မိမိကိုယ်ကိုယ် ထိန်းချုပ်မှု

မိမိကိုယ်ကိုယ် ထိန်းချုပ်မှု
Published 15 December 2018

ဂျွန်ရောဘတ်ဝုဒန်းသည် (၁၉၁၀-၂၀၁၀) လွန်စွာအောင်မြင်ကျော်ကြားခဲ့သည့် အမေရိကန် ဘတ်စကက်ဘောကစားသမားနှင့် နည်းပြဖြစ်သည်။ သူ၏ အောင်မြင်ရေး ပိရမစ် ဒုတိယအဆင့်တွင် ဘလောက်လေးခုရှိသည်။ ယင်းတို့မှာ မိမိကိုယ်ကိုယ်ထိန်းချုပ်မှု၊ နိုးကြားမှု၊ ပင်ကိုအရည်အချင်းနှင့် အာရုံစူးစိုက်မှုတို့ဖြစ်သည်။ ဝုဒန်းက မိမိကိုယ်ကိုယ် ထိန်းချုပ်မှုအား မိမိဘာသာ စည်းကမ်းသတ်မှတ်ခြင်းကို ကျင့်သုံးမှုနှင့် စိတ်ခံစားချက်များကို ထိန်းချုပ်မှုအောက်၌ ထားနိုင်မှုဟု အဓိပ္ပာယ်ဖွင့်သည်။ သူက ဆုံးဖြတ်ချက် ကောင်းစွာချမှတ်နိုင်မှုနှင့် ဆင်ခြင်တုံတရားတို့သည် မရှိမဖြစ် အရေးကြီးသည်ဟု ဆိုသည်။ သူက မိမိကိုယ် ကိုယ် ထိန်းချုပ်နိုင်မှုသည် ခေါင်းဆောင်မှုကို ပိုမိုထိရောက်စေသည်ဟုလည်း ဆိုသည်။ ဝုဒန်းက “ရုပ်ပိုင်းဆိုင်ရာအပြုအမူဖြစ်စေ စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်စေ ကျွန်တော်တို့ ဘာပဲလုပ်လုပ် လိုချင်တဲ့ရလဒ်ထွက်နိုင်အောင် ထိန်းချုပ်နိုင်ရမယ်။ စိတ်ခံစားချက်တွေပေါ်လာရင် ဆင်ခြင်တုံတရားဟာ ပြတင်းပေါက်ကနေ ခုန်ထွက်သွားပြီး အပြုအမူ ဒါမှမဟုတ် ဆုံးဖြတ်ချက်ဟာ ကောင်းသင့်သလောက် မကောင်းနိုင်တော့ဘူး” ဟု ဆိုသည်။

ဝုဒန်း၏ အဆိုများသည် ဘတ်စကက်ဘောကွင်းထဲနှင့် လုပ်ငန်းခွင်၌သာမက အိမ်တွင်း၌ပါ မှန်ကန်သည်။ “ခင်ဗျားတို့ရဲ့ ကလေးတွေကို စည်းကမ်းချပေးရင်တောင်မှ ဆင်ခြင်တုံတရားနဲ့အညီ ထိရောက်အောင်လုပ်ရမယ်။ ကလေးတွေကို စည်းကမ်းချပေးရာမှာ ဆင်ခြင်တုံတရား ပျောက်ဆုံးနေရင် အဲဒီစည်းကမ်းက ထိရောက်မှာ မဟုတ်ဘူး။ ရန်လုပ်တာမျိုး မလုပ်ရဘူး။ အပြုသဘောဆောင်တဲ့ သြဇာလွှမ်းမိုးမှုမျိုးပဲ ဖြစ်သင့်တယ်။ ကလေးတွေကို စိတ်ခံစားချက်တွေနဲ့ စည်းကမ်းချပေးရင် အဲဒါ ရန်လုပ်တာပဲ။ စည်းကမ်းဆိုတာ အပြစ်ပေးတာ မဟုတ်ဘူး၊ ပြုပြင်ပေးတာ၊ တိုးတက်စေတာ၊ ကာကွယ်ပေးတာ၊ ကူညီပေးတာဖြစ်တယ်။ ဒါကြောင့် ဘယ်နေရာမှာမဆို အလုပ်ဖြစ်ချင်ရင် မိမိကိုယ်ကိုယ်ထိန်းချုပ်မှု တစ်ချိန်လုံးရှိရမယ်။ မိမိကိုယ်ကိုယ်ထိန်းချုပ်မှုဆိုတာ မိမိကိုယ်ကိုယ် စည်းကမ်းချထားတာပါပဲ” ဟု ဝုဒန်းက အခိုင်အမာ ပြောကြားခဲ့သည်။

