မရှိခြင်းထဲက နံနက်ခင်းတစ်ခု

မရှိခြင်းထဲက နံနက်ခင်းတစ်ခု
Published 13 January 2019
ဝေမြင့်မောင်

နံနက်စောစောနိုးတော့ မိုးသိပ်မလင်းသေးဘူး။ ဆောင်းဆိုတော့ နေ့တာတိုပြီး  ညတာရှည်တယ်လေ။ ကိုချမ်းကြီးလည်း ဒီနေ့အိပ်ရာထ နောက်ကျတယ်ကွာ၊ လမ်းမလျှောက်နိုင်တော့ဘူး တူတယ်ဆိုပြီး ကျုပ်ကို ပြောသွားတယ်။ ဒါပေမဲ့လည်း သိပ်မကြာဘူး။ လျှောက်လိုက်ပါဦးမယ်ဆိုပြီး အိမ်အပြင်ဘက် ထွက်သွားလေရဲ့။ ကိုချမ်းကြီးက ၀ိတ်လျှော့နေရှာတာ။ တကယ်တော့ သူကသိပ်အဝကြီးထဲ မပါဘူး။ နည်းနည်းတော့ ဝတယ်ဆိုကြပါစို့ရဲ့။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်နဲ့ သူ ဝတယ်ဆိုတာက ကိုက်ပါတယ်။ ပြောရရင် လိုက်ဖက်တယ်ပေါ့။ သူဟာ လာမယ့် ဖေဖော်ဝါရီလထဲဆို မင်္ဂလာဆောင်တော့မှာလေ။ ဒီတော့လည်း သူဟာ ကျုပ်နဲ့အတူ  ဘီယာမသောက်တော့ဘူး။ ပြီးခဲ့တဲ့နေ့တွေတုန်းက ညနေရောက်ပြီဆို ကျုပ်တို့ဟာ အိမ်ကနေ တစ်ဖာလုံလောက်ဝေးတဲ့ ကုန်စုံဆိုင်ကလေးမှာ ဘီယာဘူးဝယ်ပြီး သောက်နေတတ်ကြရဲ့။ အလုပ်ပင်ပန်းတဲ့နေ့တွေမှာဆို ဘီယာသောက်ရတဲ့ အရသာရှယ်ပါပဲ။ ဘီယာသောက်ပြီး ရောက်တတ်ရာရာ ပြောတတ်ကြတာပေါ့။

ဒါပေမဲ့ တစ်ခါတလေကျတော့လည်း စကားတွေဟာ နယ်တွေကျွံသွားတတ်တယ်။ နောက်တစ်နေ့ရောက်လို့ ညကအကြောင်းတွေ ပြန်တွေးမိရင် ကျုပ်ရှက်နေမိတယ်။ ပေါက်ကရတွေ ပြောထွက်ရတာဟာ ဘီယာအစွမ်းကြောင့်ပဲလားတော့ မသိဘူး။သူကလည်း ပြောတတ်ပါတယ်။ ညကဘာတွေ ပြောမိမှန်းမသိဘူး ရှက်စရာကြီးကွာတဲ့။ ခုတော့လည်း ကျုပ်တစ်ယောက်တည်းပါပဲ။ ဦးထွန်းက သိပ်သောက်တတ်တဲ့ လူမဟုတ်ဘူးဆိုတော့ သူကအေးအေးဆေးဆေးပဲ။ နဂိုကတည်းက  အေးအေးဆေးဆေးသမားဆိုတော့ ကျုပ်တို့နဲ့ တစ်ခါတလေမှ ဝင်သောက်တတ်တယ်။ ဦးထွန်းမသောက်လည်း ကျုပ်နဲ့ ကိုချမ်းကြီးတို့ကတော့ ပုံမှန်ပါပဲ။ ကိုချမ်းကြီးက မင်္ဂလာဆောင်တော့မှာဆိုပြီး ၀ိတ်လျှော့ အစားအသောက်ဆင်ခြင်၊ လမ်းတွေဘာတွေလျှောက်၊ ဘီယာလည်း မသောက်တော့ဘူးဆိုတော့ ကျုပ်တစ်ယောက်တည်းပဲ။ ခင်ဗျားတို့ကို ပြောပြချင်စမ်းပါဘိ။ တစ်ယောက်တည်း သောက်ရတာ ဘယ်လောက် ပျင်းစရာကောင်းသလဲဆိုတာ။

