ဖြူစင်သူ ကလေးငယ်များ၏ ရန်ကုန်မြို့တွင်း ခရီးစဉ်တစ်ခု

ဖြူစင်သူ ကလေးငယ်များ၏ ရန်ကုန်မြို့တွင်း ခရီးစဉ်တစ်ခု
စေတနာ့ဝန်ထမ်းများကပေးသောမုန့်များကို ဆင်ခြေဖုံးမြို့နယ်အချို့မှ ကလေးငယ်များ ဝေမျှစားသောက်နေစဉ် (ဓာတ်ပုံ-နေဝန်းထက်)
စေတနာ့ဝန်ထမ်းများကပေးသောမုန့်များကို ဆင်ခြေဖုံးမြို့နယ်အချို့မှ ကလေးငယ်များ ဝေမျှစားသောက်နေစဉ် (ဓာတ်ပုံ-နေဝန်းထက်)
Published 16 December 2018
နေဝန်းထက်

ရန်ကုန်မြို့၌ သိဂုင်္တ္တရဟု အမည်ရှိသည့်  တောင်ကုန်းခပ်မြင့်မြင့်တစ်ခုရှိနေပြီး ဒီတောင်ကုန်းပေါ်တွင် ခမ်းနားကြီးကျယ်သော နောက်ခံသမိုင်းများစွာတို့ဖြင့် တည်ရှိထားသည့် ရွှေတိဂုံစေတီတော်ရှိနေခဲ့သည်က နှစ်ထောင်ချီ ကြာမြင့်နေပြီဖြစ်သည်။ ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ရောက်ရန် အတွက် အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟုခေါ်သည့် စောင်းတန်းလေးခုရှိပြီး စောင်းတန်းတစ်ခုချင်းစီသည် တင့်တယ်သေသပ်သည့် ဗိသုကာလက်ရာများဖြင့်တည် ဆောက်ထားခြင်းဖြစ်သည်။ ကမ္ဘာ၏ ဒေသအသီးသီးမှ ခရီးသွားများ၏ စိတ်ဝင်စားမှုကို ခံနေရသည့် ရွှေတိဂုံစေတီတော်သည် ထိုခရီးသွားများ ရောက်ရှိလာသည့်အချိန်၌ ခမ်းနားသည့် စောင်းတန်းများမှစ၍ ခရီးသွားများ၏စိတ်ကို စတင်ဆွဲဆောင်ရင်း ဗုဒ္ဓဘာသာ၏ ငြိမ်း ချမ်းအေးမျှမှုကို ပေးနေခဲ့သည်။

ရွှေတိဂုံစေတီတော်၏ အနောက်ဘက်စောင်းတန်း ခြေရင်းတွင် ဖြစ်သည်။ ဆောင်းရာသီ နံနက်ခင်းသည် အပူအအေးမျှတစွာဖြင့် တည်ရှိနေပြီး ပတ်ဝန်းကျင်၌ လည်း ပန်းခြံတစ်ခုက အေးချမ်းလှပစွာဖြင့် တည်ရှိနေ၏။ စောင်းတန်း၏အဝတွင် ခြင်္သေ့ရုပ်တုကြီး နှစ်ခုရှိနေပြီး ထိုရုပ်တုကြီး နှစ်ခုအနက်မှ တစ်ခု၏ရှေ့တွင် လူအချို့က နောက်ထပ်ရောက်ရှိလာမည့် လူများအား နွေးထွေးစွာဖြင့် ကြိုဆိုရန်အတွက် စောင့်ဆိုင်းနေကြ ဟန် ရှိနေသည်။ ထိုသူများသည် နောက်ထပ်ရောက်ရှိလာမည့် သူများအား ကူညီမှုများပေးရန်ရှိနေသည့်သူများဖြစ်ပြီး သူတို့ထဲတွင် Tourist Guide များ၊ ဆရာဝန်များ နှင့် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ရန်ရောက်ရှိနေသူများလည်း ပါဝင်ကြ၏။ သူတို့အားလုံးက တူညီစွာဖြင့်ပင် နောက်ထပ်ရောက် ရှိလာတော့မည့်သူများအကြောင်း ကို စကားစမြည် ပြောဆိုရင်း ပြင်ဆင်စောင့်ဆိုင်းနေခဲ့ကြသည်။

