္ဒာလှထွန်း၏ ငယ်ဘဝဖြတ်သန်းရာ
Published 17 January 2019
လင်းလင်းခိုင်

ပရိသတ်တွေက အခုဆိုရင် အနုပညာရှင်အသစ်တွေကို အရမ်းကြိုဆိုလာတယ်။ နန်းတို့လို သရုပ်ဆောင်သစ်တွေက အဲဒီလို ကြိုဆိုလက်ခံပေးတဲ့၊ ချစ်ပေးတဲ့ ပရိသတ်တွေရှိလို့သာ အခုလိုရပ်တည်နိုင်တာပါ။ အရိပ်ဇာတ်ကားမှာဆိုလည်း ဇာတ်ကောင်တွေက အများကြီးဆိုတော့ ကိုယ့်ကိုချစ်ပါ့မလား၊ အရင်က အရမ်းအောင်မြင်တဲ့ ဇာတ်ကားဖြစ်တော့ ကိုယ်သရုပ်ဆောင်တာ အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူခဲ့တာ။ အခုလို နန်းကိုချစ်ပေးတဲ့အတွက် အရမ်းပျော်ရပါတယ် လို့ ပြောလာသူက ပြုံးရွှင်အေးချမ်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားသူ၊ ပဥ္စလက်ရွာ၊ အရိပ်ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် အားပေးချစ်ခင်မှုကို ရရှိထားသူ နန်းစန္ဒာလှထွန်းပါ။ ဒီတစ်ပတ်မှာတော့ နန်းစန္ဒာလှထွန်းပြောပြတဲ့ ငယ်စဉ်ဘဝရဲ့ အမှတ်တရ လေးတွေကို ပြောပြပေးချင်ပါတယ်။

နန်းစန္ဒာလှထွန်းကို တစ်ခုသောနှစ်ရဲ့ ဇွန် ၂၂ ရက်မှာ ရှမ်းပြည်နယ် မိုင်းပွန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ညီအစ်မသုံးယောက် ရှိတဲ့အနက် အကြီးဆုံးဖြစ်ပြီး ငယ်စဉ်ဘဝကိုတော့ မိုင်းပွန်မြို့မှာကြီးပြင်းခဲ့ရသူပါ။ အနည်းငယ်အရွယ်ရောက်လာချိန်မှာတော့ တောင်ကြီးမြို့မှာ ဖြတ်သန်းခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝရဲ့ အမှတ်တရကတော့ ညီအစ်မတွေ ပျော်ရွှင်စွာဖြတ်သန်းခဲ့တာဖြစ်ပြီး အငယ်တွေရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကိုလည်း သည်းခံတတ်သူပါလို့ ဆိုပါတယ်။

ငယ်ငယ်က ညီအစ်မတွေအတူဆော့၊ အတူလျှောက်လည် အရမ်းပျော်စရာကောင်းတယ်။ ညီမအလတ်လေးက ဗိုလ်ကျသမျှလည်း အလျှော့ပေးရတယ်။ အမှတ်တရဆိုရင်တော့ နန်းက ညီမအငယ်ဆုံးလေးကို စက်ဘီးရှေ့က ကလေးထိုင်ခုံလေးမှာ ထည့်၊ နောက်မှာညီမအလတ်ကိုတင်ပြီး သူငယ်ချင်းတွေနဲ့ စက်ဘီးပြိုင်နင်းကြတာ စက်ဘီးမှောက်ပြီး သုံးယောက်စလုံးပြုတ်ကျဖူးတယ်။ ညီမအငယ်ဆုံးလေးက ရွှံ့ထဲမှာပြုတ်ကျနေတာ။ အဲဒါလေးကတော့ အခုတွေး လည်း အရမ်းပျော်စရာ အမှတ်တရလေးပါ လို့ နန်းစန္ဒာလှထွန်းက ဆိုပါတယ်။

