ဗြိတိန်အတွက် ဥရောပသမဂ္ဂနှင့် အဆက်ဖြတ်ရေးတွင် အဓိကကျလာသည့် ထရန့်

ဗြိတိန်အတွက် ဥရောပသမဂ္ဂနှင့် အဆက်ဖြတ်ရေးတွင် အဓိကကျလာသည့် ထရန့်
ဒီဇင်ဘာ ၁၄ ရက်က လန်ဒန်မြို့လယ်တွင် Brexit ကို ထောက်ခံသည့် Leave Means Leave အဖွဲ့က ကြီးမှူးသော လူထုတွေ့ဆုံပွဲကြီးကို တွေ့ရစဉ် (Photo – AFP)
ဒီဇင်ဘာ ၁၄ ရက်က လန်ဒန်မြို့လယ်တွင် Brexit ကို ထောက်ခံသည့် Leave Means Leave အဖွဲ့က ကြီးမှူးသော လူထုတွေ့ဆုံပွဲကြီးကို တွေ့ရစဉ် (Photo – AFP)
Published 16 December 2018

ဗြိတိန်၏ ဥရောပသမဂ္ဂမှ နုတ်ထွက်မှုသည် ဒယိမ်းဒယိုင်ဖြင့် ရှေ့ဆက်လျက်ရှိနေစဉ်မှာပင် အပြည့်အဝဖြတ်တောက်ရန် တွန်းအားပေးနေသည့် သဘောထားတင်းမာသူများက ပြည်ပနိုင်ငံတစ်ခု၏ မြို့တော်တွင် အထောက်အပံ့ ရှာဖွေလျက်ရှိသည်။ ယင်းမှာ ၀ါရှင်တန်ဖြစ်သည်။

ပြည်တွင်း၌သာ အာဏာရှိသည့် ဝန်ကြီးချုပ် ထရီဆာမေသည် သူ၏လက်ထက်တွင် Brexit ကိစ္စနှင့်ပတ်သက်၍ ရုန်းကန်နေရပြီး သူ၏ ဘရပ်ဆဲလ်သို့ နောက်ဆုံးမစ်ရှင်၌ အေးစက်စက် ဆက်ဆံခံရမှုကို ကြုံတွေ့ခဲ့ရသည်။

ထရီဆာမေသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှလည်း နောက်ထပ်ထောက်ပံ့မှုများ ရှာဖွေရန် အခွင့်အလမ်း နည်းပါးနေသည်။ ထရန့်သည် ထရီဆာမေ၏ Brexit ကိစ္စ ကိုင်တွယ်မှုနှင့်ပတ်သက်၍ အပြတ်ဖြတ်ရန် အားပေးခြင်းထက် ပွင့်ပွင့်လင်းလင်းမေးခွန်းထုတ်ခဲ့သူသာ ဖြစ်သည်။

ယခုလက်ရှိ သဘောတူညီချက်က ဥရောပသမဂ္ဂ အကောက်ခွန်ယူနီယံ၌ ဗြိတန်၏ အနေအထားကို မရေမရာဖြစ်သွားစေနိုင်မှုကို လက်ယာယိမ်း ဝေဖန်သူများက စိုးရိမ်လျက်ရှိသည်။ သူတို့က အိုင်ယာလန်နှင့် မြောက်အိုင်ယာလန်အကြား နယ်စပ်ပြန်လည်ထိန်းသိမ်းမှုကို ကာကွယ်ရေးနှင့်ပတ်သက်၍ စိုးရိမ်နေခြင်း ဖြစ်သည်။

ထရီဆာမေက သူ၏ Brexit သဘောတူညီချက်အစီအစဉ်ကို ကြေညာခဲ့ပြီးနောက် မကြာမီ ယင်းသည် ဥရောပသမဂ္ဂအတွက် အကြီးအကျယ်အကျိုးရှိစေသည့် အစီအစဉ်သာဖြစ်သည်ဟု ထရန့်က သတင်းထောက်များအား ပြောကြားလျက် ပယ်ချခဲ့သည်။

ထရန့်က သဘောတူညီချက်သည် အမေရိကန်နှင့် ဗြိတိန်အကြား ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ဆီသို့ ပြန်လည်ရောက်သွားစေနိုင်သည်ဟု ထောက်ပြခဲ့သည်။ နှစ်နိုင်ငံစလုံးရှိ ကွန်ဆာဗေးတစ်များက ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမှ နုတ်ထွက်ပါက ယင်းကို မက်လုံးတစ်ရပ်ဖြစ်သည်ဟု ယူဆထားခဲ့ကြသည်။

“ဒါဟာ သဘောတူညီချက်အတွက် အရမ်းကို ကြီးမားတဲ့ အနုတ်လက္ခဏာသဘော ဆောင်မှုဖြစ်လာပါလိမ့်မယ်” ဟု ထရန့်က ဆိုသည်။

 