ထိုအချိန်တွင် လှပသည့် နံ နက်ခင်းနေရောင်ခြည်အောက်မှ စေတီတော်စောင်းတန်း အဝင်ဂိတ်ကို ဖြတ်သန်းရင်း နံပါတ်အပြာရောင်တပ်ဆင်ထားသည့် နိုင်ငံခြားခရီးသွားများ စီးနင်းလိုက်ပါတတ်သော Express ကားကြီးများဝင်ရောက်လာခဲ့သည်။  ကားများပေါ် တွင် နိုင်ငံခြားသားခရီးသွားများ ပါဝင်လာခဲ့ခြင်း မရှိ။ သို့သော် ထိုကားများပေါ်တွင် မြန်မာနိုင်ငံ၏ အနာဂတ်ကို ကြီးကျယ်ခမ်းနားအောင်ဖန်တီးနိုင်စွမ်းရှိသူများ တော့ လိုက်ပါလာခဲ့ကြ၏။ သူတို့သည် မြန်မာနိုင်ငံအတွက် အလွန်ကိုအရေးပါလာမည့် များစွာသော သူများထဲတွင် ပါဝင်ကြသူများဖြစ်ပြီး သူတို့ကို နိုင်ငံ၏ ခေါင်းဆောင်လောင်းများ၊ နိုင်ငံ၏ အနာဂတ်များအဖြစ် ခေါ်ဆိုနိုင်မည်လည်း ဖြစ်သည်။ သူတို့သည် မည်သို့သော သူများဖြစ်နေခြင်းကြောင့် နိုင်ငံအတွက် အလွန်အရေးကြီးသည့် သူများထဲတွင် ပါဝင်ခဲ့ခြင်း ဖြစ်ပါသနည်း။

ရန်ကုန်မြို့ကို စီးပွားရေး မြို့တော်အဖြစ် သတ်မှတ်ခေါ်ဝေါ် ကြပြီး အခြေခံလူတန်းစားများနှင့် စီးပွားရေးလုပ်ငန်းရှင် သန်းကြွယ်များအကြားတွင် ဆင်းရဲချမ်းသာ လူတန်းစားကွာဟမှု ခြားနားချက် ကြီးကြီးမားမားရှိနေသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ သိန်းသောင်းနှင့်ချီ တန်ဖိုးရှိသည့် မြေနေရာအိမ် များတွင် နေထိုင်သည့် သန်းကြွယ်သူဌေးများ ရှိသကဲ့သို့ ကျောတစ် ခင်းစာနေရာအတွက် တိုက်ပွဲဝင် နေရသည့် ဆင်ခြေဖုံးမြို့နယ်များတွင် နေထိုင်သူများကလည်း ရန်ကုန်မြို့တွင် ဒုနဲ့ဒေးရှိနေ၏။ ထိုသို့သော နေရာများတွင် နေထိုင်ကြသည့် အခြေခံလူတန်းစား မိသားစုများတွင် တောက်ပသည့် အနာဂတ်ကို ဖန်တီးနိုင်စွမ်းရှိနေသည့် ကလေးငယ်များစွာလည်း ရှိနေခဲ့သည်။

တစ်နေ့တာတွင် စားဝတ်နေရေးအတွက် ခက်ခဲပင်ပန်းစွာ ဖြေရှင်းနေကြရသည့် အခြေခံလူတန်းစား မိသားစုဘဝများမှ မွေးဖွား ပေါက်ဖွားလာခဲ့ရခြင်းကြောင့် ဒီကလေးများသည် ရန်ကုန်မြို့တွင် နေထိုင်နေခြင်းဖြစ်သော်လည်း ရန်ကုန်မြို့ဆိုသည်က မည်သို့သောပုံစံမျိုးဖြင့် တည်ရှိနေခြင်းကိုပင် မြင် တွေ့သွားလာခဲ့ဖူးခြင်း မရှိခဲ့ပေ။ သူတို့အတွက် သူတို့နေထိုင်ရသည့် အခြေခံလူတန်းစားများ အများစု နေထိုင်ရာ ဆင်ခြေဖုံးမြို့နယ်လေးသည်သာ ကြီးကျယ်သည့် ကမ္ဘာကြီးတစ်ခုအဖြစ် တွေးထင်ခဲ့ကြဖူး ပေလိမ့်မည် ဖြစ်သည်။ သူတို့၏ အနာဂတ်များအတွက် စိတ်ကူးယဉ် အိပ်မက်မက်ရန်ကိုပင် သူတို့တွင် ကြီးကျယ်ခမ်းနားသည့် အိပ်မက်များအကြောင်း ကြားသိခဲ့ဖူးခြင်း မရှိ။ သို့သော် သူတို့သည် ကြီးကျယ် ခမ်းနားသည့်အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စွမ်းရှိနေသည့် သူများဖြစ်ပြီး သူတို့တွင် လိုအပ်နေသည်က သူတို့ဖန်တီးနိုင်စွမ်း ရှိသည့် အိပ်မက်များ အကြောင်းကို သိရှိလာနိုင်ရန် ဖြစ်သည်။

