ပြောင်းလိုက်ပါလေ အဇ္ဈတ္တ

ပြောင်းလိုက်ပါလေ အဇ္ဈတ္တ
Photo- Innerouterpeace.com
Photo- Innerouterpeace.com
Published 13 January 2019
ရဲထွတ်နီ

ကုန်ဆုံးလျှင် ကူးပြောင်းရသည့်သဘော တစ်ခုကို နေ့၊ လ၊ နှစ်တို့က ပြနေပါသည်။ တစ်မြန်နေ့သည် တနင်္ဂနွေနေ့ဖြစ်ခဲ့လျှင် ယမန်နေ့သည် တနင်္လာနေ့ဖြစ်ခဲ့၏။ သည်ကနေ့မှာ အင်္ဂါဖြစ်ပြီး မနက်ဖြန်ဆိုပါမူ ဗုဒ္ဓဟူး။ ဤသို့ဖြင့် ကြာသပတေး၊ သောကြာ၊ စနေပြီးလျှင် တနင်္ဂနွေသို့ ရောက်ပါဦးမည်။ မဆန်းတော့ပါ။

ရက်မှ လသို့သည်လည်း ဤအတိုင်းဖြစ်၍ ကုန်ဆုံးခဲ့သောလသည် ဒီဇင်ဘာမို့ ယခုအခါ ဇန်နဝါရီလသို့ ရောက်ကြရပြီ။ နှစ်ကူးပြောင်းမှုကတော့ ကိန်းဂဏန်း တိုးပြီးပြောင်းပါသည်။ ဤသည်မှာလည်း ဆန်းပြားတော့ သည်မဟုတ်ပါ။

ခရစ်ရက်လနှစ်တို့သည် ကမ္ဘာသုံးဖြစ်၍ မြန်မာလ၊ မြန်မာသက္ကရာဇ်ရှိသော မိမိတို့သည်လည်း ခရစ်နှစ်သစ်သို့ လိုက်ပါကူးပြောင်းကြ ရပါသည်။ ရက်၊ လ၊ နှစ်ပြောင်းရာသို့ လိုက်ပါကူးပြောင်းသောလူများသည် အကောင်းဘက်သို့ မပြောင်းလဲလျှင်တော့ ဆန်းပြားသည်ဟု ဆိုရပါမည်။ နှစ်သစ်တစ်နှစ်သည် ကိုယ့်အဖို့ အသက်တစ်နှစ်ကြီးပြန်သည်မှာ အခြေခံအကျဆုံးဖြစ်သည်။ အသက်သည်လည်း တိုးပြောင်း။

နှစ်ဆန်းအခါမှစ၍ ချိုသောပြေပြစ်ဖြစ် ထွန်းသောစကား သတင်းစကားတို့ကို ကြားနာလိုသည်။ ကြားရလျှင် နှစ်သက်သည်။ သိမ်မွေ့ညင်သာ ယဉ်ကျေးပျူငှာ အမူအရာတို့ကို တွေ့မြင်လိုသည်။ တွေ့မြင်ရလျှင် နှစ်သက်ကြသည်။ ထိုအခါ သူငယ်ချင်းတစ်ယောက်က ဝင်ပြောသည်။ “မင်း ဒါဆို ဖေ့စ်ဘုတ်မဖွင့်နဲ့၊ မဖတ်နဲ့” တဲ့။

စာနာအသိတရားဆိုသည်မှာ ကိုယ့်ကို ဤကဲ့သို့ ပြုမူပြောဆိုကြံစည် ဆက်ဆံလာသည်ကို ကိုယ်က မကြိုက်မနှစ်သက် လက်မခံလိုပါလျှင် ကိုယ်ကလည်း မပြုဖို့ သတိထားကျင့်သွားရမည်ကို ဆိုပါသည်။ အတွင်းသဘောအရပင်ဖြစ်ရမည်။ ဘာပြောင်းလဲမလဲဆိုသည်ကို (သမ္မာကျမ်း) Bible : Jeremiah မှ ဆိုမြွက်ထားသော စကားတစ်ခွန်းက ညွှန်းပြထားခဲ့သည်ဟု နားလည်မိပါသည်။

မွေးဖွားလာကတည်းက အသားမည်းသူ၏ (မူရင်းတွင် အီသီယိုပီးယန်း) တစ်ယောက်သည် သူ့အရေပြား၏ အရောင်ကို မြင်နိုင်မှာလား၊ သို့မဟုတ် ကျားသစ်တစ်ကောင်သည် သူ့ကိုယ်ပေါ်မှ အစက်အပြောက်များကို ပြောင်း(ဖျောက်)နိုင်မှာလား။