နန်းစန္ဒာလှထွန်းက ကျောင်းပညာရေးအနေနဲ့တော့ မူလတန်းကိုမိုင်းပွန်မှာတက်ခဲ့ပြီး အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကိုတော့ တောင်ကြီးမြို့မှာ တက်ရောက်ခဲ့သူပါ။ ကျောင်းပညာရေးမှာ စာတော်တဲ့ စာရင်းမှာ ပါပေမယ့် ထိပ်ဆုံးရောက်အောင်တော့ မထူးချွန်ဘူးလို့လည်း ဆိုခဲ့ပါသေးတယ်။ ကျောင်း တက်စဉ်တစ်လျှောက်မှာ ကျောင်းကပွဲတွေ၊ အနုပညာပွဲလမ်းသဘင်တွေမှာ ပါဝင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက မော်ဒယ်လ်ရှိုးတွေ၊ ကြော်ငြာတွေကြည့်ရင်း ပုံစံတူ လိုက်လုပ်တတ်သူတစ်ယောက်လည်းဖြစ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ကိုတော့ အင်္ဂလိပ်ဘာသာ အထူးပြုနဲ့ တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ်တက်စဉ်မှာလည်း ကျောင်းပြဇာတ်တွေ၊ အနုပညာပွဲတွေမှာပါဝင်ခဲ့သလို တက္ကသိုလ်ရဲ့အလှဘုရင်မတစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရတာကြောင့် လူသိများခဲ့သူလည်းဖြစ်ပါတယ်။

နန်းကကျောင်းတက်ရင်းနဲ့ ကျောင်းပြဇာတ်တွေ၊ အနုပညာပွဲတွေမှာပါဖြစ်ပြီး အရမ်းဝါသနာပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့က အလှမ်းဝေးလို့  စိတ်ကူးမယဉ်ရဲဘူး။ ဒါကြောင့် Miss ပွဲတွေ စပြိုင်ဖို့စိတ်ကူးခဲ့တယ်။ ပထမတော့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေက လုပ်တဲ့ ပြိုင်ပွဲတွေဝင်ပြိုင်တယ်။ Miss Now How အပါအဝင် ပြိုင်ပွဲတွေမှာ ဆုတွေရတယ်။  အဲဒီကြားထဲမှာ အကယ်ဒမီရွှေကြိုတွေခေါ်တော့ ဝင်လျှောက်ဖြစ်တယ်။ အဲဒီနှစ်ကနာမည်ကြီး မော်ဒယ်လ်တွေ အများကြီးဝင်ပြိုင်တော့ စိုးရိမ်စိတ်တော့ရှိတယ်။ ဒါပေမဲ့ နန်းတတ်နိုင်သလောက် ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ပဲပါဖြစ်ခဲ့တာ။ အရွေးခံရတဲ့အချိန်မှာ အရမ်းပျော်ပါတယ်။ အကယ်ဒမီပေးပွဲစင်မြင့်မှာ ကိုယ်အရမ်းလေးစားရတဲ့ သူတွေအတွက် အကယ်ဒမီ ရုပ်လေးတွေကိုင်ပေးခွင့်ရတော့ငါသာ တစ်နေ့ဖြစ်ရင်ဆိုပြီး မတွေးရဲ တွေးရဲနဲ့ရင်တွေခုန်၊ သူတို့အတွက်လည်း ဝမ်းသာရနဲ့ ခံစားချက်ကတော့ အစုံပါပဲ။ အကယ်ဒမီရွှေကြိုဖြစ်ခွင့်ရတာ ဘဝရဲ တန်ဖိုးဖြတ်လို့မရတဲ့ အမှတ်တရပါ လို့ နန်းစန္ဒာ လှထွန်းကဆိုပါတယ်။

အကယ်ဒမီရွှေကြိုအဖြစ် ရွေးချယ်ခံရအပြီးမှာတော့ Miss Myanmar World 2015 မှာပါဝင်ခဲ့ပြီး 1st Runner Up ဆုကိုရခဲ့ပါတယ်။ ဒီနောက်မှာတော့ ဘဝရဲ့ နောက်ထပ် အချိုးအကွေ့တစ်ခုအနေနဲ့ MRTV-4 ရဲ့ Talent Management မှာ ရွေးချယ် ခံရပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ နန်းစန္ဒာလှထွန်းက ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ 'ပဥ္စလက်ရွာ' ဇာတ်ကားမှာ ပါဝင်ခဲ့ရပါတယ်။