Express ကားကြီးများအပေါ်မှ ဆင်းလာသည့်အချိန်တွင် သူတို့နေထိုင်ခဲ့ရသည့်နေရာသည် သူတို့ထင်မြင်မိခဲ့သကဲ့သို့ ကမ္ဘာကြီးတစ်ခု မဟုတ်ခဲ့ကြောင်းကို စောင်းတန်းအဝတွင်ရှိနေသည့် ခြင်္သေ ရုပ်တုကြီးများကို မြင်တွေ့လိုက်ရချိန်တွင် ဖြစ်ပေါ်နေခဲ့သည့် သူတို့ ၏ မျက်နှာများပေါ်မှ အံ့သြမင် တက်မှုများက သက်သေပြနေခဲ့သည်။ အခြေခံလူတန်းစား မိသားစုများတွင် ကြုံတွေ့နေရသည့် အဆင် မပြေမှုများကြောင့် သူတို့သည် ရန်ကုန်မြို့တွင် နေထိုင်နေခဲ့သော်လည်း ရန်ကုန်မြို့၏ အထင်ကရ ရွှေတိဂုံစေတီတော်ကိုပင် ဖူးမြင်ရောက်ရှိခဲ့ဖူးခြင်း မရှိခဲ့ရှာကြပေ။ ၁၄၀ ကျော် အရေအတွက်ရှိပြီး ဆင်ခြေဖုံးမြို့နယ်တစ်ခု၏ အခြေခံလူတန်းစားများ နေထိုင်ရာ ရပ်ကွက်၌ နေထိုင်ကြသည့် ဒီကလေးငယ် များအားလုံးနီးပါးအတွက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာကြီးသည် မည်ရွေ့မည်မျှ ခမ်းနားကြောင်းကို စတင်သိရှိလာကြတော့မည် ဖြစ်သည်။

နွေးထွေးစွာဖြင့် ကြိုဆိုနေကြသူများ၏ ကူညီမှုနှင့်အတူ ဒီကလေးငယ်များသည် ရွှေတိဂုံစေတီတော်ကို ဖူးမြင်ကြရတော့မည် ဖြစ်သည်။ စေတီတော် ရင်ပြင်ပေါ်တက်ရောက်ကြသည့် အခါ  အနောက်ဘက်စောင်းတန်းရှိ စက်လှေကားများက သူတို့၏နေအိမ်များမှ လှေကားများနှင့် မတူဘဲ ဆန်းကြယ်နေသည်ဟု သူတို့ထင်မြင်ခဲ့ကြမည်ဖြစ်သည်။ ပတ်ဝန်းကျင်တွင် သူတို့ မြင်တွေ့နေကျအရာများနှင့် မတူညီသည့်အကြောင်းအရာများက ဒီကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာနှင့် အသိဉာဏ်ပိုင်းဆိုင်ရာများကို တစ်ဆင့်ထပ် မြှင့်ပေးလိုက်သည့်အသွင်မျိုး ရှိနေခဲ့ပြီး သူတို့၏ မျက်နှာများပေါ် တွင် ထပ်မံမြင်တွေ့လာရတော့ မည့်အရာများကို စူးစမ်းလိုသည့် အသွင်များ တူညီစွာ ဖြစ်ပေါ်ခဲ့၏။