ကျမ်းစာမှ ဆုံးမစကားသည် အသားရောင် အစက်အပြောက်တို့ကိုတော့ မပြောင်းနိုင်၊ အတွင်းအဇ ္ဈတ္တကိုသာ ပြောင်းနိုင်ရန် ပြောင်းရမည်ဟု နားလည်စရာဖြစ်ပါသည်။

ကျွန်တော်တို့ငယ်စဉ်က ကြားရလေ့ရှိသော စကားတစ်ခွန်းရှိပါသည်။ ယခုတိုင်လည်း ပြောတတ်ကြဆဲ၊ ကြားရဆဲဖြစ်သည်။

“ဒီကောင်အချိုး မပြောင်းဘူး” ဟူ၍ ဖြစ်သည်။

‘အချိုး’ ဟူသော ဝေါဟာရကို မြန်မာအဘိဓာန်တွင် အဆစ်အပိုင်း၊ အချိုးအဆပမာဏဆိုသည့် အဓိပ္ပာယ်တို့အပြင် “အနေ အထိုင်အပြုအမူ” ဟူသော အဓိပ္ပာယ်တစ်ခုကိုလည်း ဖွင့်ပေးထားပါသည်။ ဆိုခဲ့သည့်စကားမှာ အနေအထိုင် အပြုအမူအတွက် ဆိုဆုံးမထားသည့်တိုင်အောင် မပြုပြင်ဘူးဟုဆိုပါသည်။

“ကောင်မ၊ ညည်းအချိုးကို ပြင်ထား”

အမေတို့၊ ကြီးတော်ဖြစ်သူတို့က သမီးနှင့် တူမဖြစ်သူတို့၏ အပြုအမူတို့မှာ မသင့်တော်လွန်းလှ၍ မကြိုက်တော့ စိတ်ဆိုးဆိုးဖြင့် အပြတ်ပြောသည့် စကားဖြစ်ပါသည်။

အသားမည်းသည့်အရောင်နှင့် အစက်အပြောက်တို့ကို မပြောင်းလဲနိုင်သော်လည်း အတွင်းသဘောထားများ ပြုပြင်ပြောင်းလဲယူလျှင် ကြံစည်ပြောဆိုမှု အပြုအမူများမှာ ပြောင်းလဲ ပါသည်။ ပြောင်းရာတွင် လူတစ်ဦးချင်းလည်း ပြောင်းရန်ဖြစ်သည်။ တစ်စုတစ်ဖွဲ့ တစ်သင်းတစ်ပါတီလုံးလည်း ပြောင်း၍ရသည်။ လူမျိုး အလိုက်လည်း ပြောင်းနိုင်ပါသည်။ ပြောင်းရာတွင် အတွင်းသဘောထားဆိုး မကောင်းသည်ကို ပြောင်းပစ်ပြီး သဘောထားမှန် ပြောင်းလဲခံယူလျက် အပြုအမူပြောင်းရန် ဖြစ်ပါသည်။

“ဒီကောင်လေး၊ ငယ်ငယ်က ဆိုးသွမ်းလိုက် မိုက်ကန်းလိုက်တာ။ ခုကြီးလာတော့လည်း လိမ္မာလာသား။ တော်လာသားဗျာ”

ဤကဲ့သို့ ပြောင်းလဲလျှင် ဝမ်းသာစွာချီးမွမ်းကြပြီး “ငယ်ငယ်က တော်ပုံရိုးလက်နဲ့ ခုတော့လည်း ဟိုကောင်လေးဟာ လူဆိုးလူသွမ်း လုံးလုံးဖြစ်သွားပါလား” ဤကဲ့သို့  ဖြစ်လျှင်တော့ ‘ကြီးမိုက်ပဲ’ ဟု ကဲ့ရဲ့ကြပြီ။ ကာလများ တစ်နှစ်ပြီးတစ်နှစ် ကူးပြောင်းသည်တွင် ‘အရွယ်’ ကလည်း လိုက်ပါကူးပြောင်းပါသည်။ ပထမအရွယ် ‘ပညာ’ရှာ၊ ဒုတိယအရွယ်မှာ ‘ဥစ္စာ’ရှာ၊ တတိယအရွယ်မှာ ‘ဘာဝနာ’ဟူ၍ မြန်မာမှုက ဘယ်အရွယ်တွင် ဘယ်လိုပြုဖို့ ပြညွှန်ထားမှုရှိပါသည်။ စဉ်းစားကြည့်လျှင် ပထမအရွယ်မှာကတည်းက စာသင်ပညာရှာလျက် သဘောထား ကောင်းမွန်မှန်ကန်ခဲ့လျှင် တတိယအရွယ်သို့တိုင် လူကောင်းဘဝ မှန်ဖြစ်သွားသည့် သဘောဖြစ်သည်။

