နိုင်ငံတော်ဗဟိုဘဏ်က ခုနစ်ရက်အတွင်း ရည်ညွှန်း ငွေလဲနှုန်း ၁၅ ကျပ် လျှော့ချ သတ်မှတ်ခဲ့ပြီး လေလံစျေးကွက်မှ တစ်ဆင့် ဒေါ်လာ ၂၇ သန်းနီးပါး ဆက်လက်ဝယ်ယူ

နိုင်ငံတော်ဗဟိုဘဏ်က ခုနစ်ရက်အတွင်း ရည်ညွှန်း ငွေလဲနှုန်း ၁၅ ကျပ် လျှော့ချ သတ်မှတ်ခဲ့ပြီး လေလံစျေးကွက်မှ တစ်ဆင့် ဒေါ်လာ ၂၇ သန်းနီးပါး ဆက်လက်ဝယ်ယူ
နိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ရုံးခွဲကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
နိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ရုံးခွဲကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 12 January 2019
စည်သူအောင်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဇန်နဝါရီ ၂ ရက်မှ ၁၁ ရက်အထိ ရုံးဖွင့်ရက် ခုနစ်ရက်အတွင်း ရည်ညွှန်းငွေလဲနှုန်း ၁၅ ကျပ် လျှော့ချခဲ့ပြီး လေလံစျေးကွက်မှတစ်ဆင့် ဒေါ်လာ ၂၇ သန်းနီးပါး ဆက်လက်ဝယ်ယူခဲ့ကြောင်း နေ့အလိုက် လေလံစျေးကွက် အရောင်း အဝယ်မှတ်တမ်းအရ သိရသည်။

ဇန်နဝါရီ ၂ ရက်မှ ၁၁ ရက်အထိ ရုံးဖွင့်ရက် ခုနစ်ရက်အတွင်း ဗဟိုဘဏ်မှ လေလံ စျေးကွက်မှတစ်ဆင့် ဝယ်ယူမှု ဒေါ်လာ ၂၆၉၉၉၆၀၀ ရှိပြီး ရောင်းချမှု ဒေါ်လာ ၂၀၀ သာရှိခဲ့သည်။ ဒီဇင်ဘာလအတွင်း လေလံ စျေးကွက်မှတစ်ဆင့် ဒေါ်လာ ၅၄၂၄၈၈၀၀ ကို ဝယ်ယူခဲ့ပြီး ဒေါ်လာ ၃၈၃၀၀၀၀ ရောင်း ချခဲ့သည်။ နိုဝင်ဘာလတွင် ဒေါ်လာ ၁၃၉၈၆၀၀ ဝယ်ယူခဲ့ပြီး ဒေါ်လာ ၂၉၀၀ သာ ပြန်လည် ရောင်းချခဲ့သည်။ အောက်တိုဘာလတွင် လေလံစျေးကွက်မှ တစ်ဆင့် ဒေါ်လာပြန်လည် ဝယ်ယူမှုမရှိဘဲ ဒေါ်လာ  ၃၈၄၂၀၀ ကို ရောင်းချခဲ့သည်။ ပြင်ပစျေးကွက်တွင် စံချိန်တင်နိုင်ငံခြားငွေလဲနှုန်း ဖြစ်ပေါ်ခဲ့သည့်  စက်တင်ဘာ လတွင်မူ ဒေါ်လာ ၄၀၇၀၀၀၀ ဒေါ်လာ ထုတ်ရောင်းခဲ့ပြီး ဒေါ် လာ ၉၄၀၀၀၀ ကို ပြန်လည် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁ ရက်မှ ၁၂ ရက်အတွင်း ပြင်ပစျေးကွက်၌ ဒေါ်လာစျေး ၁၄ ကျပ် ဝန်းကျင်ကျဆင်းခဲ့ပြီး ဗဟိုဘဏ်ကလည်း ယင်းရက်များအတွင်း ရည်ညွှန်းငွေလဲနှုန်းကို ၁၅ ကျပ်အထိ လျှော့ချ သတ်မှတ်ခဲ့သည်။