နည်းပြအဖြစ်ဖြင့် ဝုဒန်းသည် လေ့ကျင့်ရာ၌ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်း၊ ပြုမူခြင်းကို ခွင့်မပြုပေ။ ယင်းကဲ့သို့ပြုလုပ်ခြင်းသည် မိမိကိုယ်ကိုယ်ထိန်းချုပ်မှု နည်းပါးသည်ဟု သူက ယုံကြည်သောကြောင့်ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏စိတ်ကို မထိန်းချုပ်နိုင်ပါက မိမိ၏ ခန္ဓာကိုယ်ကိုလည်း ထိန်းချုပ်နိုင်လိမ့်မည်ဟု ဝုဒန်းက မယုံကြည်ပေ။ လူတစ်ဦးသည် မိမိ၏စိတ်ကို မထိန်းချုပ်နိုင်ကြောင်း ၎င်း၏ ပြောဆိုမှုများအားဖြင့် ရောင်ပြန် ဟပ်ပြတတ်သည်ဟု ဆိုသည်။ နည်းပြသည် မိမိကိုယ်ကိုယ်ထိန်းချုပ်ရန်အတွက် မိမိတို့၏ စိတ်ခံစားမှုများကို တစ်ချိန်လုံးထိန်းချုပ်မှုအောက်၌ထားနိုင်ရန် လိုအပ်ကြောင်း အလေး အနက်ပြောကြားခဲ့သည်။ သူက ဆုံးဖြတ်ချက်များသည် ဆင်ခြင်တုံတရားအပေါ်၌သာ အခြေခံရမည်ဖြစ်ပြီး အကြောက်တရားအပေါ် အခြေမခံရဟု ဆိုသည်။ အကြောက်တရားသည် စိတ်ခံစားမှုတစ်ရပ်ဖြစ်သောကြောင့် ဆင်ခြင်တုံတရားနှင့် လျော်ညီခြင်းမရှိနိုင်ဟု ဆိုသည်။ မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်မှု ချို့တဲ့ပါက ဆုံးဖြတ်ချက်များ၊ အသိတရားများနှင့် ယုံကြည်မှုများမှာ စိတ်ချရခြင်းမရှိတော့ဟု ဆိုသည်။

အခြားသူများက ရန်လုပ်သောပုံစံမျိုးဖြင့် ဆက်ဆံလာသောအခါမျိုးတွင်လည်း မိမိအနေဖြင့် မိမိကိုယ်ကိုယ် ထိန်းချုပ်မှုရှိရန် လိုအပ်သည်။ အခြားသူက မိမိအား ဒေါသထွက်အောင် လုပ်မှုကို ခွင့်ပြုလိုက်မည်ဆိုပါက မိမိသည် မိမိကိုယ်ကိုယ်ထိန်းချုပ်မှုအောက်၌ မရှိတော့ဘဲ စိတ်ခံစားမှုများ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ အခြားသူတစ်ဦးက မိမိအား ပြောဆိုနေသည့်ပုံကို မကြိုက်ပါက သူပြောဆိုနေသည့် အချက်အလက်များအပေါ်၌သာ အာရုံစိုက်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ ထိုလူသည် မိမိအား ပြောဆိုနေသည့်ပုံထက် ထိုသူ မိမိအား အဘယ့်ကြောင့် ဆက်သွယ်ပြောဆိုနေသနည်း ဟူသည့်အချက်ကို အာရုံပြုပါ။ ဤနည်းအားဖြင့် သူဆက်သွယ်ပြောဆိုနေသည့် အချက်အလက်များကို မှတ်သားနိုင်မည်ဖြစ်ပြီး မိမိ၏ စိတ်ခံစားချက်အပေါ် အခြားသူက လာ ရောက်သက်ရောက်နိုင်ခြင်း ရှိတော့မည်မဟုတ်ပါ။

မည်သို့ပင်ဆိုစေကာမူ အောင်မြင်သည့် လူတစ်ဦးဖြစ်လာရန်အတွက် မိမိကိုယ်ကိုယ် ထိန်းချုပ်မှုက လွန်စွာ အရေးကြီးသည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)