အရွယ်ကို အသက်အပိုင်းအခြားဖြင့် ဆယ်ပါးပိုင်းခြားသည်ဟူ၍လည်း မှတ်သားဖူးသည်။ ဒီပဲရင်းဆရာတော်ကြီးက အသက် ၃၃ နှစ်စီကို ပိုင်းလျက် အသက် ၉၀ ကျော်အထိ အသိအလိမ္မာနည်းသော၊ အပျော်အမြူးများသော၊ အဆင်းကောင်းသော၊ ခွန်အားကောင်းသော၊ ပညာဉာဏ်အားသန်သော အလုံးစုံသော ဆုတ်ယုတ်သော၊ ကိုင်းသော၊ ကုန်းသော၊ တွေဝေခြင်းများသော၊ အိပ်ရာတွင် လျောင်းစက်သော အရွယ်တို့ဟူ၍ ပိုင်းခြားခြင်းဖြစ်သည်။ ကိုယ်နှင့်စိတ်တိုက် အရည်အချင်းအလိုက် ခွဲခြားပြခြင်းဟု နားလည်မိပါသည်။

ကြားဖူးမှတ်သားမိသမျှ ရှေးဆရာတော်ကြီးများ၏ အရွယ်နှင့်ပတ်သက်ရာ အဆို အမြွက်များ၏ အချုပ်မှာ ခန္ဓာတွင်ဉာဏ်ရောက်ဖို့ဟု ခံယူပါသည်။ ဤသည်မှာလည်း အတွင်းအဇ ္ဈတ္တကို ပြောင်းလဲသိမြင်ဖို့ ဖြစ်ပါသည်။

သိုးဆောင်းစကားတစ်ခွန်းမှာ “အသက် ၄၀ မှ လူ့ဘဝစသည်” ဟု ဆိုသော်လည်း လယ်တီဆရာတော်ကြီးကမူ ၄၀ ကျော်ဟူသည် အရွယ်နှောင်းပဲဟု တေးထပ်ဖွဲ့သီဆုံးမခဲ့ပါသည်။

ပစ္စည်းရှာအလုပ်နှင့်

နေ့ပုပ်လို့ ရက်ဟုန်

နစ်မျောလို့ အသက်ကုန်တယ်

တွက်ပုံဖြင့်မကောင်း။

ခုလိုဖြင့် သံသာတွေမှာ

ခန္ဓာတွေများခဲ့စကောင်း။

သက်မွေးမှု စခန်းပိုအောင်

ဝမ်းကိုသာနင်ကျောင်း။

လေးဆယ်ကျော် အရွယ်နှောင်းခါမှ

သူကြွယ်လောင်းလုပ်ချင်။

မိုးကုန်ပြီ ထွန်မချချင်နှင့်

ရွံစရာ့ မှားဖို့ဖြစ်အင်။

နွားအိုကြီး အမော့သင်သလို

မလျှော့လျှင် ဘဝဆုံးရှာတော့

အစတုံးနင့်အဆင်

လွဲဖို့သာပြင်။

တရားသို့ မသက်ဝင်လျှင်

အခက်နင် ကြုံတွေ့ဖို့လေး ။    ။

သိုးဆောင်းစကားက တစ်မျိုးတွန်းအားပေးသည်။ လယ်တီဆရာတော်ကြီး၏ တရားကလည်း အသိတရားဝင်တော့ဖို့  အားပေးနေပါလေသည်။

လူတစ်ဦးချင်း၊ တစ်စုတစ်ဖွဲ့ချင်း၊ တစ်သင်းတစ်ပါတီချင်းပါမကျန် လူမျိုးအလိုက်ပါ အချိန်ကာလနှင့် အရွယ်ကို ကူးပြောင်းရသလို ‘နိုင်ငံ’ ဟူသည်မှာလည်း အချိန်ကာလများကို ဖြတ်သန်းရသည်။ ခရစ်နှစ် ၂၀၁၉ ဆန်းချိန်တွင် မြန်မာ့လွတ်လပ်ရေးသည် ၇၁ နှစ် တင်းတင်းပြည့်ပြီ။

နိုင်ငံပြန်လည်လွတ်လပ်အောင် တိုက်ယူကြိုးပမ်းခဲ့မှု၏ ကျေးဇူးဂုဏ်ကားဝင့်သည်။ ထည်သည်၊ နက်ရှိုင်းပါသည်။ ထိုကျေးဇူးတရားဂုဏ်ကို ထောက်ထားပြီး၊ တစ်ဦးချင်း တစ်စုတစ်ဖွဲ့ချင်း တစ်သင်းတစ်ပါတီချင်း ကိုယ်ကျိုးများမရှာခဲ့ကြလျှင်၊ သူတစ်လူ ငါတစ်မင်းနှင့် စစ်တွေမခင်းခဲ့ကြလျှင် လွတ်လပ်ရေးသက်တမ်းနှင့်အမျှ ဖွံ့ဖြိုးတိုးတက်ထိုက်သလောက် တိုးတက်နေပေရော့မည်။ ဤသို့ ဆိုနိုင်သည်ဟု ယုံကြည်ပါသည်။