ပြင်ပစျေးကွက်တွင် ပြီးခဲ့သည့် ၁၂ ရက် အတွင်းဖြစ်ပေါ်ခဲ့သည့် ဒေါ်လာစျေးမှာ ဇန်နဝါရီ ၁ ရက်တွင် ၁၅၄၀ ကျပ်၊ ဇန်နဝါရီ  ၂ ရက်တွင် ၁၅၄၁ ကျပ်၊ ဇန်နဝါရီ ၃ ရက် တွင် ၁၅၄၂ ကျပ်၊ ဇန်နဝါရီ ၇ ရက်တွင် ၁၅၃၇ ကျပ်၊ ဇန်နဝါရီ ၈ ရက်တွင် ၁၅၃၃ ကျပ်၊ ဇန်နဝါရီ ၉ ရက်တွင် ၁၅၃၀ ကျပ်၊ ဇန်နဝါရီ ၁၀ ရက်တွင် ၁၅၂၈ ကျပ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ၁၅၂၆ ကျပ်ဖြစ်ပြီး ၁၄ ကျပ်ဝန်းကျင် ကျဆင်းခဲ့သည်။

ဗဟိုဘဏ်က သတ်မှတ်ထားသော ရက်အလိုက် ရည်ညွှန်းငွေလဲနှုန်းမှာ ဇန်နဝါရီ  ၂ ရက်တွင် ၁၅၄၆ ကျပ်၊ ဇန်နဝါရီ ၃ ရက်တွင် ၁၅၄၂ ကျပ်၊ ဇန်နဝါရီ ၇ ရက်တွင် ၁၅၄၀ ကျပ်၊ ဇန်နဝါရီ ၈ ရက်တွင် ၁၅၃၇ ကျပ်၊ ဇန်နဝါရီ ၉ ရက်တွင် ၁၅၃၇ ကျပ်၊ ဇန်နဝါရီ ၁၀ ရက်တွင် ၁၅၃၄ ကျပ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ၁၅၃၁ ကျပ်ဖြစ်ပြီး ပြင်ပစျေးကွက်ပေါက်စျေး နှင့်နှိုင်းယှဉ်ပါက ယခင်ကထက် ကွာဟချက် နည်းပါးလာသည်။

ပြီးခဲ့သည့်ရုံးဖွင့်ရက် ခုနစ်ရက်အတွင်း ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းဖြင့် ဇန်နဝါရီ ၂ ရက်တွင် ဒေါ်လာ ၂၀၀ ထုတ်ရောင်းခဲ့ပြီး ဇန်နဝါရီ ၃ ရက်တွင် ဒေါ်လာ ၅၀၀၀၀၀၀၊  ဇန်နဝါရီ ၇ ရက်တွင် ဒေါ်လာ ၅၉၉၉၉၀၀၊ ဇန်နဝါရီ ၈ ရက်တွင် ဒေါ်လာ ၄၉၉၉၉၀၀၊  ဇန်နဝါရီ ၉ ရက်တွင် ဒေါ်လာ ၂၀၀၀၀၀၀၊ ဇန်နဝါရီ ၁၀ ရက်တွင် ဒေါ်လာ ၇၉၉၉၉၀၀၊ ဇန်နဝါရီ ၁၁ ရက်တွင် ဒေါ်လာ ၉၉၉၉၀၀  ဝယ်ယူခဲ့ပြီး စုစုပေါင်းဝယ်ယူမှု ဒေါ်လာ ၂၆၉၉၉၆၀၀ ရှိခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကွာခြားချက်သည် ၃၂၇ ကျပ်၊ ၂၄ ရာခိုင်နှုန်း ကျော်အထိဖြစ်ပေါ်ခဲ့ပြီး ဇွန်လမှ ဒီဇင်ဘာလအထိ အတက်အကျများစွာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလဆန်း၌ ဒေါ်လာစျေး ကျပ် ၁၅၁၀ အထိပြန်ကျနေချိန်တွင် နိုင်ငံတော်ဗဟိုဘဏ်က ကျပ် ၁၅၇၀ နှုန်းဖြင့် နှစ် ရက်အတွင်း ဒေါ်လာ ၃၄ သန်းဖိုး ဝယ်ယူခဲ့ပြီး စျေးကွက်အတွင်း ဒေါ်လာစျေးပြန်လည် မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနိုင်ငံခြားငွေလဲ နှုန်းမှာ ကျပ် ၁၅၁၀-၁၅၇၇ ကျပ်ဖြစ်သည်။

 

Most Read

Most Recent