စေတီတော် အနောက်ဘက်စောင်းတန်းကို ကျော်လွန်လာပြီး နောက် ဒီကလေးငယ်များ မြင်တွေ့ခဲ့ရသည်က ကမ္ဘာအရပ်ရပ်မှ ခရီးသွားများကိုပင် ဆွဲဆောင်နိုင်စွမ်းရှိသည့် ရွှေတိဂုံစေတီတော်၏ တင့်တယ်သပ္ပာယ်မှုဖြစ်ပြီး ကလေးငယ်များအတွက် အိပ်ရာဝင်ပုံပြင်များ၌သာ ကြားဖူးခဲ့ရသည့် နတ်ပြည်ဆိုသည့်အရာကို ပြင်ပတွင် အမှန်တကယ်မြင်တွေ့လိုက်ရ သကဲ့သို့ စိတ်တွင် ထင်မြင်ကောင်း ထင်မြင်မိကြမည် ဖြစ်သည်။ ဒီ ကလေးငယ်များ၏ နံဘေးတွင် ကူညီစောင့်ရှောက်ရန် လိုက်ပါလာကြသည့် သူများကလည်း ကလေး ငယ်များအား ရွှေတိဂုံစေတီနှင့် ဗုဒ္ဓဘာသာ၏ အကြောင်းများ ပြောပြနေကြပြီး သူတို့ကိုးကွယ်ခဲ့သည့် ဘာသာတရားတစ်ခု၏ ခမ်းနားမှုကို ပိုမိုသိရှိလာကြပြီလည်း ဖြစ်သည်။

ရွှေတိဂုံစေတီတော်သို့ ဖူးမြင် အပြီး ကလေးငယ်များအတွက် နောက်ထပ် ရန်ကုန်မြို့တွင်းသို့ ခရီးဆက်ရန် နေရာတစ်ခု ရှိနေကာ သူတို့အားလုံး သွားရောက်လိုသည့် နေရာ တစ်ခုဖြစ်ကြောင်း ကလေးငယ်များက နှုတ်က ဖွင့်ဟပြောဆိုခဲ့ကြသည်။ သို့သော် သူတို့ နောက်ထပ်တစ်နေရာသို့ ခရီးဆက်ခြင်း မရှိမီတွင် အနားယူရန်အတွက် နေရာတစ်ခုသို့ သွားရောက်ရန်လည်း ရှိနေခဲ့၏။ ထိုနေရာတွင် ကလေး ငယ်များအတွက် သူတို့နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်တစ်ခု၏ အကြောင်းကို ထပ်မံသိရှိလာခဲ့စေရန်ရှိနေခြင်းလည်း ဖြစ်သည်။

ရွှေတိဂုံစေတီတော်မှ အဆင်း တွင်ကလေးငယ်များ နေ့လယ်စာ စားရင်းကြည့်ရှုရန်အတွက် ရုပ်သေးပွဲတစ်ခု ရှိနေခဲ့သည်။ ဒီရုပ်သေးပွဲတွင် အာရှနိုင်ငံများမှ ရုပ်သေးတင်ဆက်မှုများလည်း ပါဝင်ပြီး ကလေးငယ်များက အားပါးတရ တီးခတ်သည့် လက်ခုပ်သံများနှင့်အတူ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြ သည်။ အခြားနိုင်ငံများ၏ အနု ပညာလက်ရာ တင်ဆက်မှုများကို မြင်တွေ့ရမှုနှင့်အတူ သူတို့ထံတွင် နောက်ထပ်ကမ္ဘာကြီးဆီသို့ ခြေတစ်လှမ်း လှမ်းနိုင်ခဲ့ပြီလည်း ဖြစ်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် ရုပ်သေးပညာရှင်များ က ကလေးငယ်များကို မြန်မာ့ရုပ်သေးဖြင့် တင်ဆက်ပြသခဲ့ကြပြီး လူ၏ လှုပ်ရှားမှုများကဲ့သို့ မြန်မာ့ ရုပ်သေးရုပ်ကလေးများ၏ ကပြ ဖျော်ဖြေနေမှုများက ဒီကလေးငယ်များ၏ နှလုံးသားသို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်၏ ခမ်းနားမှုကို တစ်စိတ်တစ်ပိုင်း သိရှိစေခဲ့ပြီ ဖြစ်သည်။