လူတန်းကြီး၏ နောက်မှာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည်လည်း ရက်စ်တေလာဆင်ထံမှ ရာထူးကို လွှဲပြောင်းရယူပြီးကတည်းက Brexit ကို ပွေ့ဖက်ခဲ့ရသည်။

မကြာသေးမီက Fox News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပွန်ပီယိုက စေ့စပ်ညှိနှိုင်းထားသည့် သဘောတူညီချက်မပါဘဲ သဘောထားတင်းမာသည့် Brexit တစ်ရပ်၏ ဇာတ်ညွှန်းဖြစ်လာဖွယ် အကြီးအကျယ် ဖြစ်ပေါ်နေသည့်အကြား အမွှန်းတင်ထားသည့် အမေရိကန်-ဗြိတိန် အထူးဆက်ဆံရေးကို ဖော်ဆောင်ရန် ကတိပေးခဲ့သည်။

Brexit အတွက် ထရန့်၏ စိတ်အား ထက်သန်မှုသည် သူ၏ရှေ့မှ သမ္မတဖြစ်သူ ဘာရက်အိုဘားမား၏ အမြင်များနှင့် များစွာဆန့်ကျင်လျက်ရှိသည်။ အိုဘားမားက ဗြိတိန်သည် ဥရောပသမဂ္ဂမှနေ၍ နုတ်ထွက်ခဲ့ပါက  အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်တွင် လူတန်းကြီး၏နောက်သို့ ရောက်ရှိသွားလိမ့်မည်ဟု သတိပေးခဲ့ဖူးသည်။

နှစ်နိုင်ငံစလုံး၌ ချမှတ်ထားသည့် နိုင်ငံခြားရေးမူဝါဒများနှင့်ပတ်သက်၍ များစွာစဉ်းစားထားခြင်းနှင့်အညီ အိုဘားမားက ရှေ့ကို လှမ်းမျှော်ထားသော ဥရောပသမဂ္ဂအတွင်း ဗြိတိန် ပါဝင်နေခြင်းကသာ စီးပွားရေးအရရော နိုင်ငံရေးအရပါ နှစ်ဖက်စလုံးအတွက် ပို၍ကောင်းလိမ့်မည်ဟု ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ၏ ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ၂၀၁၆ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲက  ထရန့်အတွက်လည်း သူ၏ ရွေးကောက်ပွဲအပေါ် ကြိုတင်အရိပ်မိုးမှုဖြစ်ခဲ့သည်။ ကျွမ်းကျင်သူအနည်းငယ်ကသာ အဓိကမြို့ကြီးများပြင်ပမှ ထောက်ခံမှုကို အကြီးအကျယ် ရရှိမည်ဟု ခန့်မှန်းခဲ့သည်။

 

ဥရောပနှင့် ပို၍လျော့ရဲသော ဆက်ဆံရေး

ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၏ ကူညီခဲ့သူတစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ အမေရိကန်ကွန်ဆာဗေးတစ် အကြံပေးအဖွဲ့ဖြစ်သော Heritage Foundation တွင် ပါဝင်နေသူ နိုင်းဂါဒီနာက Brexit သည် ထရန့်အတွက် သဘာဝအတိုင်းရှိသည့် တွေးခေါ်မြော်မြင်မှုနှင့် လျော်ညီသည်ဟုဆိုသည်။  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နိုင်ငံများစွာ ပါဝင်သော အင်စတီကျူးရှင်းများ၏ သံသယဖြစ်မှုကိုခံရသည့်  ‘အမေရိကပထမ’ မူဝါဒ၏ ချန်ပီယံဖြစ်သည်။

ဘုံဆန်သည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒမှနေ၍ ဗြိတိန်ကို ဆွဲထုတ်လိုက် ခြင်းအားဖြင့် Brexit သည် ထရန့်အတွက် လက်တွေ့အကျိုးကျေးဇူးလည်းရှိသည်ဟု ဂါဒီနာက ဆိုသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း ဗြိတိန်ဟာ ဥရောပသမဂ္ဂကို အကြီးအကျယ် အဓိကထားခဲ့ပါတယ်။ ကျွန်တော်ကတော့ အမေရိကန်ပြည်ထောင်စုနဲ့ အများကြီးပိုလို့ မဟာမိတ်အဖြစ် နီးကပ်စေတဲ့ ဗြိတိန်ရဲ့ နိုင်ငံခြားရေးမူဝါဒကိုပဲ မျှော်မှန်းထားပါတယ်” ဟု ဂါဒီနာက ဆိုသည်။

ဥပမာအနေဖြင့် သဘောထားတင်းမာသည့် Brexit ကို ထောက်ခံမည့် ထရီဆာမေကို ဆက်ခံသူတစ်ဦးသည် အီရန်နှင့် နျူကလီးယားဖျက်သိမ်းရေး သဘောတူညီချက်ကို အကျိုးဆောင်မှု၌ ဥရောပသမဂ္ဂနှင့်အတူ လမ်းခင်းပေးနိုင်သည်ဟု ဂါဒီနာက ပြောကြားခဲ့သည်။