နန်းစန္ဒာလှထွန်းက ပရိသတ်အားပေးခဲ့တဲ့'အရိပ်'  ဇာတ်ကားမှာတော့ ဖြူစင်ရိုးသားပြီး အေးချမ်းတဲ့ သူနာပြုဆရာမလေး သက်သက်အဖြစ် သရုပ်ဆောင်ထားတာပါ။ ပင်ကိုယ်ဟန်နဲ့ လိုက်ဖက်တဲ့ ဇာတ်ရုပ်မှာ ပီပြင်အောင် ကြိုးစားပုံဖော်ထားသလို ချစ်စရာကောင်းတဲ့ မျက်နှာသွင်ပြင်လေးကြောင့်လည်း ပရိသတ်ချစ်ခင်အားပေးမှု ပိုမိုရရှိလို့နေပါတယ်။        

နန်းစန္ဒာလှထွန်းက လတ်တလောမှာတော့ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ထပ်မံရိုက်ကူးထားပြီး ဒီဇာတ်လမ်းတွဲမှာ မြင်ဖူးနေကျပုံစံနဲ့ လုံးဝကွဲပြားတဲ့ ဟန်ပန်နဲ့ သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ပျော်ရွှင်ရယ်မောစရာ ဇာတ်ကားလေးဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ သွက်လက်ချက်ချာပြီး ခပ်စွာစွာ မိန်းကလေးတစ်ယောက်အနေနဲ့ တွေ့မြင်ရမှာပါလို့ဆိုပါတယ်။ နောက်ထပ် ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ထားပါသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကြော်ငြာတွေမှာလည်း ချစ်စဖွယ်ဟန်ပန်လေးတွေနဲ့ ပါဝင်ထားပါသေးတယ်။

အနုပညာနဲ့ပတ်သက်လို့ သူ့ရဲ့ခံယူချက်ကိုတော့ “နန်းရဲ့ အနုပညာလှုပ်ရှားမှုတွေက ဖြည်းဖြည်းချင်းဆိုတော့ နှေးရင်တော့ နှေးနေမယ်။ ဒါပေမဲ့ ကိုယ်တတ်နိုင်သလောက် ခွန်အားလေးနဲ့ အကောင်းဆုံးကြိုးစားပြီး တစ်နေ့မှာ ပရိသတ်တွေအားလုံးက ချစ်ခင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာအောင် ကြိုးစားသွားမှာပါ။ အဲဒီအတွက်လည်း ခွန်အားတွေအပြည့်ရှိတယ်။ ခွန်အားတွေ ပြည့်ဝအောင်အမြဲအားပေးတဲ့ မိဘတွေ၊ ပရိသတ်တွေနဲ့ဆရာသမား မိတ်ဆွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် လို့ နန်းစန္ဒာလှထွန်းက ဆိုခဲ့ပါတယ်။

စကားပြောရင် ချစ်စဖွယ်အသံဝဲဝဲလေးနဲ့ဆိုတတ်ပြီး အေးချမ်းတဲ့ အပြုံးပိုင်ရှင် ရှမ်းဓနုတိုင်းရင်းသူလေး နန်းစန္ဒာလှထွန်း ပြောပြတဲ့ ငယ်စဉ်ဘဝ အမှတ်တရပုံရိပ်တွေ၊ ရိုးရှင်းတဲ့ဟန်ပန်နဲ့ ချစ်စဖွယ်အတွေး အမြင်လေးတွေကို ပြန်လည်လက်ဆင့်ကမ်းဖော်ပြပေးခဲ့တာပါ။ နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်ရဲ့ ငယ်စဉ်ဘဝ အမှတ်တရပုံရိပ်လေး တွေကို မေးမြန်းဖော်ပြဦးမလဲဆိုတာ စောင့်မျှော်ဖတ်ရှုပေးပါဦးလို့ ဆိုပါရစေ။

 

Most Recent