သရုပ်ဆောင် ဝေဠုကျော်အား အလှမယ် သင်းသင်းက ကာမလိမ်လည်မှုဖြင့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထား

သရုပ်ဆောင် ဝေဠုကျော်အား အလှမယ် သင်းသင်းက ကာမလိမ်လည်မှုဖြင့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထား
မီဒီယာများကို ဖြေကြားနေသည့် အလှမယ် သင်းသင်း (ဓာတ်ပုံ-မျိုးထက်ပိုင်)
မီဒီယာများကို ဖြေကြားနေသည့် အလှမယ် သင်းသင်း (ဓာတ်ပုံ-မျိုးထက်ပိုင်)
Published 9 January 2019
မျိုးထက်ပိုင်

ရုပ်ရှင် သရုပ်ဆောင် ဝေဠုကျော်ကို အလှမယ် သင်းသင်းက ကာမလိမ်လည်မှု ပုဒ်မဖြင့် ဇန်နဝါရီ ၈ ရက်က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့ကြောင်း သိရသည်။

ဦးတိုက် လျှောက်ထားမှုကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါအမှု ရုံးချိန်းကို ဇန်နဝါရီ ၂၂ ရက်သို့ ပြန်လည် ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းတွင် စွပ်စွဲခံရသူ သရုပ်ဆောင် ဝေဠုကျော်ကို ရုံးရှေ့လာရောက်ရန် တရားရုံးက ဆင့်ခေါ်ထားကြောင်း သိရသည်။

“ ဒီနေ့ တရားရုံးက ရာကြီး ၂၀၁၉ ပုဒ်မ ၄၁၇ နဲ့ လက်ခံလိုက်ပါပြီ။ အမှုကတော့ ကာမလိမ်လည်မှုပါ။ ကိုဝေဠုကျော်ကို တရားခံအနေနဲ့ ဆင့်ခေါ်ပါလိမ့်မယ်။ တရားစွဲဖြစ်တဲ့ အကြောင်းကတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်တာပါ။ ဥပဒေအကြောင်းကိုလည်း သိစေချင်လို့ပါ။ အမှန်တရား တစ်ခုအတွက်ပေါ့။ ငွေလိုချင်လို့ မဟုတ်ပါဘူး။ တကယ်ကို ထိခိုက်နစ်နာလို့ တရားစွဲရခြင်း ဖြစ်ပါတယ်” ဟု အလှမယ် သင်းသင်းက ပြောကြားသည်။

ရာဇသတ်ကြီး ပုဒ်မ ၄၁၇ သည် လိမ်လည်မှုဖြစ်ပြီး ရဲအရေး မပိုင်သည့် ပုဒ်မဖြစ်ကာ တရားရုံးသို့ ဦးတိုက် လျှောက်ထားရသည့် ပုဒ်မဖြစ်ကြောင်း၊ ပစ္စည်းလိမ်လည်မှုများကိုလည်း ယင်းပုဒ်မဖြင့်ပင် တရားစွဲဆိုနိုင်သည့်အပြင် မိန်းကလေး တစ်ဦးထံမှ ကာမလိမ်လည် ရယူပါကလည်း တရားစွဲဆိုနိုင်သည့် ပုဒ်မဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ကို အလှမယ် သင်းသင်းက အမှုဖွင့် တရားစွဲဆိုမည်ဆိုသည့် သတင်းများမှာ လူမှုကွန်ရက် မီဒီယာများတွင် လွန်ခဲ့သည့် နှစ်လကျော်က ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၈ ရက်တွင် အလှမယ် သင်းသင်းက အမှန်တကယ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်က အမှုဖွင့် တရားစွဲဆိုခံရပါက မြန်မာနိုင်ငံတွင် ရည်းစားက ဖြတ်သဖြင့် တရားစွဲဆိုခံရသည်မှာ သူတစ်ဦးတည်းသာ ရှိကြောင်း အွန်လိုင်းမီဒီယာများတွင် ဖြေကြားထားသည်ကို တွေ့ရသည်။