ရုပ်သေးပွဲအပြီးတွင် ကလေး ငယ်များအားလုံး မျှော်လင့်နေသည့် ခရီးသို့ သွားရောက်ရန် ရှိနေခဲ့ပြီလည်း ဖြစ်သည်။ Express ကားကြီးများနှင့်အတူ သူတို့မျှော်လင့် နေသည့် ခရီးသို့ သွားရောက်နေသည့် အချိန်တွင် သူတို့ထံမှ ဖြူစင်သည့် မုသားမရောသော စကားသံများကို ဖွင့်ဟပြောဆိုခဲ့ကြသည်။ ကလေးငယ်များသွားရောက်မည့် နေရာက ပုံပြင်စာအုပ်များ၊ တယ်လီဗေးရှင်း အစီအစဉ်များတွင်သာ သူတို့ မြင်တွေ့ဖူးခဲ့သည့် တိရစ္ဆာန်လေးများအား သွားရောက်ကြည့်ရှုနိုင်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ဖြစ်သည်။ ဒီနေရာသည် ဒီခရီးစဉ်တွင် သူတို့အသွားချင်ဆုံးနေရာလည်း ဖြစ်နေခဲ့သည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ဦးတည်သွားနေသည့်  Express ကားကြီးတစ်ခုပေါ်တွင် ဖြစ်သည်။ ခရီးစဉ်တွင် ကလေးငယ်များကို ကူညီရန်လိုက်ပါသူများထဲမှ တစ်ဦးက ကလေးငယ်များအား မေးခွန်းများကို မေးနေခဲ့သည်။ ထိုသူမေးလိုက်သည့် မေးခွန်းများက “သားတို့ သမီးတို့ တိရစ္ဆာန်ရုံသွားမှာ ပျော်လား” ဟူ၍ ဖြစ်ပြီး ကလေးငယ်များက သံပြိုင်ပင် ပျော်ပါတယ်ဟု ဖြေဆိုကြသည်။ ထို့နောက် အခြားသော ကူညီနေသူတစ်ဦးက နောက်ထပ် မေးခွန်းတစ်ခုကို ကလေးငယ်များ အား မေးမြန်းပြန်သည်။

“ရုပ်သေးပွဲကိုရော ကြိုက်လား” ဟု ထိုသူက မေးမြန်းလိုက်သည့်အပေါ်တွင် ကလေးငယ်များ က ဟန်ဆောင်ခြင်း မရှိ၊ လိမ်ညာ ခြင်းမရှိ၊ ပကတိဖြူစင်စွာဖြင့်ပင် သူတို့ စိတ်ထဲရှိသည့်အတိုင်း “မကြိုက်ဘူး၊ ပျင်းတယ်” ဟု ဖြေခဲ့ကြပြီး ကလေးငယ်များသည် သူတို့ ဖြစ်ချင်သည့်အရာများကို ဖုံးကွယ်ထားခြင်းမရှိ။ မည်မျှအပြစ် ကင်းစင်သည်ကို သက်သေပြနေခြင်းလည်း ဖြစ်၏။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ကလေးငယ်များ ရောက်ရှိလာကြပြီ ဖြစ်သည်။ ကလေးငယ်များအတွက် သူတို့ မြင်တွေ့ဖူးလိုကြသည့် တိရ စ္ဆာန်များစွာတို့ကို မြင်တွေ့ခွင့်ရရှိ ခဲ့ကြပြီး ကမ္ဘာကြီးပေါ်တွင် သူတို့ နှင့် အတူယှဉ်တွဲနေထိုင်နေသည့် အခြားသော သက်ရှိများစွာတို့ကိုမြင်တွေ့ခဲ့ကြသည့်  အချိန်လည်း ဖြစ်သည်။ သူတို့၏ဘေးမှ ကူညီပေးနေကြသူများကလည်း သူတို့မြင်တွေ့နေရသည့် တိရစ္ဆာန်များအ ကြောင်းကိုရှင်းပြခဲ့ပြီး ကလေးငယ်များအတွက်လူသားများအပြင် အခြားသော သက်ရှိသတ္တဝါများ၏ လှပမှုနှင့် အရေးပါမှုများကိုလည်း စတင်သိရှိခဲ့ကြပြီဖြစ်သည်။