ကိုချမ်းကြီး အပြင်ထွက်သွားတာနဲ့ သိပ်မကြာဘူး။ အိပ်ရာပေါ်ကနေ ကျုပ်ထခဲ့တယ်။ အပြင်မှာ ကောင်းကောင်းကြီး လင်းထိန်နေပါပြီ။ အိမ်တံခါးကိုဆွဲဖွင့်တော့ မိချောမ၊ မောင်ပိန်၊ ဖိုးကျားတို့ သားအမိတတွေဟာ အိမ်ရှေ့မှာ ရှိမနေကြပါဘူး။

မိချောမတို့ဆိုတာ ကျုပ်တို့အိမ်မှာ မွေးထားတဲ့ ခွေးသားအမိတတွေပါ။ သိပ်စိတ်ချရတဲ့ ကောင်တွေပေါ့။ သူစိမ်းတွေများ ခြံထဲဝင်လာမယ်မကြံလေနဲ့။ ကျုပ်သိလိုက်တယ်။

ခါတိုင်းနံနက်စောစောဆို ဒီကောင်တွေ အိမ်ရှေ့မှာ ဝပ်နေတတ်ကြတယ်။ ကျုပ်အိမ် တံခါးကို ဖွင့်လိုက်တာနဲ့။ အမြီးတနှံ့နှံ့နဲ့ သုံးကောင်သား ကျုပ်ကို ဝိုင်းနေတတ်ကြရဲ့။ ဒီနေ့ နံနက်ခင်းမှာတော့ ဒီကောင်တွေရှိမနေ ကြပါဘူး။ ကျုပ်ထင်ပါတယ်။ ဒီကောင်တွေ ကိုချမ်းကြီးနောက်ကို လိုက်သွားကြတယ်ဆိုတာ။ ဘာပဲဖြစ်ဖြစ် ဒီကောင်တွေ အိမ်မှာမရှိတဲ့ နံနက်ခင်းဟာ တစ်ခုခုလစ်ဟာနေသလိုပါပဲ။ တစ်ခုခုတော့ လိုနေသလိုပဲ။ ဒီနှစ်ဆောင်းဟာ သိပ်မအေးတာအမှန်ပဲ။

