နိုင်ငံရေးပြဿနာဖြစ်လာနေသော ဆင်းရဲမွဲတေမှု

နိုင်ငံရေးပြဿနာဖြစ်လာနေသော ဆင်းရဲမွဲတေမှု
Published 14 December 2018

လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲချမ်းသာ မညီမျှမှုကြီးထွားလာခြင်းသည် အဓိကအကြောင်းအရာတစ်ရပ် ဖြစ်၍လာနေသည်။ ဝင်ငွေခွဲဝေပုံ မျှတမှုမရှိခြင်းကြောင့် ဖြစ်ပေါ်သော လူမှုရေးမတည်ငြိမ်မှုသည် ကိုင်တွယ်ရအလွန်ခက်ခဲနိုင်သော ပြင်းထန်သည့် နိုင်ငံရေးပြဿနာတစ်ရပ် ဖြစ်လာ၏။ အခက်အခဲ၏ အဓိကအချက်မှာ သင့်တော်သည့် အချိန်ပမာဏတစ်ရပ်အတွင်း ဆင်းရဲသူများကို ကူညီရန် နည်းလမ်းတစ်ရပ်ရှာဖွေရေးက မဖြစ်နိုင်မှုပင်ဖြစ်သည်။ ယခင်က ဝင်ငွေခွဲဝေပုံ မျှတမှုမရှိခြင်းကို ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် အလုပ်သမားလူတန်းစား တစ်ရပ်ရပ်၏ အကျိုးစီးပွားများအပေါ် မူတည်လျက်  အပြောင်းအလဲတစ်ရပ်ဖြစ်သည့်အခါတိုင်း စီးပွားရေးကြီးထွားမှုကို ရပ်တန့်သွားစေနိုင်သည့် ဖြစ်စဉ်ဆိုင်ရာ ပြဿနာတစ်ရပ်ဟုသာ ရှုမြင်ထားခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍  ယုတ္တိဗေဒမှာ ရိုးစင်းလှသည်။ အကျိုးအမြတ်ထိုးကျသွားခြင်း သို့မဟုတ် စုစုပေါင်း ဝယ်လိုအား လွန်စွာကျဆင်းသွားခြင်းသည် အကျိုးအမြတ်ဆုံးရှုံးမှုနှင့်အတူ ရင်းနှီးမြှုပ်နှံမှု အသစ်များကို အားပေးလိမ့်မည်မဟုတ်ဘဲ စီးပွားရေးလုပ်ဆောင်မှုကို ရပ်တန့်သွားစေလိမ့်မည် ဖြစ်သည်။

လွန်ခဲ့သည့် ရာစုနှစ်အတွင်း အစိုးရအဖွဲ့များ (အထူးသဖြင့် အနောက်တိုင်းနိုင်ငံများ) သည် ဝင်ငွေခွဲဝေပုံ မျှတမှုမရှိခြင်းကို လူမှုရေးပြဿနာတစ်ရပ်အဖြစ် စတင်ချဉ်းကပ်၍ လာသည်။ ပုံမှန်အတိုင်းဆိုလျှင် ဆင်းရဲမွဲတေမှုသည် အခြားနိုင်ငံရေးပြဿနာအချို့ကိုလည်း ဖန်တီးနိုင်ကြောင်း လက်ခံပြီးသား ဖြစ်သည်။ သို့သော် ယင်းတို့ကို လူမှုရေးဆိုင်ရာ ပြဿနာများဟု အလေးအနက်ရှုမြင်ခဲ့ကြမှု မရှိပေ။ အစိုးရအဖွဲ့များသည် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန် ကွဲပြားခြားနားသော အိုင်ဒီယိုလိုဂျီများဖြင့် ကွဲပြားခြားနားသော မူဝါဒများကို အကောင်အထည်ဖော်ခဲ့ကြသည်။ သို့သော် ချမ်းသာသည့်နိုင်ငံအချို့၌ပင်လျှင် ဆင်းရဲသည့်မိသားစုများ ဖွဲ့စည်းပါဝင်နေသော စုစုပေါင်းလူဦးရေ၏ ရာခိုင်နှုန်းသည် သိသိသာသာ ပြောင်းလဲမှုမရှိပေ။ ဆင်းရဲသောနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အနေ အထားမှာမူ သိသိသာသာပင်ပို၍ ဆိုးရွား၍နေသည်။

