နိုင်ငံရေးဟူသည် ဂရိစကား politika (အဓိပ္ပာယ်မှာ “မြို့များ၏ အရေး” ) မှ ဆင်းသက်လာသည်။ အဖွဲ့အစည်းများအတွင်း ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်း သို့မဟုတ် ရင်းမြစ်အင်အား သို့မဟုတ် ရာထူးအဆင့် ခွဲဝေခြင်းကဲ့သို့ တစ်ဦးတစ်ယောက်ချင်းစီကြား အာဏာ ဆက်နွှယ်ပုံများနှင့်ပတ်သက်သည့် လုပ်ဆောင်မှုများ ဖြစ်သည်။ နိုင်ငံရေးနှင့် အစိုးရတို့ကို လေ့လာသည့် လူမှုသိပ္ပံဘာသာခွဲတစ်ခုကို နိုင်ငံရေးသိပ္ပံဟု ရည်ညွှန်းသည် ။ လူမှုဗေဒဟူသည် လူမှုရေးအမူအကျင့်များ သို့မဟုတ် လူ့အဖွဲ့အစည်းအား လေ့လာသည့်ပညာရပ် ဖြစ်သည်။ ကိုယ်တွေ့မျက်မြင်ကို အခြေခံသော ဆန်းစစ်နည်းနှင့် ဆင်ခြင်တုံနှင့် ဝေဖန်ဆန်းစစ် နည်းအမျိုးမျိုးကိုအသုံးပြုပြီး လူ့အဖွဲ့အစည်း၏ အစီအစဉ်တကျဖြစ်မှု၊ ကစဥ့်ကလျားဖြစ်မှုနှင့် ပြောင်းလဲမှု အစရှိသည်တို့ကို အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်သည်။ လူမှုဗေဒဆိုင်ရာအကြောင်းအရာများသည် အသေးစားအဆင့် တစ်ဦးချင်းစီ၏ လွတ်လွတ်လပ်လပ် ရပ်တည်လုပ်ဆောင်ရွေးချယ်မှုများမှ စ၍ အကြီးစားအဆင့် စနစ်နှင့် လူမှုအဆောက်အအုံအချင်းချင်း အပြန်အလှန် ယှက်နွှယ်နေမှုများအထိ ပါဝင်သည်။
လူတစ်ဦးနှင့်ပတ်သက်သော နိုင်ငံရေးလုပ်ဆောင်ချက်များသည် နိုင်ငံရေးသိပ္ပံဖြစ်သည်။ နိုင်ငံရေးသိပ္ပံက နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအောက်၌ စုစည်းထားသော လူမှုရေးဆိုင်ရာအုပ်စုများကို လေ့လာသည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ လူသား နှစ်ရပ်စလုံး၏အကြောင်းကို လေ့လာသည်။ နိုင်ငံရေးသိပ္ပံ၏ နယ်ပယ်၌ နိုင်ငံတော်နှင့် အစိုးရ နှစ်ရပ်စလုံး အကျုံးဝင်သည်။ နိုင်ငံရေးသိပ္ပံတွင် နိုင်ငံ၏ ဇာစ်မြစ်၊ ဆင့်ကဲဖြစ်စဉ်နှင့် လုပ်ငန်းဆောင်တာများ၊ အစိုးရပုံစံများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အမျိုးအစားများ၊ အုပ် ချုပ်ပုံများ၊ ဥပဒေများ၊ ဥပဒေပြုမှုများ၊ နိုင်ငံတကာဆက်ဆံရေးများ၊ နိုင်ငံရေးဆိုင်ရာကိုယ် စားပြုမှုနည်းလမ်းများ၊ ရွေးကောက်ပွဲများ၊ မဲပေးပုံများ၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ နိုင်ငံရေး အိုင်ဒီယိုလိုဂျီများ အစရှိသဖြင့် ကိုယ်ပိုင်ခေါင်းစဉ်အကြောင်းအရာများ ရှိသည်။ နိုင်ငံရေး သိပ္ပံသည် နိုင်ငံတစ်ခုဖြစ်တည်လာပုံကို သမိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်၊ မည်ကဲ့သို့သော နိုင်ငံဖြစ်သည်ကို သုံးသပ်လေ့လာချက်တစ်ရပ်နှင့် နိုင်ငံတစ်နိုင်ငံ မည်ကဲ့သို့ဖြစ်သင့်သည်ကို နိုင်ငံရေးကျင့်ဝတ်ဆိုင်ရာအရ ဆွေးနွေးမှုတစ်ရပ်ဖြစ်သည်။ သမိုင်းအရ လူမှုဗေဒသည် နိုင်ငံရေးနှင့် သမိုင်းနှင့်ပတ်သက်သော ဒဿနိကဗေဒ၌ ပင်မအားဖြင့် အခြေတည်ထားခြင်း ဖြစ်သည်။ အမှန်တကယ်၌ ပလေတို၏ Republic နှင့် အရစ္စတိုတယ် ၏ Politics ကဲ့သို့သော ကျမ်းများကို နိုင်ငံရေးသိပ္ပံဟု ခေါ်ဆိုသော်လည်း လူမှုရေး အကြောင်းအရာများကို အခြေပြုထားခြင်း ဖြစ်သည်။