မအေးဘူးဆိုပေမဲ့ အနွေးထည်ကလေးတော့ ဝတ်ရတာပါပဲ။ ထမင်းစားပွဲပေါ်က အုပ်ဆောင်းကို လှန်လိုက်တော့ မနေ့ညတုန်းက ဦးထွန်းချက်ထားတဲ့ ငါးဘတ်ဟင်းဟာ အများကြီးကျန်နေသေးတယ်။ ကျန်ဆို ညက ကျုပ်တို့ ထမင်းမှ ကောင်းကောင်းမစားကြ ပဲကိုး။ ပြီးတော့လက်ဖက်နှပ်ကလေး ကျန်နေသေးတယ်။ ငါးပိရည်ကျိုကောပေါ့။ ထမင်းအိုးကိုတော့ ကိုချမ်းကြီးတည်ထားတယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ဟင်းချက်စရာ မလိုတော့ဘူးပဲ။ ထမင်းစားခါနီးမှ ဟင်းအကျန်နွှေးလိုက်ရုံပဲလေ။ ကိုချမ်းကြီး ပြန်လာရင် ဗူးသီးတော့ပါလာမယ်လို့ တွေးလိုက်မိတယ်။ ဗူးသီးရရင်တော့ ပုဇွန်ခြောက်ကလေးနဲ့ ငရုပ်ကောင်းကလေးနဲ့ ဘူးသီးဟင်းချို လုပ်မယ်၊ ပြီးတော့ ဗူးသီးပြုတ်ပြီး ငါးပိရည်ကျိုနဲ့ တို့စားမယ်လို့တွေးမိရဲ့။ ဒါနဲ့ စက်ရုံမှာ ကျုပ်တို့စိုက်ထားတဲ့ ဗူးပင်တွေသီးနေကြပြီလေ။ ကျုပ်နည်းနည်း လျှာရှည်ရဦးမယ်။ ဗူးကို စင်နဲ့ စိုက်တာဖြစ်ဖြစ် မြေပေါ်မှာလျှောက်စေပြီး စိုက်တာဖြစ်ဖြစ် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကတော့ ရှိကြတာပါပဲ။ဘယ်လိုပဲ စိုက်စိုက်ပေါ့လေ။ စင်နဲ့စိုက်တဲ့အတွက် ကြွက်ရန်က ခံရတာနည်းတယ်။ ဒီမှာတော့ ဗူးပင်စိုက်ရင် ကြွက်ရန်ဟာ ပြဿနာရှိနေတတ်ပါတယ်။ သူတို့တတွေဟာ ဗူးညွန့်တွေကိုလည်း ကိုက်ဖြတ်တတ်ကြတာကိုး။ ဒါပေမဲ့ သူတို့ ပိုဖျက်တာက ဗူးသီးကိုပါ။ စင်နဲ့ စိုက်တဲ့အတွက် အပင်အတွက် လေကောင်းလေသန့်ရတယ်။ လေကောင်းလေသန့်ရတော့ အင်းဆက်ဖျက်ပိုးတွေ ပိုနည်းသွားတယ်။ အပင်ပိုသန်တယ်။ တချို့ပိုးမွှားတွေဟာ အပင်ပေါ်မှာတင်နေပြီး အပင်ကို ဖျက်ကြတယ်။ ပြီးတော့ မြေကြီးမှာ လျှောက်တဲ့အညွန့်တွေဟာ တစ်ပင်နဲ့ တစ်ပင်ထပ်နေတတ်ကြတယ်။ ဒီတော့ ကိုင်ရပြုရမလွယ်ဘူး။ စင်နဲ့စိုက်တဲ့အတွက် နေရောင်ခြည်ကို ပိုရတယ်။ နေရောင်ခြည်ရတော့ အပင်ဟာ အပင်အစာချက်ခြင်းဖြစ်စဉ်ကို ကောင်းမွန်စွာလုပ်ဆောင်နိုင်တယ်။ အညွန့်အရွက်တွေထပ်နေရင် အပင်ရဲ့အရွက်တိုင်းဟာ နေရောင်ခြည်ကိုမရနိုင်ကြဘူး။ ဒီတော့ သီးသင့်သလောက် ဘယ်သီးတော့မလဲ။ အသီးလှတယ်။ မြေလျှောက်သီးတွေမှာဆို အသီးဟာမလှတတ်ဘူး။ အသီးလှန်ပေးဖို့ လိုအပ်တယ်လေ။ ဖွဲအိတ်တို့ ၀ါးလုံးတို့နဲ့ အသီးကို မြေကြီးနဲ့ တိုက်ရိုက်မထိအောင် ကြားထဲမှာ ခံပေးရတယ်။ အသီးက မလှဘူးဆို မြေကြီးနဲ့ ကပ်နေတဲ့ အသီးရဲ့မျက်နှာပြင်ဟာ ဖြူနေတတ်တယ်။ ပြောရရင် ကြည့်မလှဘူးပေါ့။ ဝယ်သူတွေကလည်း အသီးလှတာကိုပဲ လိုချင်ကြတာ။ မြေလျှောက်စိုက်တဲ့ အပင်ဟာ အပင်ရောဂါကျနှုန်းများတယ်။ အပင်ရောဂါတွေဟာ ပိုပြီးလျင်လျင်မြန်မြန်ပြန့်နုုိင်ကြတယ်။ အညွန့်တွေ၊ အရွက်တွေ ထပ်နေတော့ အပင်ရောဂါပိုးတွေအတွက် နေရာကောင်းကြီးဖြစ်နေတယ်။ စင်နဲ့ စိုက်တဲ့အတွက် ပေါင်းပင်ပြဿနာတော့ အနည်းနဲ့အများ လျော့သွားတာပါပဲ။ ပေါင်းပင်တွေဟာ အပင်နဲ့အတူ မြေကြီးထဲက မြေသြဇာ မြေဆီမြေနှစ်တွေကို အပြိုင်စားသောက်တတ်ကြတယ်။ ပေါင်းပင်တွေဟာ ဖျက်ပိုးအင်းဆက်တွေအတွက် နေထိုင်ရာ ဇရပ်ကြီးလည်းဖြစ်နေတတ်ရဲ့။ ဒီလိုပဲ စင်နဲ့ စိုက်တဲ့အခါလည်း ပြဿနာတွေတော့ရှိပါတယ်။ စင်နဲ့ စိုက်တဲ့အခါ သီးထိုးယင်တွေ သိပ်ကျတာတွေ့ရတယ်။ မြေကြီးပေါ်မှာ လျှောက်ပြီး သီးစေတဲ့ အသီးတွေမှာတော့ သီးထိုးယင်ကျတာဟာ နည်းတယ်ပြောရ မယ်။ အားဆေးပဲ ဖျန်းဖျန်း၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေပဲ ဖျန်းဖျန်း စင်နဲ့ စိုက် ရတဲ့အပင်တွေမှာ ပြဿနာရှိနေတတ်တယ်။ စင်ပေါ်မှာ ဆေးဖျန်းဖို့ဆိုတာ ခက်တာကိုး။ ပြီးတော့ စင်ဆောက်ဖို့အတွက်လည်း ကုန်ကျစရိတ်တွေက ပိုရှိနေတတ်တယ်။ လောကကြီးမှာ အဆိုးနဲ့အကောင်းဟာ တွဲနေစမြဲပဲမဟုတ်လား။ အဓိကကတော့ စျေးကွက်ဝင်အောင်၊ စျေးကွက်ထဲ ရောင်းဖို့ စိုက်ချင်တာလား။ အသီးစားဖို့ စိုက်တာလား။ အညွန့်စားဖို့ စိုက်တာလားဆိုတာကတော့ စဉ်းစားဖို့ လိုပါမယ်။

