ချင်းပြည်နယ်အား စီးပွားရေးဖွံ့ဖြိုးမှု အနိမ့်ကျဆုံးအဖြစ် သတ်မှတ်ပြီး အခွန်ကင်းလွတ်ခွင့် ၁၀ နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုထားမှုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပေး၍မရကြောင်း MIC အတွင်းရေးမှူး ပြောကြား

ချင်းပြည်နယ်အား စီးပွားရေးဖွံ့ဖြိုးမှု အနိမ့်ကျဆုံးအဖြစ် သတ်မှတ်ပြီး အခွန်ကင်းလွတ်ခွင့် ၁၀ နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုထားမှုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပေး၍မရကြောင်း MIC အတွင်းရေးမှူး ပြောကြား
ချင်းပြည်နယ် တွန်းဇံမြို့နယ် အတွင်းရှိ နေရာတစ်နေရာကို တွေ့ရစဉ်
ချင်းပြည်နယ် တွန်းဇံမြို့နယ် အတွင်းရှိ နေရာတစ်နေရာကို တွေ့ရစဉ်
Published 16 January 2019
နီလာ

ချင်းပြည်နယ်အား စီးပွားရေးဖွံ့ဖြိုးမှု အနိမ့်ကျဆုံးအဖြစ် သတ်မှတ်ပြီး အခွန်ကင်းလွတ်ခွင့် ၁၀ နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုထားမှုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပေး၍မရကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများသာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများပါ ဝင်ရောက် လုပ်ကိုင်စေရန်အတွက် ချင်းပြည်နယ်ကို စီးပွားရေးဖွံ့ဖြိုးမှု အနိမ့်ကျဆုံးအဖြစ် သတ်မှတ်ပြီး အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်သာ သတ်မှတ်ပေးထားခြင်းကို ၁၀ နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးရန် လိုအပ်ကြောင်း ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်လဲလျန်က (၂၃) ကြိမ်မြောက် ကုန်သည်စက်မှု အသင်းချုပ်၌ ကျင်းပသည့် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင် ဦးမြင့်ဆွေအား တင်ပြခဲ့ကြောင်း သိရသည်။

“တကယ်တမ်းကျတော့ ပေးလို့မရဘူးပေါ့။ ဥပဒေအရ ပေးတာမှာ ချင်းပြည်နယ်မှာ အများဆုံးပေးထားတာ ခုနစ်နှစ်ပေါ့။ ဥပဒေအရ အများဆုံးပေးတာက ခုနစ်နှစ်၊ ငါးနှစ်၊ သုံးနှစ် ဖြစ်ပါတယ်။ ဥပဒေအရ ပေးတဲ့အထဲမှာ ချင်း၊ ကယား၊ ကရင်နဲ့ ရခိုင်ရယ် အဲဒီပြည်နယ်လေးခုက မြို့နယ်အားလုံးကို ခုနစ်နှစ် ပေးထားပါတယ်။ တချို့ပြည်နယ်နဲ့ တိုင်းတွေမှာ မရဘူးပေါ့။ ဥပမာ ကချင်ပြည်နယ်ဆိုရင် မရဘူး။ ပိုင်းခြားထားတာ ရှိပါတယ်။ ဒီပြည်နယ် လေးခုမှာတော့ ဘယ်မြို့နယ်သွားသွား ခုနစ်နှစ်ပေးထားတာ ဖြစ်ပါတယ်။ ခုနစ်နှစ်ထက် ကျော်ပြီးပေးလို့ မရပါဘူး။ ပေးချင်ရင် ဥပဒေကို ပြင်မှရမယ်။ အဲဒီတော့ သူတို့ကို ကျွန်တော်တို့ တင်ပြထားပါတယ်။ ခုနစ်နှစ်ထက် ၁၀ နှစ်ပေးလို့ မရပါဘူး။ ခုနစ်နှစ်ကို အများဆုံး ပေးထားပါတယ်။ သို့သော်လည်း ချင်းပြည်နယ်မှာ အခြားဥပဒေအရ ပေးထားတဲ့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ချင်းပြည်နယ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် မြစ်ချောင်းများ ရှိသော်လည်း ရေအားလျှပ်စစ် ထုတ်ယူရာတွင် ကုန်ကျစရိတ် ပိုများနေသဖြင့် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ချင်းပြည်နယ်မှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို အစိုးရက စျေးပိုပေး၍ ဝယ်ယူပေးရန် လိုအပ်ကြောင်းနှင့် ချင်းပြည်နယ်တွင် စက်မှုဇုန်များ မရှိသေးသဖြင့် ပလက်ဝ၊ ဘုံဇုံးနှင့် ခိုင်ကမ်းတွင် နည်းပညာ၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ရန်အတွက် စက်မှုဇုန်စီမံကိန်းများ သတ်မှတ်ဖော်ဆောင် ပေးစေလိုကြောင်း ဦးကျော်လဲလျန်က တင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော ရိဒ်-တီးတိန်လမ်းသည် နွေရာသီတွင်သာ ကုန်သွယ်မှု ပြုလုပ်နိုင်ပြီး မိုးရာသီတွင် လမ်းမြေပြိုမှုနှင့် ရွှံ့ဗွက်များ ဖြစ်ပေါ်မှုကြောင့် မိုးတွင်းနှင့် ဆောင်း ကုန်သွယ်မှု ပမာဏကို နှိုင်းယှဉ်ကြည့်သည့်အခါ သုံးဆကွာဟနေသဖြင့် ရိဒ်-တီးတိန်လမ်းကို ကုန်သွယ်မှု ပမာဏ တိုးမြှင့်ရရှိနိုင်ရန်အတွက် နွေ၊ မိုး၊ ဆောင်း သွားနိုင်သည့် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်နှင့် ၂၀၁၈ ခုနှစ် မေမှစ၍ အိန္ဒိယဒေသမှ တစ်ဖက်သတ် ကုန်သွယ်မှု ပိတ်ပင်ထားခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက် ပေးစေလိုကြောင်း ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်လဲလျန်က ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေအား တင်ပြခဲ့ကြောင်း သိရသည်။                              

Most Read

Most Recent