အိုဘားမားက စေ့စပ်ညှိနှိုင်းခဲ့သည့် ဘက်ပေါင်းစုံပါဝင်သော သဘောတူညီချက်မှ နုတ်ထွက်ကာ အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခဲ့ပြီးနောက် ထရန့်သည် အနောက်တိုင်းခေါင်းဆောင်များအကြား ထောက်ခံမှုရရှိခဲ့ခြင်း မရှိတော့ပေ။

Brexit အလွန် ဗြိတိန်သည် နေတိုးမှ သီးခြားခွဲထားသည့် ဥရောပဘုံကာကွယ်ရေး စနစ်မှနေ၍လည်း လမ်းခွဲရမည်ဟု ဂါဒီနာက ဆိုသည်။ ယင်းစနစ်ကို ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်က အဆိုပြုပြီး ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာမာကယ်က ထောက်ခံထားသည်။

အလွန်အနှောင့်အယှက်ဖြစ်စေသော

ဗြိတိန်သည် ဥရောပသမဂ္ဂ၏ အစိတ်အပိုင်းအဖြစ်သာ အမေရိကန်ပြည်ထောင်စု၏ အဓိကနိုင်ငံတကာမဟာမိတ်အဖြစ် ရှိခဲ့သော်လည်း ဥရောပက အကြီးအကျယ်ကန့်ကွက်သည့် အီရတ်ကျူးကျော်စစ်ပွဲကို အငြင်းပွားဖွယ်ရာ ပါဝင်ခဲ့ဖူးသည်။

လက်ဝဲယိမ်းအဖွဲ့ဖြစ်သော Center for American Progress ၏ ဒုတိယဥက္ကဋ္ဌ ကီလီမက်ဆာမန်က ထရန့်၏ Brexit အပေါ် သက်ရောက်မှုကို “အလွန်အနှောင့်အယှက် ဖြစ်စေသော” ဟု ခေါ်ဆိုခဲ့သည်။ သူက ယင်းကဲ့သို့သော အနီးကပ်မဟာမိတ်နိုင်ငံ တစ်နိုင်ငံအပေါ် အမေရိကန်၏ မူဝါဒသည် အခြေခံကျသင့်ကြောင်းနှင့် ထိခိုက်စေမှုမျိုး မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။

“ဒီအချက်နဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့ ရည်ရွယ်ချက်မှာ Brexit ကနေ ကျွန်မတို့ရော ကျွန်မတို့ရဲ့ မဟာမိတ်တွေပါ ဘယ်လိုစီးပွားရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေမှ ဖြစ်မလာနိုင်ရေး ပါဝင်သင့်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ဟာ ထရီဆာမေ အတွက်ရော အင်ဂျလာမာကယ်အတွက်ပါ ပိုပြီးဆိုးရွားတာတွေ ဖြစ်မလာစေသင့်ပါဘူး” ဟု မက်ဆာမန်က ပြောကြားခဲ့သည်။

သူက Brexit ပြီးနောက် ဗြိတိန်၏ ပင်မနိုင်ငံတကာမူဝါဒများ ပြောင်းလဲသွားမည်ကို သံသယရှိကြောင်းနှင့် သို့သော် အသစ်ဖြစ်ပေါ်လာမည့် ဗြိတိန်နိုင်ငံသည် တက်ကြွထိရောက်မှု နည်းပါးသွားနိုင်သည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

“ဗြိတိန်ဟာ Brexit ရဲ့ ရိုက်ခတ်ချက် ကို သိပ်ကိုအတွင်းကျကျ စီမံလာမှာမို့ အချိန်အတိုင်းအတာတစ်ခုအတွင်း နိုင်ငံတကာ ဇာတ်ခုံမှာ အဓိကမိတ်ဖက်တစ်ဦးကို ကျွန်မတို့ ဆုံးရှုံးသွားနိုင်ပါတယ်” ဟု မက်ဆာမန်က ပြောကြားခဲ့သည်။

ဘော်စတွန်မြို့ အီမာဆင်ကောလိပ်သည် မကြာသေးမီက Brexit ပြီးနောက် ဗြိတိန်သို့မဟုတ် ဥရောပသမဂ္ဂ မည်သူက ပို၍အရေးကြီးသောမိတ်ဖက် ဖြစ်လာနိုင်ကြောင်း စစ်တမ်းကောက်ယူခဲ့ရာ အမေရိကန်ပြည်သူများ၌ ခိုင်မာသည့် သဘောထားမရှိကြောင်း တွေ့ရှိခဲ့ရသည်။

သို့သော် စစ်တမ်းရယူခဲ့သူများ၏ ရာခိုင်နှုန်း ၉၀ ကျော်က ၎င်းတို့သည် ဗြိတိန်နှင့်  ဆက်ဆံရေးကောင်းမွန်မှုကို တန်ဖိုးထားကြောင်း ဖြေကြားခဲ့ကြပြီး ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်နှင့်ပတ်သက်၍ အများစုက အကြီးအကျယ်ထောက်ခံခဲ့ကြောင်း သိရသည်။