ကျုပ်ခြံထဲကနေ လမ်းမဘက်ကိုကူးပြီး  လမ်းလျှောက်မယ်လုပ်တော့ ခြံထောင့်နားက မလွှပင်ကြီးအောက်မှာ မြေကြီးပေါ်ကျနေတဲ့ မလွှပွင့်တွေ တွေ့လိုက်တယ်။ ရေဆင်းမှာ ကျောင်းတက်တုန်းကတော့ မလွှပွင့်တွေ ကိုစားဖူးတယ်။ နွေပဲသီးနဲ့ ကြော်ထားတာပါ။ အဆောင်ဂိတ်စောင့် ဘဘကြီးနဲ့ အဆောင်ရှေ့ ထမင်းဆိုင်က ကလေးလေးတွေဟာ အဆောင်ထဲမှာ မလွှပွင့်တွေကို အပြိုင်ကောက်တတ်ကြတယ်။ စျေးလည်း ကြီးတယ်ပြောပါတယ်။ အဲဒီတုန်းကတော့ သိပ်မကြိုက်လှဘူး။ ဟိုနေ့က ကိုချမ်းကြီး မလွှပွင့်တွေ ကောက်လာပြီး အခြောက်လှန်းတယ်။ နည်းနည်းခြောက်တာနဲ့ ပုစွန်ခြောက်ကလေးရယ်၊ ပဲသီးရယ်ရောပြီး ကြော်တော့ စားလို့အကောင်းသားပဲ။ အဲဒါနဲ့ပဲ မလွှပွင့် ကြိုက်သွားတယ်။ လမ်းမပေါ်ကြည့်တော့ ဘယ်သူမှ မရှိပါဘူး။ ကျုပ်လည်း မလွှပွင့်တွေကို ကောက်နေလိုက်တယ်။ အပွင့်နှစ်ဆယ်ကျော်တော့ အသာကလေး ရလိုက်တယ်။ အင်း မဆိုးပါဘူး။ နေ့လယ်ကျရင်တော့ အခြောက်လှန်းဦးမှလို့ တွေးမိလိုက်ရဲ့။ မလွှပွင့်ကောက်ပြီးတော့ ကျုပ်လမ်းလျှောက်ဖို့ပြင်နေတုန်း ဦးထွန်းကြီး အိပ်ရာကနေ ထလာပုံရတယ်။ ခါတိုင်း ဦးထွန်းက စောစောနိုးနေကျ။ မနေ့ညက မိုးတွေရွာတော့ အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်ရတယ်ထင်ပါတယ်။ ဦးထွန်းကြီးဟာ အိမ်ရှေ့ကိုထွက်လာပြီး ကျုပ်ကို တစ်ချက်လှမ်းကြည့်တယ်။ ပြီးတာနဲ့ အိမ်ထဲ ပြန်ဝင်သွားရဲ့။ လမ်းပေါ်မှာတစ်လှမ်းပြီး တစ်လှမ်းကျုပ်လျှောက် နေမိတယ်။ ဒီနေ့ စက်ရုံအလုပ် ဘာလုပ်စရာရှိမလဲ တွေးကြည့်တော့ဘာမှမရှိဘူးလို့ပဲ အဖြေရလိုက်တယ်။ စာဖတ်ရင် ကောင်းမလား။ အင်း ခြံထဲမှာ သီးပင်စားပင်လေးတွေ စိုက်ဖို့မြေပေါက်ရကောင်းမလား။ တစ်ခုခုတော့ လုပ်ရမယ်လို့ ကျုပ်တွေးလိုက်ချိန်မှာပဲ ကိုချမ်းကြီး အိမ်ပြန်ရောက်လာတယ်။