ဆင်းရဲမွဲတေမှုသည် ဆိုးရွားသည့် စီးပွားရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပြဿနာဖြစ်သည့်အပြင် အရေးကြီးသည့် နိုင်ငံရေးဆိုင်ရာ ဂယက်ရိုက်မှုအချို့လည်း ရှိနေသည်။ လမ်းပေါ်ထွက်ဆန္ဒပြမှုများ ဖြစ်ပေါ်လာစေပြီး ခိုးဆိုးလုယက်မှုများ တိုးပွား၍လာစေသည်။ နိုင်ငံအချို့တွင် ချွေတာရေးလမ်းစဉ်များကို ကျင့်သုံးမှုများသည်လည်း အလားတူ မငြိမ်မသက်မှုများကို ဖြစ်စေသည်သာ ဖြစ်သည်။ ချမ်းသာကြွယ်ဝသည့် ကာလများအတွင်း ဆင်းရဲမွဲတေမှုပြဿနာကို စနစ်တကျ မကိုင်တွယ်ခဲ့သည့် သို့မဟုတ် ကိုင်တွယ်နိုင်ခြင်းမရှိသည့် အချမ်းသာဆုံးဟု ဆိုနိုင်သည့် နိုင်ငံများစွာတို့သည်လည်း အမှန်တကယ်၌ တစ်ကမ္ဘာလုံးစီးပွားရေး ကပ်ဆိုက်သည့်အခါ ပို၍ပင် အကူအညီမဲ့ဖြစ်ကြရသည်။ အကျိုးရလဒ်အားဖြင့် မမျှော်လင့်သော နိုင်ငံရေးပြဿနာများနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။

ဆင်းရဲမွဲတေမှုပြဿနာကို ဖြေရှင်းရန် ဖြတ်လမ်းနည်းမရှိပေ။ နိုင်ငံအချို့တွင် ကြုံတွေ့ခဲ့ရဖူးသည့် အတိတ်အတွေ့အကြုံများက လုပ်ခတိုးမြှင့်ပေးခြင်း သို့မဟုတ် ချမ်းသာသူများကို ပိုမိုမြင့်မားသော အခွန်များကောက်ခံခြင်းကဲ့သို့သော ရိုးရှင်းသည့် မက်ခရို စီးပွားရေးကုထုံးအချို့သည် ဝင်ငွေခွဲဝေပုံအား ချိန်ညှိရန် ထိရောက်သည့် လက်နက်မဟုတ်ကြောင်း သက်သေပြသခဲ့ပြီးဖြစ်သည်။ သို့သော် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရှုထောင့်မှ လိုအပ်ချက်တစ်ရပ်သာမက လူမှုရေး သဟဇာတဖြစ်မှုကို ထိန်းသိမ်းရန်နှင့် နိုင်ငံ၏ ဒီမိုကရေစီဖွဲ့စည်းပုံကို ထိခိုက်စေနိုင်သော  နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုများကို ကာကွယ်ရန် လိုအပ်ချက်တစ်ရပ်လည်း ဖြစ်သည်။ ဆင်းရဲသော၊ မျှော်လင့်ချက်မဲ့နေသော ပြည်သူများအတွက် ယုတ္တိရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေမည်သည့်ကတိမျိုးကိုမဆို ငတ်မွတ်၍နေမည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အရည်မရ အဖတ်မရ ကတိစကားများအစား ပြည်သူများအတွက် အမှန်တကယ် လိုအပ်နေသည်မှာ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ထိရောက်သည့် မူဝါဒများချမှတ်ကာ လက်တွေ့အကောင်အထည်ဖော်မှုပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)