ရှိလာသောကာလနှစ်ကိုပင် လွတ်လပ်ပြီးတာကြာလှပေါ့ဟု ငေါ့တော့တော့ စကားကိုဆိုလျှင် အမိမြေကတော့ မဲ့ပြုံးပြုံးလိမ့်မည်။ ပြည်သူလူထုကတော့ ငိုချင်လိမ့်မည် ထင်ပါသည်။ နိုင်ငံ့လွတ်လပ်ရေး အဓွန့်ရှည်ရှည် တည်တံ့သင့်နေသည်ကား အမှန်၊ တာဝန်ရှိကြသည်လည်း အမှန်။

နိုင်ငံလွတ်လပ်ရေး အဓွန့်ရှည်ရှည် နှစ်ကာလများ တိုးသလောက် ပြောင်းလဲဖွံ့ဖြိုး တိုးတက်မှုကို  ပြည်သူများက တောင့်တလိုလားနေကြသည်မှာလည်း အမှန်။

ဂဏန်းနှစ်ကာလတိုးသလောက် ပြောင်းလဲတိုးတက်မှု မဖြစ်ချေလျှင်တော့ ဆန်းသည်ဟုသာ ဆိုပါရတော့မည်။ ကောလိပ်ကျောင်းတုန်းက သင်ယူမှတ်သားခဲ့ရသည့် ရှေးခေတ်ဂရိဒဿနဆရာတို့ ထာဝရအခြေခံသဘောကို တွေးကြံကြရင်း ပြောင်းလဲခြင်းအမှန်တရားမှာ မီး၊ မြေ၊ ရေ၊ လေဟု ပြောခဲ့ကြကြောင်း အမှတ်ရသည်။

ကျွန်တော်တို့ မြန်မာပြည်တွက်မူ နှစ်သစ်ဆန်းချိန်မှစ၍ ပြောင်းလဲခြင်း အမှန်တရားမှာ “လွတ်လပ်ရေးနှင့်အတူ အစစ်အမှန် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ငြိမ်းချမ်းရေးဖြစ်ထွန်းခြင်းသာ အမှန်တရားနှင့် ပြောင်းလဲခြင်း” ဖြစ်ပါတော့သည်။

ဦးနှောက်နှင့် နှလုံးသားရှိသော သူတို့အတွင်း အဇ္ဈတ္တပြုပြင် ပြောင်းလဲကြရန် ပထမရွှေကျင် ဆရာတော်ဘုရားကြီးက ယခုကဲ့သို့ မိန့်မြွက်ခဲ့ပါသည်။ “မသူတော်သည် သူတော်ကောင်းကို နိုင်၏။ သူ့ကိုယ်တွင်း အကုသိုလ်ကိုတော့ မနိုင်။ ကိုယ့်ကိုယ်တွင်းကို မပြောင်းနိုင်ကြလျှင် မသူတော်များဖြစ်ကြလိမ့်မည်။ အကုသိုလ်ဖြစ်ကြမည်။ သို့မို့ကြောင့် ပြောင်းလဲကြပါတော့ ဆိုပါရစေ။ ပြောင်းလဲမှု ဟူသည်မှာလည်း Change is not made without inconvenience, even from worse to better ဟု ဆမ်မျူယယ်ဂျွန်ဆင်ဆိုသူ ပုဂ္ဂိုလ်ပြောသလို ပြေလွင်လွယ်ကူမည်တော့မဟုတ်။ အဓိက သက်ဆိုင်သူအပေါင်းတို့က အားထုတ်အားထည့် ကြိုးပမ်းကြရပေမည်။

ဖောက်ကလင်အမတ် လော့ဒ်လူစီးယပ် ကာရီ (၁၆၁၀-၄၃) ၏ အသင်းတော်ဆိုင်ရာတွင် ပြောခဲ့သော စကားတစ်ခွန်းသည်လည်း တိုက်ဆိုင်စဉ်းစားစရာဟု နားလည်မိပါသည်။

“When it is not necessary to change, it is necessary to change” ဟူသော စကား စဉ်းစားခြင်းကိုလည်း အတွင်းက လုပ်ပါသည်။ အတွင်းအားဖြင့် အပေါ်ယံပြုမူကြသည် မဟုတ်ပါလား။

Most Read

Most Recent