ခရီးစဉ်တစ်ခုလုံးတွင် နံဘေးမှနေ၍ ဂရုတစိုက် ကူညီပြောပြပေးနေသူများ၏ စကားသံများကလည်း ကလေးငယ်များပေါ်တွင် သက်ရောက်နေခဲ့သည်။ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ထဲတွင် ပျော်ရွှင်စွာဖြင့် ပြေး လွှားကြည့်ရှုသွားလာ နေခဲ့သော်လည်း ကလေးငယ်များသည် သူတို့ စားသောက်ခဲ့သည့် အစားအစာများမှ အမှိုက်များအား လက်လွတ် စပယ်ပစ်ခြင်းမရှိ။ တစ်ယောက်နှင့် တစ်ယောက် ခိုက်ရန်ဖြစ်ပွားခြင်း လည်းမရှိ၊ ညစ်ညမ်းစွာ ပြောဆိုခြင်းများလည်း မရှိခဲ့ပေ။ အချင်းချင်းစည်းလုံးစွာဖြင့် သူတို့ မြင်တွေ့ ဖူးလိုသည့် သက်ရှိသတ္တဝါလေးများအား ကြည့်ရှုရင်း ပျော်ရွှင်နေခဲ့ကြ ပြီး ကလေးငယ်များတွင် စည်းလုံး ညီညွတ်ခြင်း၏ တစ်စိတ်တစ်ဒေသကို ကိုယ်တိုင်ကိုယ်ကျ စတင်ပုံဖော်ဖူးသည့်အသွင်မျိုး ဖြစ်နေခဲ့ပြီလည်း ဖြစ်သည်။

ဒီခရီးစဉ်မတိုင်မီတွင် သူတို့သည် သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ကိုသာ ထိတွေ့မြင်တွေ့ဖူးခဲ့ ကြ၏။ ဒီခရီးစဉ်အပြီးတွင်တော့ ကလေးငယ်များသည် သူတို့ နေထိုင်ရာ ပတ်ဝန်းကျင်ထက် ပို၍ သိရှိလာကြပြီဖြစ်ပြီး သူတို့ထံတွင် ကြီး ကျယ်ခမ်းနားသည့် အိပ်မက်များမက်ရန် အကြောင်းအရာများ ပိုမို ရရှိလာပြီလည်း ဖြစ်သည်။ ကလေးငယ်များနှင့်အတူ လိုက်ပါလာခဲ့ သည့် ကူညီပေးသူများတွင် ဆရာဝန်များ၊ Tourist Guide များ၊ ဓာတ် ပုံဆရာများပါဝင်ခဲ့ပြီး ထိုသူများကို ကြည့်၍ ကလေးငယ်များတွင်လည်း သူတို့အသက်အရွယ်ကြီးလာသည့် အချိန်တွင် မည်သည့်အလုပ်ကို လုပ်ကိုင်၍ လူ့လောကကို မည်သို့ မည်ပုံအကျိုးပြုမည့်သူ ဖြစ်လာနိုင် ရန်အတွက် ပိုမိုကောင်းမွန်သည့် အိပ်မက်များလည်း ရှိလာနိုင်ခဲ့ပြီ ဖြစ်သည်။

လူ့ဘဝ၏ အသက်ရှင်သန်မှု နေထိုင်မှုသက်တမ်းကို ပျမ်းမျှအား ဖြင့် နှစ် ၇၀ ကျော်ဟုသာ သတ်မှတ် ထားကြပြီး လူတစ်ဦး၏ ဘဝအောင်မြင်မှု၊ နေထိုင်မှု၊ ကျရှုံးမှု စသည့် လူ့ဘဝဖြစ်စဉ်များသည် လူတစ်ဦး၏ အသက်ရှင်နေထိုင်မှု ကနဦးကာလ ဖြစ်သည့် ကလေးဘဝအရွယ်များတွင် ဖြစ်ပျက်သင်ကြားခဲ့သည့် နေထိုင်မှု၊ လေ့လာဆုံးဖြတ်မှုများ စသည့် အခြေအနေများပေါ်တွင်  အဓိက အခြေပြုနေ၏။