သူ့လက်ထဲမှာ ဗူးသီးနုနုနှစ်လုံး။ စားမယ်ဟေ့တဲ့။ မိချောမတို့ အသားအမိတတွေက ကိုချမ်းကြီးနောက်မှာ။ ကျုပ်လည်း ခြံထဲကိုဝင်လိုက်တယ်။ နေရောင်ဟာပါးပါးကလေး ထွက်လို့လာတယ်။ ပါးပါးကလေးဆိုတာက မိုးတိမ်တွေရှိနေသေးလို့ပဲ။ ဒီနေ့လည်း ရွာဦးမလားပဲ မသိနိုင်ဘူး။ အိမ်ထဲဝင် ဖုန်းကိုင်ပြီး ဖုန်းထဲက နုတ် (Note)ကို ကြည့်လိုက်တော့ ဟိုးတစ်ခါက ရေးထားတဲ့ ကဗျာလေးပြန် ပေါ်လာတယ်။ ခရစ္စမတ် ခံစားမှုကဗျာလေးပါ။ ဖတ်ကြည့်စမ်းပါ။

 

ခရစ္စမတ်

ဦးထုပ်လှလှကလေးဟာ

ဆောင်းထဲ တိုးဝင်ဖူးပွင့်

ပဲပင်ကလေးတွေရဲ့သီချင်း

ဒို့များလယ်ထဲ၊ ယာထဲမှာပေါ့။

 

ချစ်စရာကောင်းတဲ့ဆန်ဒါခလောက်

ဘိုးဘိုးကြီးရဲ့ ချိုချဉ်တွေ

ဝမ်းမနည်းစေနဲ့ကလေးရယ်။

ဂစ်တာသံဟာ အိမ်တိုင်းစေ့

ရောက်လာစေရပါမယ်။

 

နံနက်ခင်းက ကွင်းပြင်ကြီးကို မှတ်မိရဲ့လား

ခုလောက်ဆို ကုတ်အကျႌအဖြူကြီး

ဝတ်နေရောပေါ့။

 

မီးပုံးကလေးတွေ ပျံလာပြီ။

မရှိတော့ခြင်းတွေ ပြန်လာပြီ။

အေးစက်မှုများထဲမှ နွေးထွေးသော

ဒီဇင်ဘာ

ထင်းရှူးတောထဲ ဘယ်သူလာနေတာလဲ။

ဟဲလို

ဟဲလို။

ဆလိုင်းမြတ်နိုးသူ

ကျုပ်ကဗျာ ကျုပ်ပြန်ဖတ်ပြီး ချင်းပြည်ကို သတိရလာတယ်။ သတိရစိတ်ဟာ ပြတင်းပေါက်ထဲက ဖြာကျလာတဲ့ နေရောင်ခြည်အလင်းတန်းကလေးတွေထဲ စိမ့်ဝင်သွားကြသလိုပဲ။ အိမ်နားက ညောင်ပင်ကြီးမှာ ကျီးကန်းတွေ တအာအာနဲ့ ဆူညံနေကြတယ်။ အစာချောင်းနေကြပုံပဲ။ မိချောမတို့ အသားအမိတတွေ စားပြီးသား အကျန်လေးတွေကို ကျီးကန်းတွေဟာ အပင်ပေါ်ကဆင်းပြီး လာစားတတ်ကြတယ်။ မိချောမတတွေကတော့ အိမ်ရှေ့ဝရန်တာမှာ ငြိမ်သက်စွာဝပ်နေကြလို့။ ကျုပ်လည်း ထိုင်ရာကထပြီး တံမြက်စည်းလှည်းနေမိတယ်။ မင်္ဂလာရှိတဲ့ နံနက်ခင်းပါပဲ။ ကိုချမ်းကြီးက ရေချိုးခန်းထဲမှာ။ ဦးထွန်းကတော့ အိမ်ရှေ့ထိုင်ခုံပေါ်မှာ ထိုင်ပြီး လမ်းဘက်ကိုငေးနေတယ်။ ကျုပ်လည်း တံမြက်စည်းလှဲနေရင်းက လမ်းမဘက်ကို ကြည့်လိုက်မိတယ်။ ဘာမှမရှိပါဘူး။ သူလည်း တစ်စုံတစ်ယောက်ကို သတိရနေတယ်ထင်ပါရဲ့။ အိမ်နောက်မှာ ဘာတွေ ဖြစ်နေသလဲမသိဘူး။ ဖိုးကျားတစ်ကောင်ဟောင်နေတယ်။ မကြည့်အားပါဘူး။ ဖုန်မှုန့်တွေဟာ အိမ်ထဲကနေ အိမ်ပြင်ဘက်ကို ပြေးထွက်သွားကြတယ်။ ပြေးဆိုကျုပ်က လှဲလိုက်တာကိုး။

Most Read

Most Recent