ငွေကြေးဖောင်းပွမှုနှုန်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်း

ငွေကြေးဖောင်းပွမှုနှုန်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်း
Published 10 December 2018

နိုင်ငံတစ်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံ၏ ငွေကြေးနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတို့အပေါ် အဓိကသက်ရောက်မှုတစ်ရပ် ရှိနိုင်သည်။ သို့သော် ငွေကြေးဖောင်းပွမှုသည် နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးလဲလှယ်မှုနှုန်းအပေါ် သက်ရောက်သည့် အကြောင်းခြင်းရာများအနက် တစ်ခုမျှသာဖြစ်သည်။ ငွေကြေးဖောင်းပွမှုသည် နိုင်ငံ၏ ငွေကြေးတန်ဖိုးနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းအပေါ် အရေးပါသည့် ကောင်းသောသက် ရောက်မှုထက်စာလျှင် မကောင်းသောသက်ရောက်မှုသာ ပို၍ရှိနိုင်သည်။ ငွေကြေးဖောင်းပွမှုနှုန်း အလွန်နိမ့်ပါးခြင်းသည် နိုင်ငံတစ်နိုင်ငံအတွက် အသာရရှိသော ငွေကြေးလဲလှယ်မှုနှုန်းရမည်ဟု အာမမခံနိုင်သော်လည်း ငွေကြေးဖောင်းပွမှုနှုန်း အလွန်အကျွံမြင့်မားခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းအပေါ် မကောင်းသောသက်ရောက်မှု ကျရောက်နိုင်ခြေ အလွန်များသည်။

ငွေကြေးဖောင်းပွမှုသည် အတိုးနှုန်းနှင့် အနီးကပ်ဆက်နွှယ်လျက်ရှိပြီး အတိုးနှုန်းသည် ငွေကြေးလဲလှယ်မှုနှုန်းအပေါ် သြဇာသက်ရောက်နိုင်သည်။ နိုင်ငံများအနေဖြင့် အတိုးနှုန်းနှင့် ငွေကြေးဖောင်းပွမှုကို ချိန်ညှိရန် ကြိုးပမ်းကြသည်။ သို့သော် ယင်းနှစ်ခု အကြားအတွင်း ချိတ်ဆက်နွှယ်မှုသည် ရှုပ်ထွေးသောကြောင့် စီမံခန့်ခွဲရန် ခက်ခဲတတ်သည်။ အတိုးနှုန်းနိမ့်ပါးခြင်းသည် စားသုံးသူများ၏ သုံးစွဲမှုနှင့် စီးပွားရေးကြီးထွားမှုကို မြင့်တက်စေပြီး အထွေထွေသဘောအရ ငွေကြေးတန်ဖိုးအပေါ် ကောင်းသောသက် ရောက်မှုရှိသည်။ ဝယ်လိုအားက ရောင်းလိုအားထက် ကျော်လွန်သောအမှတ်အထိ စားသုံးသူတို့၏ သုံးစွဲမှုမြင့်တက်လာပါက ငွေကြေးဖောင်းပွမှုသည် အကျိုးဆက်အနေဖြင့် ထွက်ပေါ်လာနိုင်သော်လည်း မကောင်းသောရလဒ်ဟုကား မဆိုနိုင်ပေ။ သို့သော် အတိုးနှုန်းနိမ့်ပါးမှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်လေ့ မရှိပေ။ အတိုးနှုန်းမြင့်မားခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ပြီး နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးအတွက် ဝယ်လိုအား မြင့်တက်စေနိုင်ဖွယ်ရှိသည်။

နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးတန်ဖိုးနှင့် လဲလှယ်နှုန်းအား အခြေခံအားဖြင့် အဆုံးအဖြတ်ပေးခြင်းသည် ယင်းနိုင်ငံ၏ ငွေကြေးကို ကိုင်ထားရန် ဆန္ဒရှိခြင်းအား ကြိုတင်တွက်ဆမှု ဖြစ်သည်။ ယင်းတွက်ဆမှုအပေါ် နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့နှင့် စီးပွားရေး တည်ငြိမ်မှုကဲ့သို့သော စီးပွားရေးအကြောင်းခြင်းရာများစွာက သြဇာသက်ရောက်သည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့အတွက် ရရှိနိုင်မည့် အကျိုးအမြတ်များကို မတွက်ချက်မီ ပထမဆုံးအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးကို စဉ်းစားခြင်းက ငွေကြေးကို ကိုင်ထားခြင်းနှင့်ပတ်သက်၍ ဘေးကင်းလုံခြုံမှုကို ရှာဖွေခြင်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံကို နိုင်ငံရေးအရ သို့မဟုတ် စီးပွားရေးအရ တည်ငြိမ်မှုမရှိဟု တွက်ဆပါက သို့မဟုတ် သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးတန်ဖိုး ရုတ်တရက်ကျဆင်းမှုနှင့် အခြားပြောင်းလဲမှုများ ထင်ရှားသည့် ဖြစ်နိုင်ခြေရှိပါက ရင်းနှီးမြှုပ်နှံသူများသည် သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးကို ရှောင်ဖယ်ကြမည်ဖြစ်ပြီး အရေးပါသော အချိန်ကာလတစ်ရပ် သို့မဟုတ် ပမာဏများစွာအဖြစ် ကိုင်ထားရန် တုံ့ဆိုင်းတွေဝေနေမည်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်း အပြောင်းအလဲမြန်ဆန်ခြင်းကဲ့သို့သော ငွေကြေးမတည်ငြိမ်မှုများသည် နိုင်ငံ၏ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)