ကောင်းမွန်သည့် စက်ပစ္စည်း အစိတ်အပိုင်းများကို အသုံးပြု၍ တည်ဆောက်ထားသော စက်ပစ္စည်း တစ်ခုသည် ၎င်းကိုအသုံးပြုသူအပေါ်  ကောင်းမွန်သည့်ခံစား ချက်များပေးနိုင်သကဲ့သို့ ကောင်းမွန်သည့်ဘဝပတ်ဝန်းကျင် လေ့လာ သင်ကြားမှုများဖြင့် ဘဝကနဦးအချိန်များကို နေထိုင်ခဲ့ရသည့်လူတစ် ဦးသည် သူ၏ပတ်ဝန်းကျင်ဖြစ် သည့် လူ့လောကအတွက် ကောင်းမွန်သည့်လူတစ်ဦးဖြစ်လာမည်ဖြစ်သည်။

သို့ရာတွင် လူသည် စက်ပစ္စည်းတစ်ခုကဲ့သို့  ပုံသေနည်းများဖြင့် တွက်ချက်တည်ဆောက်ထားခြင်း မဟုတ်သည့်အတွက် လူ့လောကကို အကျိုးပြုနိုင်မည့် လူတစ်ဦးဖြစ်လာရန်အတွက် ရွေးချယ်ခွင့်မရှိသည့် မွေးဖွားလာခဲ့ရသည့် ပတ်ဝန်းကျင်ပေါ်တွင် မူတည်ခြင်းရှိ မနေဘဲ မွေးဖွားပြီးနောက်ပိုင်းတွင် ကြုံတွေ့လာရမည့်အဖြစ်အပျက် ဘဝဖြစ်စဉ်များမှ သင်ကြားပေးမှု များအပေါ်တွင် လေ့လာသင်ယူနိုင် စွမ်း၊ ခံယူချက်ထားနိုင်စွမ်းများပေါ်တွင် မူတည်နေသည်ဟု ဆိုလိုနိုင်မည်လည်း ဖြစ်သည်။

ထို့ကြောင့် လူတစ်ယောက် အတွက်သူ၏ဘဝ သက်တမ်းစတင်ရာ ကလေးဘဝအရွယ် ကာလများသည် သူ၏လူ့ဘဝသက်တမ်းတစ်လျှောက် ဖြတ်သန်းရမည့်အချိန်များ၌ သူ့အားကောင်းမွန်သည့် လူ တစ်ဦးဖြစ်လာစေရန်အတွက် အဓိကကျလာခဲ့ခြင်းလည်း ဖြစ်ပေသည်။

ကလေးများသည် အနာဂတ် ကောင်းတစ်ခုကို ဖန်တီးနိုင်စွမ်းရှိ သကဲ့သို့ ဆန့်ကျင်ဘက် အရာတစ်ခုကိုလည်း ဖန်တီးနိုင်စွမ်းရှိနေကြသူ များ ဖြစ်သည်။ ကလေးငယ်များ ကြီးပြင်းလာသည့်အခါ ခမ်းနားလှသည့် အနာဂတ်ကောင်းတစ်ခုကို ဖန်တီးနိုင်စွမ်းရှိသူများဖြစ်လာရန်အတွက် သူတို့ငယ်ရွယ်စဉ်က သင်ယူလေ့လာခဲ့ရမှုများပေါ်တွင် များ စွာသက်ရောက်နေ၏။ ထို့ကြောင့်ပင် ကြီးမားခမ်းနားသည့် အိပ်မက် များကို အကောင်အထည်ဖော်မည့် သူများဖြစ်လာရန်အတွက် ကလေးအရွယ်မှစ၍ အသိပညာဗဟုသုတများ သိရှိနိုင်အောင် ဖန်တီးပေးရန် လိုအပ်လှသည်။ သို့မှသာလျှင် နောင်တစ်ချိန်တွင် အရွယ်ရောက်လာမည့် ကလေးငယ်များသည် သူတို့၏ပတ်ဝန်းကျင်၊ သူတို့၏နိုင်ငံ၊ သူတို့၏ ကမ္ဘာကြီးအတွက် တောက်ပ လှပသည့်အရာများကို ဖန်တီးပေးနိုင်မည့် သူများဖြစ်လာမည်လည်း ဖြစ်တော့သည်။