နိုင်ငံရေးသိပ္ပံနှင့် လူမှုဗေဒတို့သည် အနီးကပ်ဆက်နွှယ်လျက်ရှိသည်။ “နိုင်ငံရေးဟူ သည် လူမှုရေးအပေါ်၌ အခြေပြုထားခြင်း ဖြစ်သည်။ နိုင်ငံရေးသိပ္ပံကို လူမှုဗေဒမှ ခွဲခြားမှုသည် အထူးကျွမ်းကျင်သူများ၏ လေ့လာရေးနယ်ပယ်သာ ဖြစ်သည်။ အမှန်တကယ်၌ နိုင်ငံရေးသိပ္ပံနှင့် လူမှုဗေဒတို့အကြား ကွဲပြားစွာသတ်မှတ်နိုင်သည့် နယ်နိမိတ်များ မရှိ” ဟု အဆိုရှိသည်။ ယင်းဘာသာရပ်နှစ်ခုတို့သည် အပြန်အလှန် အထောက်အကူပြုလျက်ရှိသည်။ အမှန်တကယ်၌ နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက်များသည် လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသိပ္ပံဟူသည် လူမှုဗေဒ၏ ဘာသာခွဲတစ်ခုဖြစ်သင့်သည်။ နိုင်ငံရေးသိပ္ပံကို နိုင်ငံရေးဆိုင်ရာ လူမှုဗေဒဟု ခေါ်ဆိုသင့်သည်။
နိုင်ငံရေးလုပ်ဆောင်ချက်များသည် လူသားတို့၏ လူမှုဘဝအပေါ် သြဇာသက်ရောက်မှုရှိသကဲ့သို့ လူသားတို့၏ လူမှုဘဝကလည်း နိုင်ငံရေးလုပ်ဆောင်ချက်များအပေါ် သြဇာ သက်ရောက်မှုရှိသည်။ အမှန်တကယ်၌ နိုင်ငံရေးလုပ်ဆောင်ချက်များဟူသည် လူမှုရေးဆိုင်ရာ အကြောင်းအရာများ၏ အပြင်ဘက်၌ မည်သည့်အဓိပ္ပာယ်မျှရှိမည် မဟုတ်ပါ။ နိုင်ငံရေးဟူသည် လူ့အဖွဲ့အစည်းကို ထင်ဟပ်ပြထားမှုသာ ဖြစ်လိမ့်မည်။ ယင်းအချက်ကို ရှင်းလင်းစေသည်မှာ အများပြောဆိုလေ့ရှိကြသော “ လူတို့သည် ၎င်းတို့နှင့် ထိုက်တန်သော အစိုးရကိုသာရကြသည်” ဟူသည့်စကားဖြစ်သည်။ နိုင်ငံရေးသိပ္ပံသည် နိုင်ငံတော်နှင့် အစိုးရတို့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာများအကြောင်းအချက်အလက်များကို လူမှုဗေဒအားပေးသည်။ နိုင်ငံရေးဆိုင်ရာ အာဏာပိုင်များ၏ ဇာစ်မြစ်ကိုသိရှိသည့် လူမှုဗေဒ မှနေ၍ နိုင်ငံရေးသိပ္ပံ ဆင်းသက်လာသည်။ နိုင်ငံရေးသိပ္ပံသည် နိုင်ငံတော်နှင့် သက်ဆိုင်သည်။ သို့သော် လူမှုဗေဒသည် လူသားဆိုင်ရာအဖွဲ့အစည်းတစ်ရပ်အဖြစ် နိုင်ငံတော်ဟူသည်ကို လေ့လာသည်။ သမိုင်း၏ အစောပိုင်းကာလများ၌ နိုင်ငံတော်ဟူသည့် ပုံစံသည် နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းတစ်ခုထက် လူမှုရေးဆိုင်ရာ အင်စတီကျူးရှင်းတစ်ခု နှင့်သာ ပို၍တူသည်။ ထို့ပြင် နိုင်ငံတော်၏ ဥပဒေများသည် လူ့အဖွဲ့အစည်းအပေါ် ကြီးမားသော သြဇာသက်ရောက်မှုရှိသည်။ ယင်းဥပဒေများသည် အစဉ်အလာများ၊ ဓလေ့ထုံး တမ်းများ၊ သဘောတူညီမှုများနှင့် ခေတ်များအပေါ် အကြီးအကျယ် အခြေခံထားသည်။ ယင်းတို့အားလုံးသည် လူမှုဗေဒများဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးဟူသည် လူမှုရေးနှင့် သီးခြားကင်းကွာနေသော အကြောင်းအရာ မဟုတ်သကဲ့သို့ နိုင်ငံရေးသိပ္ပံသည်လည်း လူမှုဗေဒဟူသည့် ဘာသာရပ်အတွင်းမှ ဘာသာ ခွဲတစ်ရပ်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ မေ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်